ကရင်နီပြည် (ကယား) ၌ စစ်တပ် စိုးမိုးနယ်မြေများ ကျယ်လာသည်နှင့်အမျှ အဆက်မပြတ်ထိုးစစ်များကြောင့် စစ်ရှောင် တို့ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုတို့အပြင် နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ နေရကြောင်း သိရသည်။
စစ်ရှောင်ဦးရေတိုးလာချိန် အလှူရှင် သိသိသာသာ လျော့နည်းသွားသလို ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံရ ခြင်းကြောင့် ကုန်ဈေးနှုန်းအဆမတန်မြင့်လာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းမရှိခြင်း အပြင် စပါးအပါအဝင် စိုက်ပျိုး သီးနှံများ ဧကသောင်းချီ ပျက်စီးဆုံးရှုံးခြင်းတို့က စစ်ရှောင်ကာလ ၄ နှစ်ကျော်အတွင်း ကရင်နီစစ် ရှောင်တို့ မကြုံဖူးသည့် ကျပ်တည်း အခက်အခဲဆုံးအခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း ဆိုကြသည်။
လွန်ခဲ့သည့် ၄ လကျော်မှစ၍ စစ်ရှောင်များ စားနပ်ရိက္ခာ ပို၍ခက်ခဲလာကာ လက်ရှိတွင် ဆန်ပြတ်လပ်မှုကြောင့် ဆန်ပြုတ် ပင် နပ်မှန်အောင် မသောက်နိုင်တော့ကြောင်း စစ်ရှောင် ကူညီပေးနေသူများထံက သိရသည်။
ကရင်နီ စစ်ရှောင်အရေး ကူညီပေးနေသော Jobs for Kayah အဖွဲ့ တာဝန်ခံ ကိုစိုင်းက “စစ်ရှောင်စခန်းတွေ ကျနော် ကွင်းဆင်းခဲ့တယ်။ ဆန်ပြုတ်တောင် သုံးနပ် မစားနိုင်ဘူး၊ နှစ်နပ်တောင် ခြွေတာစားနေရတဲ့ အခြေအနေ။ အခု ဇွန်လပိုင်း လောက်ကနေစပြီး စစ်ရှောင်တွေက ဟိုးအရင်နှစ်တွေထက် ဒုက္ခ တော်တော်ရောက်လာတာ။ အရင်တုန်းက Camp တခုမှာ ရိက္ခာပြတ်နေပြီး စားစရာမရှိတော့ဘူးဆိုတာနဲ့ အလှူရှင်တွေ၊ ကျနော်တို့လို ကူညီနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ တဖွဲ့ မဟုတ် နှစ်ဖွဲ့ သွားပြီး အရေးပေါ် ကူတာမျိုးရှိတယ်။ အခုအခြေအနေက အလှူရှင်တွေ နည်းပါးလာတော့ ကူညီနေတဲ့အဖွဲ့ တွေ သိပ်မရှိတော့ဘူး” ဟု ပြောသည်။
ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ရှောင်စခန်းများ ရိက္ခာပြတ်မှုကြုံနေကြရပြီး အရေးပေါ် ရိက္ခာ အကူအညီတောင်းခံ နေကြသော စခန်းများစွာ ရှိသော်လည်း စစ်ရှောင်ကူညီပေးနေသည့်အဖွဲ့များ နည်းပါးသွားကြောင်း၊ လက်ရှိ ကူညီပေးနေ သည့် Jobs for Kayah အဖွဲ့ပင်လျှင် ယခင် တလလျှင် စစ်ရှောင်စခန်း ၁၀ ခုခန့် ကူညီပေးရာမှ ယခု စခန်း ၂ ခု လောက် သာ ပုံမှန်ထောက်ပံ့နိုင်တော့ကြောင်း ဆိုသည်။
ကရင်နီနယ်၏ ကုန်ဈေးနှုန်းမှာလည်း စစ်တပ်၏ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုကြောင့် ၃ ဆ၊ ၄ ဆ ခန့်တက် လာကြောင်း သိရသည်။

အဓိကကုန်သွယ်ရေး လမ်းကြောင်း လွိုင်ကော်- ဆီဆိုင်လမ်း၊ လွိုင်ကော်- ဖယ်ခုံလမ်းတို့ကို စစ်တပ် ထိန်းချုပ်ထားသလို ၎င်းတို့စိုးမိုးထားသည့် မြို့များမှ ကုန်စည်များကိုလည်း တော်လှန်ရေးတပ်ဖွဲ့ နယ်မြေများသို့ မရောက်ရှိစေရန်နှင့် ထိုင်းနယ်စပ်ဘက်မှ ကုန်စည် အစရှိသည်တို့ မဝင်ရောက်စေရန် ကန့်သတ် ပိတ်ဆို့ထားသည်။
ထို့ကြောင့် စစ်ရှောင်များ တခုတည်းသော ကရင်နီ- တောင်ငူ လမ်းကြောင်းကို အားကိုးနေရသော်လည်း ထိုလမ်းမှာ မကြာခဏ ပိတ်ထားခြင်း၊ လမ်းဖွင့်ချိန် စစ်တပ်ဂိတ်၊ တိုင်းရင်းသားလက်နက်ကိုင်ဂိတ်များ၊ တော်လှန်ရေးအင်အားစု များ၏ဂိတ် စသဖြင့် ဂိတ်ပေါင်းများစွာရှိပြီး ကုန်သည်များက ဂိတ်ကြေးများစွာ ပေးဆောင်ရသည့်အတွက် စစ်ရှောင်တို့ကို ပေးဝေရန် ဝယ်ယူရသည့် ရိက္ခာပစ္စည်းဈေးနှုန်းမှာ အဆမတန် ဈေးတက်လာကြောင်း သိရသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ “ကရင်နီစစ်ရှောင်တို့ ပိုမိုကြုံတွေ့လာနေရသည့် အခက်အခဲ စိန်ခေါ်မှု များ” အစီရင်ခံ၌ စစ်တပ်က စားနပ်ရိက္ခာနှင့် ဝင်ငွေရလမ်းကြောင်းများကို ပစ်မှတ်ထားတိုက်ခိုက်လာသည့်အတွက် ကရင်နီလူထုနှင့် စစ်ရှောင်များ ဝင်ငွေရပ်တန့်ပြီး စားဝတ်နေရေး စိန်ခေါ်ချက် များလာသောကြောင့် ရှေ့ဆက် အငတ်ဘေးကြုံလာနိုင် ကြောင်း ဖော်ပြထားသည်။
ရှားတောမြို့နယ် စစ်ရှောင်အမျိုးသမီးတဦးက “ကျမတို့က စစ်ရှောင်ဆိုတော့ နေစရာအိမ်မရှိ၊ အမိုးအကာမရှိနဲ့ ခက်ခဲ ကာလမှာ စားဖို့တောင် အနိုင်နိုင်ရုန်းကန်နေရတယ်။ ပိုက်ဆံလည်းမရှိ သားသမီး နေမကောင်းရင် ပိန္နဲစေ့ပဲ ချက်ကျွေး နိုင်တယ်” ဟု ပြောကြောင်း KnHRG အစီရင်ခံစာ၌ ဖော်ပြထားသည်။
ယင်းပြင် စစ်ရှောင်ရသည်မှာ ၄ နှစ်ကျော်ရှိပြီး အလုပ်အကိုင်မရှိခြင်းနှင့် စားနပ်ရိက္ခာအခက်အခဲတို့ကြောင့် တောထဲတွင် အသီး အရွက်များခူးပြီး ရောင်းချနေရသည့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကလေး ၄ ယောက် မိခင်တဦး၏ အခက်အခဲကို PDF တပ်ဖွဲ့ဝင် အမျိုးသမီးတဦးက ပြန်လည် ပြောပြသည်။
၎င်းက “တရက်က ထမင်းဆိုင် တဆိုင်က ကြက်ရိုးတွေကို ခွေးကျွေးဖို့ လုပ်နေတာကို စစ်ရှောင်အမျိုးသမီးတယောက်က ကျမကို ပေးပါလားတဲ့၊ အိမ်က ကလေးတွေကို အားရှိအောင် ကြက်ရိုးလေးပြုတ်ပြီး ဟင်းရည်လေးချက်ကျွေးချင်လို့ပါတဲ့၊ အလုပ်အကိုင်မရှိတော့ အသား ငါး မကျွေးရတာ ကြာနေပြီတဲ့ဆိုပြီး တောင်းသွားတယ်” ဟု ပြောသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် နိုင်ငံအနှံ့ရှိ ဆုံးရှုံးနယ်မြေများကို ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းက ထိုးစစ် ဆင်လျက်ရှိရာ ကရင်နီပြည်ကိုလည်း ပြီးခဲ့သည့် ဇွန်လကတည်းက မြေပြင်၊ ဝေဟင် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
ကရင်နီပြည်၏ တံခါးပေါက် မိုးဗြဲ၊ ဒီးမော့ဆို၊ နန်းမယ်ခုံမြို့တို့ကို တော်လှန်ရေးအင်အားစုများ လက်လွှတ်ခဲ့ရသလို လွိုင်ကော်- မိုးဗြဲ- ဖယ်ခုံ-ပင်လောင်းလမ်းမကြီး၊ လွိုင်ကော်- ဒီးမော့ဆို- ဖရူဆို- ဘောလခဲ ပြည်ထောင်စုလမ်းမကြီး စိုးမိုးထိန်းချုပ်နိုင်ရေးတို့အတွက် စစ်ကြောင်းထိုးခြင်းများနှင့် လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ် စသည့် စစ်ရေးလှုပ်ရှားမှုတို့ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

ထို့ကြောင့် ဖယ်ခုံမြို့ အရှေ့ခြမ်း၊ လွိုင်ကော်မြို့အနောက်ခြမ်းနေရာတချို့၊ မိုးဗြဲနှင့် နန်းမယ်ခုံတကြော၊ ထိုမြို့များနှင့် ဆက်စပ် နေသော ဒီးမော့ဆို အနောက်ခြမ်းနေရာတချို့အတွင်း ခိုလှုံနေကြသည့် စစ်ရှောင်များနှင့် ဒေသခံဦးရေစုစုပေါင်း လေးသောင်းခွဲဝန်းကျင် ဘေးလွတ်ရာ အရေးပေါ် တိမ်းရှောင်ခဲ့ရသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောသည်။
၎င်းက “လက်ရှိ ဒီတလနှစ်လအတွင်းမှာ စစ်တပ်ရဲ့ထိုးစစ်ကြောင့် နယ်မြေတွေ ပြန်လည် လက်လွှတ်လိုက်ရတာတွေ ရှိတယ်။ စစ်ရှောင်စခန်းပေါင်း ၄၇၀ ကျော် သွားတာပေါ့နော်။ စခန်းတွေမှာနေတဲ့ လူဦးရေက တသောင်းခွဲ ဝန်းကျင်ရှိ တယ်။ နောက်ပြီးတော့ ရွာတွေမှာ မဟုတ်လည်း ကိုယ့်ဘာကိုယ် လုပ်ကိုင်စားသောက်နေကြတဲ့သူတွေ အဲဒါတွေပါ ပေါင်း ရင် ကျနော်တို့ပြည်နယ်မှာ စစ်ရှောင်က အနည်းဆုံး နှစ်သိန်းခွဲလောက်ရှိတယ်ဆိုတာ ပြောလို့ရပါတယ်” ဟု ပြောသည်။
လက်ရှိ စစ်တပ် ထိန်းချုပ်သွားသည့်နယ်မြေများနှင့် စစ်ကြောင်းထိုးနယ်မြေများသည် ကရင်နီပြည်၏ လယ်ယာအများဆုံး စိုက်ပျိုးသည့်နေရာများပါဝင်ပြီး တိုက်ပွဲများ၊ စစ်ကြောင်းထိုးမှုများကြောင့် စပါး၊ ပြောင်း၊ မြေပဲကဲ့သို့ သီးနှံဧကပေါင်း များစွာ မရိတ်သိမ်းနိုင်ဘဲ ဧကသောင်းချီ ဆုံးရှုံးရသလို ရာသီဥတုနှင့် စစ်တပ်ထိုးစစ်တို့ကြောင့် နွေစပါး၊ မိုးစပါး မစိုက်ပျိုး နိုင်သော လယ်ဧက ၅ သောင်း၊ ၆ သောင်းခန့်ရှိသည်ဟု ဦးဗညားက ဆိုသည်။
၎င်းက “သေချာတာကတော့ ဒီစိုက်ပျိုးရာသီမှာ နွေစပါးကလည်း အားလုံး မရိတ်သိမ်းနိုင်ဘူး၊ မိုးစပါးကလည်း နေရာ တော်တော်များများမှာ စိုက်လို့မရတဲ့ပုံစံ ဖြစ်တော့ အထူးသဖြင့် ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ် နွေရာသီကာလထိပေါ့နော် ကျနော်တို့ စားနပ်ရိက္ခာပြတ်တောက်မှုကို ပိုပြီးတော့ ခံစားနိုင်ခြေရှိတယ်” ဟု ပြောသည်။

ကရင်နီပြည်ရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့တွင် အသုံးပြုရန် နှစ်စဉ် လျာထား ဘတ်ဂျက်မှာ အမေရိကန် ဒေါ်လာ ၁၂ သန်းမှ ၁၅ သန်းဝန်းကျင်အထိ ကုန်ကျနိုင်သော်လည်း IEC ၏ လူသားချင်း စာနာထောက်ထားရေးဌာနနှင့် ပရဟိတအသင်းများ၊ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့၊ INGO များ၊ ပြည်ပရောက် မြန်မာ နိုင်ငံသားတို့မှ ကူညီထောက်ပံ့မှုများသည် ဒေါ်လာ ၆ သန်းဝန်းကျင်ခန့်သာ ရှိကြောင်း သိရသည်။
လက်ရှိ ကရင်နီစစ်ရှောင်များ ကြုံနေရသည့် အရေးပေါ် စားနပ်ရိက္ခာလိုအပ်မှု၊ အငတ်ဘေးနှင့် နောက်ဆက်တွဲ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့် အခက်အခဲများစွာအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ အလှူရှင်များ ဝိုင်းဝန်းကူညီကြ ရန် ICE၊ KnHRG နှင့် စစ်ရှောင်အရေး ကူညီပေးနေသောအဖွဲ့များက အထူးတောင်းဆိုထားကြသည်။
You may also like these stories:
ရွေးကောက်ပွဲ မတိုင်မီ အရပ်သားများကို ပစ်မှတ်ထား ထိုးစစ်ဆင် တိုက်ခိုက်နေ
ဒီးမော့ဆို ထိန်းချုပ်ပြီးနောက် နန်းမယ်ခုံနှင့်ဖရူဆိုဘက် စစ်တပ် ထိုးစစ်ဆင်
မိုးဗြဲ၊ နောင်ချိုမှ ပေးသော သင်ခန်းစာ














