ထိုင်း- မြန်မာနယ်စပ်၌ တိုက်ပွဲများ ငြိမ်သက်နေရာ သြဂုတ် နောက်ဆုံးပတ်က မြဝတီမြို့ လေးကေ့ကော်ရှိ စွယ်တော် စစ်တပ်ဗျူဟာကုန်းကို ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်(PDF) တကျော့ ပြန် တိုက်ခိုက်မှု လုပ်လာပြီးနောက် ယမန်နေ့ကမူ တိုက်ပွဲပြင်းထန်လာကြောင်း သိရသည်။
အဆိုပါ လေးကေကော် ဗျူဟာကုန်းမှာ ခလရ ၂၇၅ ပြီးလျှင် မြဝတီမြို့နှင့် နီးပြီး ကာကွယ်ရေးတပ်များက ရိက္ခာ လမ်း ကြောင်း ဖြတ်တောက်ထားသော်လည်း အချိန် ၆ လနီးပါးကြာ တောင့်ခံနေခြင်းကြောင့် ကာကွယ်ရေးတပ်များက လေကြောင်းမှ ဒရုန်းဖြင့် တိုက်ခိုက်မှုတချို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဖလူးကြီးဒေသခံတဦးက “မနေ့က ညနေပိုင်းရော ညပိုင်းရော တိုက်ပွဲ ဖြစ်ကြတယ်။ သူပစ်ကိုယ်ပစ်ပေါ့။ လက်နက်ကြီး ပစ်တာလည်း များတယ် ။ ကျနော်တို့ဆိုင်အနောက်ဘက်မှာလည်း တလုံးပေါက်သေးတယ်။ နှစ်ဖက်ပစ်ခတ်မှုတွေက ပြီးခဲ့တဲ့ လကုန်ပိုင်းကနေ ဆက်တိုက်ပြန်ဖြစ်နေတာပေါ့” ဟုပြောသည်။
လေးကေ့ကော်မြို့သစ် View Point အထက်နား တောင်ကုန်းပေါ်၌ စစ်တပ် အခိုင်အမာတပ်စွဲထားသည့် စွယ်တော်ကုန်း သည် လေးကေ့ကော်မြို့သစ်အနီးတဝိုက်နှင့် ထီးမယ်ဝါးခွီး၊ မယ်ထော်သလေး၊ ဖလူး၊မင်းလက်ပံ နယ်မြေစစ်ဆင်ရေးကို တာဝန်ယူရသည့် ဗျူဟာကုန်းတခုဖြစ်ပြီး စစ်ကောင်စီ၏ မွန်ပြည်နယ်ကျိုက်ထိုမြို့အခြေစိုက် အမှတ် ၄၄ ခြေမြန်တပ်မ ဌာနချုပ် (တမခ ၄၄) ဗျူဟာစခန်းကုန်းတခုဖြစ်သည်ဟု CDM ဗိုလ်မှူးတင်လင်းအောင်ကပြောသည်။
မြဝတီမြို့နယ်နှင့်မြို့နယ်ခွဲများဖြစ်သော ဝေါလေမြိုင်၊ စုကလိမြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် လေးကေ့ကော်ဗျူဟာနှင့် ဝေါလေဗျူဟာတို့ကဲ့သို့ စစ်ကောင်စီ၏ အခိုင်အမာစခန်းကုန်းများအပြင် ဥကရစ်ထ၊ သေ့ဘောဘိုး၊ ဘလက်တို၊ မော်ခီး၊ ကနဲလေး၊ ထီးကယ်ပလယ်စသည့်နေရာများအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ နေရာခန့် ကျန်ရှိနေသေးသည်ဟု ဗိုလ်မှူးတင်လင်းအောင်က ပြောသည်။
၎င်းက “ဝေါလေဘက်ကတပ်တွေက ဒီဘက်လေးကေ့ကော်ဘက်ကို စစ်ကူလာလို့ မရဘူး။ လမ်းမှာက ဒီဘက်အဖွဲ့တွေက တောက်လျှောက်ပိတ်ထားတာဆိုတော့လေ။ စွယ်တော်ကုန်းကျမသွားရေး စုပြီးခံစစ်ပြင်ထားတဲ့သဘောရှိတာပေါ့။ ရိက္ခာ ကအစ လေယာဉ်နဲ့ပို့ပေးနေရတဲ့အနေအထားမှာ ပစ်ကူပေးရင်လည်း လေကြောင်းတခုပဲရှိတော့တယ်” ဟုပြောသည်။
လေးကေ့ကော် စွယ်တော်ကုန်း စစ်ဆင်ရေးကို တောင်ပိုင်း အမှတ် ၃၂ ဗျူဟာ စစ်ကြောင်းများဖြစ်သည့် ကော်ဘရာ၊ ကျားသစ်နက်၊ ဗီနွန် တို့မှ KNLA နှင့် PDF ပူးပေါင်းတပ်များက အဓိကဖော်ဆောင်နေခြင်းဖြစ်သည်။
ယခုအခါ အပြီးသတ်ထိုးစစ်ဆင်ရန် တိုက်ခိုက်မှုတချို့ ပြန်လည် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကော်ဘရာစစ်ကြောင်းမှ ရဲဘော်တဦးက ပြောသည်။
၎င်းက “သူတို့ကို(စွယ်တော်ကုန်း) ပိတ်ဆို့ထားပြီး ပြီးခဲ့တဲ့နောက်ဆုံးပတ်ထဲမှာ ဒရုန်းနဲ့ကြဲတာမျိုး ထပ်လုပ်တယ်။ မနေ့ကတော့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာပေါ့နော်။ အပေါ်ထိတော့ ဝင်လုံးလို့ မလွယ်သေးဘူး” ဟုပြောသည်။
ယင်းသို့ တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်မှုများ တောက်လျောက်ရှိခဲ့ သည်ဟု ဒေသခံများက ပြောသည်။
လေးကေ့ကော်ဒေသ၌ တခုတည်းကျန်သည့် စွယ်တော်ကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် PDF ပူးပေါင်းစစ်ကြောင်းများက ပြီးခဲ့သော မတ်လနှင့် ဧပြီလအတွင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စွယ်တော်ကုန်း ကာကင်းစခန်းဖြစ်သည့် ရေကန်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စွယ်တော်ကုန်းမှာ ယခုတိုင် ကျန်ရှိနေ ဆဲဖြစ်သည်။
စွယ်တော်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်မျာကို ပူးပေါင်းတပ်များက ပြီးခဲ့သည့် မတ်လ ဒုတိယအပတ်အတွင်းကတည်းက ဝန်းရံပိတ်ဆို့၍ ရိက္ခာဖြတ်တောက်ထားသော်လည်းစစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် ရိက္ခာချပေးမှုများအပါအဝင် ကရင်နယ်ခြားစောင့်တပ် (BGF)က ရိက္ခာပို့ပေးနေမှုများကြောင့် တောင့်ခံနေနိုင်ခြင်းဖြစ်သည်ဟု လေးကေ့ကော်ဒေသခံ တဦးက ပြောသည်။
၎င်းက “အင်အားက ကျနော်တို့သိရသလောက် ၈၀ ကျော်လောက်ပဲရှိတယ်။ ဒါပေမယ့် လေးကေ့ကော်မြို့ထဲက ရှိသမျှ အုတ်ပုံတွေ အကုန်သယ်ထားပြီး ကတုတ်ကျင်းတွေကို ဒရုန်းဒဏ်၊ လက်နက်ကြီးဒဏ်ခံနိုင်အောင်ပြင်ထားတာ။ ရိက္ခာ ကလည်း အရင်က ရဟတ်ယာဉ်နဲ့တောက်လျောက် လာချပေးတာရော ဟိုတလောက BGF က ကား၁၁ စီးနဲ့ ပို့ထားတာ လည်းရှိနေတယ်” ဟု ပြောသည်။
မြဝတီမြို့နယ်အတွင်းရှိ ကျန်ရှိနေသော စစ်တပ်ဗျူဟာများနှင့်တပ်စခန်းများကို အချိန်လနှင့်ချီ၍ လမ်းကြောင်းများ ဖြတ်တောက်ထားနိုင်သော်လည်းအပြီးသတ်ရှင်းလင်းနိုင်ရန် ပူးပေါင်းတပ်များအနေဖြင့် အခက်အခဲ စိန်ခေါ်မှုအမျိုးမျိုး ရှိနေသည်ဟု ကရင့်အရေးတက်ကြွလှုပ်ရှားသူ ကိုစောအဲလ်ဘတ်ချိုကပြောသည်။
၎င်းက ” ဒီဘက်က နားထားတာကြာပြီဆိုတော့ စစ်ရေးအရှိန်ပြန်မြင့်မယ့်အချိန်တော့ ပြန်ရောက်လာပြီပေါ့နော်။ ဒါပေမယ့် ကျပ်ကျပ်တည်းတည်းနဲ့ လုပ်နေရတာပေါ့နော်။ အကုန်လုံးက ကိုယ့်ကို Block (ပိတ်ဆို့)နေတာဆိုတော့လေ။ ထိုင်းဘက် ကလည်း လက်နက်၊ခဲယမ်း၊မီးခြောက်တွေ ဘာမှဝယ်လိုမရဘူး အခုဆိုရင်။ ကိုယ့်မှာရှိတဲ့ဟာနဲ့ ဗျူဟာဆွဲ လုပ်နေရတာပေါ့နော် “ဟုပြောသည်။
ထိုပြင်စစ်ကောင်စီတပ်ဘက်များကလည်း တော်လှန်ရေးပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုများကို အကြိမ်ကြိမ် ကြုံခဲ့ဖူး သည့်အတွက် တော်လှန်ရေးတပ်များ လာရာလမ်းကြောင်းများ၌ မိုင်းကွင်း၊ သတ်ကွင်း နေရာများနှင့် ခံစစ်စည်းများကို သေချာပြင်ထားနိုင်သည့်အခြေအနေများရှိနေသည်ဟု ၎င်းကပြောသည်။
လက်ရှိ ကရင်ပြည်နယ်တွင် KNLA မဟာမိတ်ပူးပေါင်းတပ်များက ကော့ကရိတ်၊ ကျုံဒိုးအပါအဝင် သံဖြူဇရပ်လမ်းပိုင်းများ တွင် စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေပြီး စစ်ကောင်စီဘက်မှလည်း BGF အချို့နှင့်ပူးပေါင်း၍ ခုခံတိုက်ခိုက်နေကြောင်း သိရသည်။
You may also like these stories:
အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ
အောင်ဇေယျစစ်ကြောင်း ဒေါနတောင်ပေါ် တက်လာသော်လည်း ဟန့်တားနိုင်ဆဲ ဟုဆို
မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း