အမ်း – ပဒါန်းလမ်းပေါ် ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းအတွက် အဓိကကင်းစခန်းကြီးဖြစ်သည့် ပဇီကျေးရွာအနီး ဖိုက်တာကုန်းစခန်းကို အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး လက်နက်အမြောက်အမြား သိမ်းဆည်းရမိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဧရာ၀တီသို့ ပြောသည်။
အင်အားတရာကျော်နှင့် လက်နက်ကြီးအထိုင်ချထားသည့် ထိုစခန်းကုန်းသည် နတ်ရေကန်စခန်းနှင့် သုံးမိုင်နီးပါး အကွာ ပဒါန်း-နတ်ရေကန် လမ်းဟောင်းပေါ်တွင် တည်ရှိကာ အောက်တိုဘာလ ၁၀ ရက်က အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တဦးက “မနေ့က အကုန်သိမ်းလိုက်တယ်၊ လက်နက်ကြီးရော သေနတ်တွေရော အများကြီးကျန်ခဲ့တာ၊ အဲဒါတွေကို အကုန် သိမ်းဆည်း၊ ရှင်းလင်းရေးလုပ်ပြီးသွားပါပြီအခု၊ အဲဒီကကောင်တွေ အကုန်အစုလိုက်ကြီး ထွက်ပြေးကြတာပါ၊ ၉ ရက်နေ့ကတည်းက ပြေးနေတာ၊ မနေ့က အပြီးသတ် ရလိုက်တာပေ့ါ” ဟု ဧရာ၀တီသို့ ပြောသည်။
လက်ရှိ စစ်ကော်မရှင်တပ်သည် လက်လွှတ်လိုက်ရသည့် ပဇီ ကျေးရွာဘက်သို့ ပဒါန်းမြို့ဘက်မှ စစ်ကားသုံးစီးထက်မနည်း တက်လာကာ စစ်ကြောင်းပြန်ထိုးနေပြီး နတ်ရေကန်စခန်းအနီးဝန်းကျင်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း မြေပြင်တွင် ရှိနေသည့် သတင်းရင်းမြစ်များက ပြောသည်။
“ပဒါန်းတပ်နယ်က လက်နက်ကြီးတွေတော့ တောက်လျောက်ပစ်နေတယ်၊ နတ်ရေကန်နားမှာလည်း နေ့တိုင်းလို တိုက်ပွဲဖြစ်နေတာပဲ၊ နတ်ရေကန်က ကောင်တွေလည်း ထွက်ပြေးကြတာ ပိုများလာတယ်” ဟု နောက်ထပ် ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
AA ပူးပေါင်းတပ်ဖွဲ့သည် စက်တင်ဘာလ ၂၈ ရက်ကလည်းက နတ်ရေကန်စခန်းနှင့် နှစ်မိုင်ဝန်းကျင်သာ ကွာဝေးသည့် နတ်ရေကန် – ပဒါန်းလမ်းသစ် ကားလမ်းမပေါ်ရှိ စစ်ကော်မရှင်၏ ထောက်ပို့စခန်းကြီးဖြစ်သော ဂုတ်ကြီး စခန်းကို သိမ်းပိုက်ရရှိခဲ့သည်။
ယခုအခါ ပဇီစခန်းကိုပါ ထပ်မံသိမ်းပိုက်လိုက်နိုင်သည့်အတွက် AA သည် ပဒါန်းနှင့် နတ်ရေကန်စခန်းကြား လမ်းပိုင်းနှစ်ခုလုံးကို ဖြတ်တောက်ထားနိုင်သည့်အခြေအနေဖြစ်သွားပြီး စစ်တပ်သည် နတ်ရေကန်စခန်းသို့ ကုန်းလမ်းမှ ထောက်ပို့ပေးရန် ခက်ခဲသွားပြီဖြစ်သည်။
“စစ်ကူလာရင်လည်း အရင်ကတည်းက ဖြတ်တိုက်ခံရတာပဲ၊ အခုကျတော့ လမ်းဟောင်းရော၊ လမ်းသစ်ဘက်ရော လမ်းနှစ်ခုလုံး ပိတ်သွားပြီ” ဟု AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

AA သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းကို အလုံးစုံသိမ်းပိုက်ပြီးနောက် အမ်း -ပဒါန်း လမ်းတလျောက်ရှိ စစ်တပ်စခန်းများကို ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်နေခဲ့ပြီး ပဒါန်းမြို့အနီး နတ်ရေကန်စခန်းကို ဝိုင်းဝန်းပိတ်ဆို့ ထိုးစစ်ဆင်နေကာ ပဒါန်းမြို့အနီးရှိ ကပစ ၁၄ နှင့် အခြေစိုက်တပ်ရင်း၊ တပ်စခန်းများဆီ ဦးတည်လာနေသည်။
နတ်ရေကန်စခန်းနှင့် တမိုင်ကျော်သာကွာဝေးသည့် MPT တာဝါစခန်းကုန်းကိုလည်း သိမ်းပိုက်ရရှိထားသဖြင့် နတ်ရေကန်စခန်းပတ်လည်မှ ဂုတ်ကြီး၊ စွန်တက်၊ လိုင်၊ ပဇီကျေးရွာအနီးရှိ စစ်တပ်၏စခန်းငယ်များအားလုံးနီးပါးကို AAနှင့် ပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်ထားပြီးဖြစ်သည်။
စစ်ကော်မရှင်တပ်သည် ရိုးမပေါ် အခိုင်အမာချထားသည့် နတ်ရေကန်တပ်စခန်း မကျစေရေးအတွက် ပဒါန်းမြို့မှ စစ်ကူများစွာ မကြာခဏ ဖြည့်တင်းနေသော်လည်း ပဒါန်းနှင့် နတ်ရေကန်သို့သွားရာ လမ်းကြောင်းတလျောက် AA ပူးပေါင်းတပ်ဖွဲ့များ ရှိနေပြီး ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကူအားလုံး နတ်ရေကန်ဆီ မရောက်ဘဲ အကျအဆုံးများ ရှိနေကြောင်း ဆိုကြသည်။
စစ်ကော်မရှင်တပ်သည် ရခိုင်အပါအဝင် ရှေ့တန်းစစ်မျက်နှာများတွင် စစ်မှုထမ်းဥပဒေနှင့် အတင်းအကျပ်စစ်မှု ထမ်းစေခိုင်းထားသည့် ပြည်သူ့စစ်များကို ပိုမိုသုံးစွဲလာရပြီး ထိုစစ်မှုထမ်းသစ်များမှာလည်း ရှေ့တန်းစစ်မျက်နှာမှ ထွက်ပြေးကြသည့်ဖြစ်စဉ်များစွာ ရှိနေသည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားပြီးသော AA သည် ရိုးမရှေ့ဘက်ခြမ်းရှိ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်းကာ အမ်း – ပဒါန်းလမ်းတလျောက် ဦးတည်ထိုးစစ်ဆင်နေသလို တောင်ကုတ် – ပန်း တောင်းနှင့် ဂွ – ငသိုင်းချောင်းလမ်းတလျောက်ရှိ စစ်ကော်မရှင်တပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်နေခဲ့ပြီး ယခုအခါ စစ်လက်နက်ထုတ်စက်ရုံများရှိသည့် မကွေးတိုင်း ပဒါန်းမြို့နယ်၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်နှင့် ဧရာ၀တီတိုင်း ငသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသည်။
You may also like these stories:
နတ်ရေကန်တောင် ဗျူဟာကုန်းနားအထိ AA ရောက်လာ
အမ်း- ပဒါန်းလမ်းပေါ်မှ ဂုတ်ကြီးစခန်း AA သိမ်း
ရခိုင်မှာ စကမစစ်တပ် လုံးဝ အသံမထွက်နိုင်














