သြဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ အံ့သြစရာ သတင်းတစ်ခုကြားကြရပါတယ်။ အဲဒါကတော့ ဒေါ်လာ ၁၅ ဘီလျံလောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းကြီးတခု လျှို့လျှို့ဝှက်ဝှက်နဲ့ စီစဉ်ပြီးပြီ ဆိုတဲ့ သတင်းစကားပါ။ အဲဒီ စီမံကိန်းနဲ့ ပါတ်သက်တဲ့ သဝဏ်လွှာတစောင်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိုယ်စား မြို့တော်ဝန်ဦးလှမြင့်က လွှတ်တော်တွင်း ဖတ်ပြ တင်သွင်းခဲ့ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ အဲဒီ ရန်ကုန်မြို့သစ် စီမံကိန်း ဆိုတာ ဘာလဲ၊ ဘယ်လို လုပ်ကိုင်ဆောင်ရွက်မှာပါတဲ့လဲ၊ ဒီလို လုပ်ကိုင်ဆောင်ရွက်ပုံဟာ သမ္မတ ဦးသိန်းစိန် သွားနေတဲ့ ပေါ်လစီနဲ့ရော ကိုက်ညီရဲ့လား၊ ဘယ်လို လိုအပ်ချက်တွေ ရှိနေသလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
လွှတ်တော်ထဲမှာ မြို့တော်ဝန် ဦးလှမြင့် တင်ပြခဲ့တာကို အကျဉ်းချုံး ပြန်ပြောရရင် စီမံကိန်း တည်နေရာဟာ ရန်ကုန်မြို့ရဲ့ အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေးကားလမ်းကြားက မြေဧက ၃ သောင်းဝန်းကျင်ပေါ်မှာ လျာထားတယ်လို့ ဆိုပါတယ်။ အဲဒီ စီမံကိန်းကို မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီက တာဝန်ယူ အကောင်အထည် ဖော်မယ်၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ဘီလျံ ၇၀၀၀ နဲ့ အမေရိကန် ဒေါ်လာ ၈ ဘီလျံရှိမယ်၊ စီမံကိန်းထဲမှာ မြို့ပြ အခြေခံ အဆောက်အဦတွေ အပါအဝင် ၆ လမ်းသွား မြစ်ကူးတံတား ၅ စင်းပါမယ် လို့ ဆိုထားပါတယ်။
မြို့တော်ဝန်ဦးလှမြင့်က ဒီ ကိစ္စ အသေးစိတ် ပြောမသွားပေမယ့် ဒီ စီမံကိန်းရဲ့ စီးပွားရေး ပုံသဏ္ဍာန်ဟာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီက မြို့ပြအင်္ဂါရပ်နဲ့ ညီတဲ့ Infrastructure အခြေခံ အဆောက်အဦတွေဖြစ်တဲ့ လမ်း၊ တံတား၊ လျှပ်စစ်၊ ရေ၊ ပန်းခြံ၊ ကစားကွင်း အစရှိတာတွေ လုပ်မယ်။ ဒါ့အပြင် အဆိုပြုထားတဲ့ အခြား မိဘမဲ့ ကလေး စာသင်ကျောင်းတစ်ခု၊ ဘိုးဘွားရိပ်သာ တခု စတာတွေ အကောင်အထည် ဖော်မယ်လို့ ဆိုထားပါတယ်။ ဒါက ကုမ္ပဏီဘက်က ရင်းနှီးမြှုပ်နှံ စိုက်ထုတ်ရမယ့် အပိုင်းပါ။ ပြီးရင်တော့ ကျန်တဲ့ မြေကွက်တွေမှာ အကောင်အထည် ဖော်မှာတွေကို စီမံကိန်းထဲပါတဲ့ အပိုင်းလိုက် ပြန်ပြီး လက်ခွဲရောင်းစား ငွေပြန်ရှာ အမြတ်ပြန်ရအောင် လုပ်မယ့် စီမံကိန်းမျိုး ဖြစ်ပါတယ်။ ဟော်တယ်တွေ၊ စတိုးဆိုင် ကုန်စုံဆိုင်ကြီးတွေ၊ ကားဂိတ်တွေ၊ လူနေ တိုက်ခန်းတွေ၊ တန်ဘိုးနည်း အိမ်ယာတွေ၊ ရုံးခန်းတွေ၊ ဆိပ်ကမ်းတွေ အစရှိသဖြင့် ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် မြေကွက်ဖော် မြေရောင်းစား ဆိုတဲ့ စီမံကိန်းမျိုးပါ။
ဒီကိစ္စ အရင်ဦးဆုံး ဆွေးနွေးဖို့လိုတာကတော့ ရန်ကုန်မြို့သစ် စီမံကိန်း လိုအပ် မလိုအပ်ပါ။ လက်ရှိ ရန်ကုန်မြို့ အနေအထားအရ လူနေထူထပ် များပြားလာတာ၊ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်း ပမာဏ ကြီးမားလာတာ၊ မြေနေရာရှားလို့ မြေဈေးတွေ ခေါင်ခိုက်လာတာ စတဲ့ အချက်တွေနဲ့ကြည့်ရင် ရန်ကုန်မြို့သစ် စီမံကိန်း တကယ်ပဲ လိုအပ်ပါတယ်။ လိုအပ်ကြောင်း အားလုံး အသိအမှတ်ပြုကြပါတယ်။ နိုင်ငံတကာ စီးပွားရေး ကျွမ်းကျင်သူတွေကလည်း ရန်ကုန်မှာ မြေရှားပါးပြီး မြေဈေးတွေ ခေါင်ခိုက်၊ ရင်းနှီးမြှုပ်နှံမယ့် သူတွေကို အခက်အခဲ ဖြစ်လာစေတာကြောင့် မြေဈေးတွေ ကျလာအောင် အဲလို မြို့ပြ စီမံကိန်းမျိုး ဖော်ဆောင်သင့်တယ် ဆိုပြီး အကြံပေးထားတာလည်း ကြာခဲ့ပါပြီ။ နိုင်ငံခြား အင်အားကြီး ကုမ္ပဏီ တခုခုကို ကိုယ်လိုချင်တဲ့ Infrastructure တည်ဆောက်ခိုင်း၊ အဲဒီ အတွက် ငွေပေးစရာမလို၊ ထွက်လာတဲ့ ပြန်ရောင်းချလို့ရတဲ့ မြေထဲက သူတို့ကို တစ်ချို့ ခွဲပေး၊ ကိုယ်က မြေကွက်အများကြီး ရယူပြီး ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ပြန်ရောင်းချပေး ဆိုတဲ့ ပုံစံမျိုးနဲ့ အလွန်ကြီးမားတဲ့ စီမံကိန်းကြီး တစ်ခု အကောင်အထည် ဖော်နိုင်ကြောင်း အသေးစိတ် အကြံပေးခဲ့ကြဖူးပါတယ်။ နိုင်ငံတကာမှာ အဲလို စီမံကိန်းကြီးမျိုး အကောင်အထည် ဖော်တဲ့ ကုမ္ပဏီကြီးတွေ အများကြီး ရှိပါတယ်။ တင်ဒါ စနစ်နဲ့ စိတ်ကြိုက် ရွေးချယ် အကောင်အထည် ဖော်ခိုင်းလို့ ရပါတယ်။ ဒါပေမယ့် ရန်ကုန်တိုင်း အစိုးရ အဲလို မလုပ်ခဲ့ပါဘူး။
နောက်တစ်ခု မြို့သစ်စီမံကိန်းကို ဘယ်နေရာမှာ အကောင်အထည် ဖော်မလဲ ဆိုတဲ့ ကိစ္စပါ။ ဒါကတော့ မြို့ပြဆိုင်ရာ ကျွမ်းကျင်သူတွေ ပညာရှင်တွေနဲ့ ဘယ်နေရာက မြေကို အသုံးချရင် ဖြစ်နိုင်ခြေ အရှိဆုံး ဆိုတာ သိတဲ့ အာဏာပိုင်တွေ ပူးပေါင်း ဆွေးနွေးဆုံးဖြတ်ရမှာပါ။ ဒါကြောင့် လက်ရှိ မြေနေရာ ရွေးချယ်ပုံကိုတော့ မဝေဖန်လိုပါဘူး။
ဒီစီမံကိန်းနဲ့ ပါတ်သက်ပြီး ဝေဖန်ဖို့ ရှိလာတဲ့ ပြဿနာက ရန်ကုန်တိုင်း အစိုးရက လျှို့လျှို့ဝှက်ဝှက် အကောင်အထည် ဖော်ရတယ် ဆိုတဲ့ ကိစ္စပါ။ လက်ရှိ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက မြေနေရာ အသစ်တွေကို အသုံးချမယ့် ခုလို အစီအစဉ် ရှိတယ်ဆိုတဲ့ သတင်းထွက်လာတယ် ဆိုရင်ပဲ ဟိုက သတင်းထွက်လာရင် ဟိုမှာ မြေဈေးတက်၊ မြေဈေးကစားသူတွေ ရောက်လာ၊ ဒီမှာ သတင်းထွက်လာရင် ဒီမှာ မြေဈေးတက် ဒီကို ရောက်လာ စသဖြင့် ဖြစ်တတ်လို့ စီမံကိန်း ကိစ္စ မပြောရဲတော့ဘူးလို့ ဆိုထားကြပါတယ်။ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲ မြို့တော်ဝန် ဦးလှမြင့် ပြောဆိုတဲ့အထဲမှာ “ ရန်ကုန်မြို့သစ် စီမံကိန်း လျာထားမြေနေရာအား မြို့မြေအဖြစ် သတ်မှတ်ပြီးပါက မြေပိုင်ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စိတ်ဝင်စားသည့် နိုင်ငံသား လုပ်ငန်းရှင်များ စုစည်းထားသည့် မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီအား တာဝန်ပေးအပ်ရန် စီစဉ်ထားပါတယ်။ စီမံကိန်း အကောင်အထည် ဖော်မည့်အပေါ် ဒေသခံ ပြည်သူလူထုဇ။် သဘောတူညီချက်ကိုလည်း ရရှိထားပြီးဖြစ်ပါတယ်” လို့ ဆိုခဲ့တာကြောင့် ဒါဟာ လွှတ်တော်နဲ့ ပြည်သူလူထု အပေါ်မှာလောက်ပဲ လျှို့ဝှက်ထားပေမယ့် လူပေါင်းများစွာနဲ့ ကြိတ်ပြီးဆွေးနွေး၊ ကြိတ်ပြီး အခွင့်အရေးပေး၊ ကြိတ်ပြီး သဘောတူညီချက်တွေ လုပ်ခဲ့တာကတော့ ပေါ်လွင်နေပါတယ်။ ဒေသခံ ပြည်သူလူထုရဲ့ သဘောတူညီချက် ရရှိထားပြီးပြီ ဆိုကတည်းက လျှို့ဝှက်တဲ့ သဘောလည်း မသက်ရောက်ပါဘူး။ ဦးလှမြင့်ရဲ့ ပြောဆိုချက် သဘာ၀ မကျဘူးလို့ ထောက်ပြချင်ပါတယ်။
ဒီစီမံကိန်း တင်ပြမှုနဲ့ ပတ်သက်ပြီး သော့ချက် အကျဆုံး ပြဿနာကြီးတခုကတော့ ဒေါ်လာ ၁၅ ဘီလျံလောက် တန်ကြေးရှိမယ့် စီမံကိန်းကြီး “မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ” လို့ နာမည်ပေးထားတဲ့ ဘယ်သူမှ မသိတဲ့ ကုမ္ပဏီ တခုကို လုပ်ပိုင်ခွင့် ပေးလိုက်တာပါ။ မသိတာမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက စီမံကိန်းကိုရော ကုမ္ပဏီကိုပါ မသိဘူးလို့ ဆိုပါတယ်။ အလားတူ ဒုဘဏ္ဍာရေးဝန်ကြီး ဦးမောင်မောင်သိန်းကလည်း သူတောင် မသိရဘူးလို့ ပြောပါတယ်။ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်တဲ့ တော်ဝင် ဦးကိုကိုထွေးကလည်း ဒီ ကုမ္ပဏီနာမည် ကြားတောင် မကြားဖူးဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ သဝဏ်လွှာထဲမှာတော့ အဲဒီ ကုမ္ပဏီနဲ့ ပါတ်သက်ပြီး “ နည်းစနစ် ကျနမှုနှင့် ဘဏ္ဍာရံပုံငွေများလည်း ခိုင်မာမှုရှိကြောင်း စိစစ်တွေ့ရှိရပါသည်” ဆိုပြီး ဖော်ပြထားပါတယ်။ ရှင်းရှင်းလင်းလင်း ဝေဖန်ရရင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ အစိုးရ အဖွဲ့ဝင် တချို့ဟာ အဲဒီ ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းပြီးမှ ဒီ စီမံကိန်းကို လျှို့လျှို့ဝှက်ဝှက် ကြိတ်ကြံစည် အကောင်အထည် ဖော်ခဲ့တယ် လို့တောင် ပြောနိုင်ပါတယ်။ ဒါက အလွန် မဖြစ်သင့်တဲ့ ကိစ္စပါ။
သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးတဲ့အချိန် ဒီမိုကရေစီ တံခါး၀ ကိုသွားမယ်၊ စစ်မှန်တဲ့ ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးမယ်၊ သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရ ဖြစ်အောင် တည်ဆောက်မယ် စတဲ့ ကြွေးကြော်သံတွေနဲ့ အလုပ်လုပ်ခဲ့တာပါ။ အစိုးရ က ပေးတဲ့ ကန်ထရိုက်တွေ၊ တင်ဒါတွေ၊ လေလံတွေကို အရင်စစ်အစိုးရခေတ်ကလိုပဲ ကိုယ်နဲ့ နီးစပ်တဲ့သူတွေကို ချပေးလေ့ရှိတုန်းပဲ လို့ ဝေဖန်မှုတွေ များလာတဲ့အခါ ဘာပဲ ဝယ်ဝယ်၊ ဘာပဲ လုပ်လုပ် တင်ဒါစနစ်နဲ့ လုပ်ဖို့၊ တင်ဒါခေါ်တာကို ပွင့်လင်းမြင်သာမှုရှိရှိ နည်းစနစ် ကျကျ ခေါ်ယူဖို့ အစိုးရဌာန ဆိုင်ရာ အသီးသီးကို လမ်းညွှန်မှုပေးခဲ့ပါတယ်။ ဒီလိုနည်းနဲ့ပဲ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် လုပ်ငန်းအတွက် နိုင်ငံတကာ တင်ဒါခေါ်ရာမှာ၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ဖို့၊ ရန်ကုန်နဲ့ မန္တလေး လေဆိပ်တွေ ပြုပြင်ဖို့ အဆင့်မြှင့်တင်ဖို့၊ ထားဝယ် အထူးစီးပွားရေးဇုံ စာရင်းရှင်းလင်းဖို့၊ ကျောက်ဖြူ အထူးစီးပွားရေးဇုံ တည်ဆောက်ဖို့ စတဲ့ ကိစ္စပေါင်းများစွာမှာ နိုင်ငံတကာ တင်ဒါတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ခေါ်ယူရွေးချယ်ခဲ့တာကို တွေ့မြင်ရပါတယ်။ ဒါတင်မက အခြားသော လုပ်ငန်းပေါင်း များစွာအတွက်လည်း တင်ဒါတွေ ခေါ်ယူနေဆဲ တွေ့ရပါတယ်။
အခု ဒေါ်လာ ၁၅ ဘီလျံလောက် ရင်းနှီးမြှုပ်နှံမယ် ဆိုတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကြီးကိုကျတော့ ဘာ တင်ဒါမှ မခေါ်ပဲ လူတွေမကြားဘူးတဲ့ ကုမ္ပဏီ တစ်ခုကို လုပ်ပိုင်ခွင့်ပေးလိုက်ပြီ ဆိုတာဟာ ဝန်ကြီးချုပ်ဦးမြင့်ဆွေနဲ့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့အနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကိုလည်း ဘာမှ သဘောမထား၊ ရန်ကုန်တိုင်း လွှတ်တော်ကိုလည်း လုံး၀ ရှိတယ်လို့တောင် မထင်ဘူး ဆိုတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ ဒီ လုပ်ရပ်ဟာ အရင် စစ်အာဏာရှင်တွေ ခေတ်က လုပ်ရပ်မျိုးနဲ့ တပုံစံထဲပါပဲ။ အရင် စစ်အာဏာရှင်ခေတ်တုန်းကဆို အာဏာပိုင်တွေဟာ တောင်သူတွေ ပြည်သူတွေဆီက လယ်မြေတွေကို အတင်းအဓမ္မ သိမ်းယူပါတယ်။ လျော်ကြေးပေးလည်း မဖြစ်စလောက်ပဲ ပေးပါတယ်။ အဲဒီခေတ် အဲဒီ အခါက လယ်မြေ တဧက ကျပ် သိန်း ၅၀ လောက် လျော်ကြေးရသူဆိုတာ မရှိသလောက်ပါပဲ။ ဒါကို ခရိုနီတွေလက်ထဲ ထည့်ပေး၊ ခရိုနီတွေက လမ်းနည်းနည်းဖေါက်၊ ရေနည်းနည်းသွယ်၊ လျှပ်စစ်မီး နည်းနည်းပေးပြီး မြေကွက်ရိုက် ပြန်ရောင်းစားပါတယ်။ တစ်ကွက် ကျပ်ငွေ သိန်း ၅၀၀-၆၀၀ ဆိုလည်း ဟုတ်ရဲ့။ ကျပ်ငွေ သိန်း တစ်ထောင်ကျော် ဆိုလည်း ဟုတ်ရဲ့၊ ပြန်ရပြီး အလွန်ကြွယ်၀ ချမ်းသာသူတွေ ဖြစ်လာကြပါတယ်။ ဘယ်သူ့ကိုမှလည်း ဂရုစိုက်ဖို့ မလိုပါဘူး။
အခု ရန်ကုန်မြို့သစ် စီမံကိန်းကြီးကိုလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ငါတို့ ပေးချင်တဲ့သူကို ပေးလုပ်တယ်၊ ဘယ်သူ ဘာပြောချင်သလဲ၊ ဘာဝေဖန်ချင်သလဲ ဆိုတဲ့ သဘောထားမျိုး ပြုမူလာတာ တွေ့ရပါတယ်။ အကျိုးဆက်က ဘာဖြစ်လာနိုင်သလဲ။ ဒီ ကိစ္စ ပြည်ထောင်စု အစိုးရနဲ့ လွှတ်တော်ဘက်က ဘာမှ တားဆီးတာ၊ ပြုပြင်ထိန်းကျောင်းတာ မလုပ်နိုင်ဘူးဆိုရင် နောင် တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့တွေဟာ သူတို့ တိုင်းနဲ့ ပြည်နယ်တွေမှာ ခုလိုပဲ ထင်ရာစိုင်းကြတော့မှာ ဖြစ်ပါတယ်။ ဒါဟာ အတော်ကြီးမားတဲ့ မကောင်းတဲ့ အကျိုးဆက်ပါ။ မတားဆီးနိုင်ပဲ အကောင်အထည် ဖော်ခဲ့ရင် အဲဒီ အကောင်အထည် ဖော်တဲ့ ကုမ္ပဏီက လူတွေ ငွေကြေး အကျိုးအမြတ် မြိုးမြိုးမြတ်မြတ် လွယ်လွယ်ကူကူ ရသွားကြပါလိမ့်မယ်။ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် တချို့လည်း အကျိုးအမြတ် ရှိကောင်းရှိသွားနိုင်ပါတယ်။ ဒါပေမယ့် တကယ့်တကယ် စံချိန်စံညွှန်းမီတဲ့ မြို့ပြ တစ်ခု ဖြစ်လာမယ်၊ မဖြစ်လာဘူး ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ နိုင်ငံတော်ဘက်ကလည်း ရသင့်ရထိုက်တဲ့ အခွန်အခ ရလာဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။
ခြုံငုံပြီး သုံးသပ်ရရင် အခု ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည် ဖော်နေပုံဟာ အရင် စစ်အာဏာရှင်ခေတ်က လုပ်နည်းလုပ်ဟန်အတိုင်း လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် ပြည်ထောင်စု အစိုးရ ဒါမှမဟုတ် လွှတ်တော်ဘက်က တားမြစ်သင့်ပါကြောင်း၊ စီမံကိန်းကို ပွင့်လင်းမြင်သာမှု ရှိရှိ ပြန်လည် အကောင်အထည် ဖော်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)