အိန္ဒိယနိုင်ငံက နောက်ဆုံးမိနစ်တွင် နုတ်ထွက်သွားခဲ့သော်လည်း တရုတ်နှင့် အခြား နိုင်ငံ ၁၄ ခုက ကမာ္ဘ့ အကြီးဆုံး ကုန် သွယ်ရေး သဘောတူညီချက်ဖြစ်လာမည့် ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) အတွက် အစီအစဉ်များကို ယခုအပတ်အတွင်း ဘန်ကောက်မြို့တွင် သဘောတူညီခဲ့ကြသည်။
အဖွဲ့ဝင်နိုင်ငံများကြားတွင် ကုန်သွယ်ရေးတွင် လွတ်လပ်ခွင့်များစတင်၍ ပေးရန် အတွက် လာမည့်နှစ်တွင် RCEP ကို လက်မှတ်ရေး ထိုးရန် သူတို့က ရည်ရွယ်ထားသည်။ ၎င်းအထဲတွင် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့(အာဆီယံ) ဝင် ၁၀ နိုင်ငံ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်ကြသည်။
RCEP က ဘယ်လိုဆောင်ရွက်မှာလဲ။
အသေးစိတ် အတိကျကို ထုတ်ပြန်ပေးခြင်း မရှိသေးပါ။ သို့သော်လည်း ဒေသတွင်းမှ ဧရိယာအများစုတွင် ကုန်သွယ်ခွန်ကို တဖြည်းဖြည်းလျှော့ချပေးလိမ့်မည် ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ ကုမ္ပဏီများအနေဖြင့် ထုတ်ကုန်ကို သဘောတူညီချက် အဝန်းအဝိုင်းအတွင်းမှ မည်သည့်နေရာတွင်မဆို သီးခြား လိုအပ်ချက်များ ပြည့်မီရန်နှင့် သီးခြား စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်ရန် မလိုအပ်ဘဲ တင်ပို့နိုင်ခွင့် ရှိလိမ့်မည်ဟု RCEP ကို ကျောထောက်နောက်ခံပေးသူများက ပြောကြသည်။
“ကုန်ပစ္စည်းထုတ်လုပ်သူတယောက်အတွက် ဆိုရင် အဲဒါက အလွန်ကြီးမားပါတယ်။ အခု ကျမတို့ဆီမှာ မရှိသေးတာက အာရှက နောက်ဆုံးဈေးကွက်တွေအတွက် အလွန်ကြီးမားတဲ့ အာရှကုန်သွယ်ရေး ဖြစ်ပါတယ်။ RCEP က အဲဒါကို ထူထောင်ပေးပါတယ်” ဟု Asian Trade Center မှ Deborah Elms က ပြောသည်။
ကုမ္ပဏီများအတွက် သူတို့က(ဒေသ)ပြင်ပသို့ တင်ပို့သည်ဆိုလျှင်ပင် ဒေသတွင်းတွင် ထောက်ပံ့မှုကွင်းဆက်များ တည်ထောင်နိုင်မည့် မက်လုံးတခုကို ပေးသည်။
သဘောတူညီချက်တွင် ဝန်ဆောင်မှုများနှင့် ဉာဏပစ္စည်းပိုင်ဆိုင်မှု ကာကွယ်ရေးများလည်း ပါဝင်သည်။
RCEP က ဘာကို လုပ်မပေးဘူးလဲ
RCEP ကို အာရှ-ပစိဖိတ် နိုင်ငံ ၁၁ ခုပါဝင်သည့် ပစိဖိတ်နိုင်ငံများ ဘက်စုံ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ ညီချက်(CPTPP) ကဲ့သို့ အရည်အသွေးမြင့် ကုန်သွယ်ရေး သဘောတူညီချက်တခုအဖြစ် မမြင်ကြပါ။ အဘယ်ကြောင့်ဆိုသော် CPTPP နှင့် အလားတူ လွှမ်းခြုံမှု သို့မဟုတ် လိုက်ဖက်မှု မဖြစ်စေသောကြောင့် ဖြစ်သည်။
ကုန်သွယ်ခွန်များကို အားလုံးတွင် သက်ရောက်မှုအစား နိုင်ငံများကြားတွင်သာ သဘောတူညီထားကြသည်။ အချို့နိုင်ငံများ အတွက် စိုက်ပျိုးရေးကဲ့သို့သော ထိရှလွယ်သော ကိစ္စများကို ထိ၍ ရလိမ့်မည်မဟုတ်ပါ။ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများကို ကန့်သတ်မှုလျှော့ချပေးရေး သို့မဟုတ် အလုပ်သမားများနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေး တို့အတွက် ထောက်ပံ့ပေးမှုများလည်း (RCEP တွင်) ကင်းမဲ့နေသည်။
မည်သည့် စီးပွားရေးသက်ရောက်မှု ရှိလာမည်နည်း။
လက်မှတ်ရေးထိုးခဲ့ပြီးလျှင်ပင် စတင်ရန် အကောင်အထည်ဖော်မှုများက လနှင့်ချီ၍ ကြာမြင့်လိမ့်မည် ဖြစ်ပြီး ပြီးစီးရန် နှစ် နှင့် ချီ၍ ကြာပါလိမ့်မည်။ ရှုပ်ထွေးမှုများကြောင့် အနုစိတ်တွက်ချက်မှုများကို ခက်ခဲစေလိမ့်မည်ဟု စီးပွားရေး ပညာရှင်များ က ပြောကြသည်။
ပါဝင်သည့် နိုင်ငံ ၁၅ ခုက ကမာ္ဘ့လူဦးရေ၏ ၃ ပုံ ၁ ပုံ နီးပါး (အိန္ဒိယသာ ပါဝင်ခဲ့လျှင် ကမာ္ဘ့ လူဦးရေ၏ တဝက် နီးပါး) ဖြစ်သည်။ RCEP အဖွဲ့ဝင်များက ကမာ္ဘ့ GDP ၏ ၃ ပုံ ၁ ပုံနီးပါးရှိသည်။
အိန္ဒိယ မပါဝင်ခြင်းက မည်သည့် အဓိပ္ပါယ်နည်း
အိန္ဒိယက နောက်ပိုင်းတွင် ပါဝင်၍ ရနိုင်ပါသည်။ အခြားနိုင်ငံများ (အထူးသဖြင့် အင်ဒိုနီးရှားနှင့် ဂျပန်) က အိန္ဒိယ ဆက်လက်ရှိနေရန် ခက်ခဲကြောင်း မဲဆွယ်ပေးနေခဲ့ကြသည်။ သို့သော်လည်း ညင်းပယ်သည့် စည်းကမ်းချက်များကို အလေးအနက်ပြောထားပြီးဖြစ်ပြီး အခြားအဖွဲ့ဝင်များက သဘောတူခဲ့ကြသည်။
“အိန္ဒိယရဲ့ ထွက်ခွာမှုက အဖွဲ့ကို တန်ဖိုးလျော့စေပေမယ့် (သဘောတူညီချက်) ပြီးမြောက်ရေး တခုတည်းသော အကြီးဆုံး အတားအဆီးကို ဖယ်ရှာပေးပါတယ်” ဟု အတိုင်ပင်ခံ လုပ်ငန်းတခုဖြစ်သည့် Albright Stonebridge မှ Anthony Nelson က ပြောသည်။
အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး စိုးရိမ်မှုမှာ တရုတ်နှင့် အခြားနေရာများမှ ဝင်ရောက်လာမည့် ဈေးချိုသော ကုန်ပစ္စည်းလှိုင်းလုံး တခုဖြစ်သည်။ အခြားနိုင်ငံများအတွက်မူ အိန္ဒိယကို ဆုံးရှုံးလိုက်ရခြင်းက ဝင်ရောက်ရန် ခက်ခဲသည်ဟု နာမည်ဆိုးနှင့် ကျော်ကြားသည့် ဈေးကွက်တခုသို့ ဝင်ရောက်ခွင့်ရလိမ့်မည် မဟုတ်သလို ထောက်ပံ့ရေးကွင်းဆက်များတွင် အိန္ဒိယကို သူတို့ အလွယ်တကူ ထည့်သွင်းနိုင်လိမ့်မည် မဟုတ်ပါ။
သဘောတူညီချက်ကို ထောက်ခံသူများက အိန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးလိမ့်မည် ဖြစ်ပြီး ၎င်း၏ စားသုံးသူများ အနေဖြင့် သူတို့ပေးသင့်သည်ထက် ဈေးပိုပေးကြရလိမ့်မည်ဟု ပြောကြသည်။
တရုတ်နိုင်ငံ၏ ကြီးစိုးမှုတိုးလာနေခြင်းကို တန်ပြန်ချိန်ညှိပေးနိုင်မှုတခု အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများက အိန္ဒိယနိုင်ငံကို မြင်ကြသည်။
“အိန္ဒိယနိုင်ငံ အတွက် ဆုံးရှုံးသွားရတဲ့ အခွင့်အရေးတခုပါ” ဟု ဘန်ကောက်ရှိ Thammasat တက္ကသိုလ်မှ Pavida Pananond ကပြောသည်။
RCEP က ကမာ္ဘ့ကုန်သွယ်ရေးအတွက် ဘယ်လို အဓိပ္ပါယ်ရှိမှာလဲ
သဘောတူညီချက် ပြီးမြောက်သွားရုံနှင့်ပင် (အိန္ဒိယနိုင်ငံ မပါဝင်လျှင်ပင်) နိုင်ငံစုံပါဝင်သည့် ကုန်သွယ်ရေးသဘောတူညီ ချက်များအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သဘောကျသည့် အမျိုးအစားဖြစ်သော ၂ နိုင်ငံ အပြန်အလှန် သဘောတူညီချက်မျိုးထက် ပိုသော တွန်းအားတခု ဖြစ်သည်။
ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ခွန်ကို မြှင့်တင်သော တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲက ၂၀၁၂ ခုနှစ်ကတည်းက စ၍ တိုးတက်မှု အနည်းငယ်မျှသာ ပြနိုင်ခဲ့သော RCEP ကို ရှေ့ဆက်ဆောင်ရွက်ရန် နောက်ထပ်တွန်းအားတခု ဖြစ်ခဲ့သည်။
အမေရိကန်နှင့် ယှဉ်ပြိုင်ရာတွင် RCEP က တရုတ်နိုင်ငံကို ကြံခိုင်သွားစေနိုင်သလား
တရုတ်နိုင်ငံသည် RCEP အဖွဲ့ဝင်နိုင်ငံ အားလုံးနီးပါး၏ အကြီးမားဆုံး သွင်းကုန် အရင်းအမြစ်နှင့် ပို့ကုန်များ ဦးတည်ရာ နေရာ ဖြစ်နေခဲ့ပြီးသား ဖြစ်သည်။
သို့သော်လည်း တရုတ်နိုင်ငံ၏ အင်အားနှင့် ပတ်သက်၍ စိုးရိမ်မှုများ တိုးနေသည့် အချိန်မျိုးတွင် RCEP က တရုတ်နိုင်ငံကို အရှေ့နှင့် အရှေ့တောင် အာရှ၏ စီးပွားရေး မိတ်ဖက်တခု ဆိုသည့်အနေအထား၌ ပိုမိုခိုင်မာသွားစေမည် ဖြစ်သည်။ ဒေသ၏ ကုန်သွယ်ရေးစည်းမျဉ်းများကို ပုံဖော်ရာတွင် ပိုမိုကောင်းမွန်သည့် နေရာသို့လည်း ရောက်သွားစေပါလ်ိမ့်မည်.
အမေရိကန်ဘက်မှ နစ်နာပြီး တရုတ်နိုင်ငံက မြင့်တက်လာခြင်း၏ နောက်ထပ် သင်္ကေတက အာဆီယံ ထိပ်သီး အစည်းအဝေးတခုနှင့် အတူ ပြုလုပ်ခဲ့သည့် သဘောတူညီချက်တခုမှ ပေါ်ထွက်လာခဲ့သည်။ ဒေါ်နယ်ထရမ့် အစိုးရက ထိုအစည်းအဝေးသို့ အခြားသောနိုင်ငံများ အားလုံးထက် ပိုမိုအဆင့်နိမ့်သည့် ကိုယ်စားလှယ်အဖွဲ့တခုကို စေလွှတ်ခဲ့ သည်။
ထို့ကြောင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာလည်း ဒေသတွင်း ခေါင်းဆောင် ၁၀ ဦးလုံးနှင့် တွေ့ခွင့်မရခဲ့ဘဲ ၃ ဦးနှင့်သာ တွေ့ခွင့်ရခဲ့ပြီး ဥပေက္ခာအပြုခံခဲ့ရသည်။
“အမေရိကန်ရဲ့ သံတမန်ရေးမှာ အရှက်ရစရာဖြစ်ခဲ့ရတာနဲ့ အိန္ဒိယရဲ့ RCEP က ထွက်ခွာမှုတို့နဲ့ ယှဉ်လိုက်ရင် တရုတ်က မျက်နှာပန်းလှခဲ့တယ်” ဟု စင်ကာပူရှိ Yusof Ishak Institute မှ Siew Mun Tang က ပြောသည်။
ကိုးကား ။ ။ Reuters ၏ World’s biggest trade pact shapes up without India
You May Also Like These Stories:
မြန်မာသို့ အာရှနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်ရန် ရှိနေ
အိန္ဒိယဝယ်လက်ကြောင့် မတ်ပဲဈေး မြင့်တက်
နှစ် ၁၀၀ ပြည့် UMFCCI ဘယ်လို ဖြတ်သန်း ရပ်တည်ခဲ့သလဲ