တရုတ်နိုင်ငံမှ ကူးစက် ပျံ့နှံမှု ဖြစ်ပွားနေသော ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့် ခရီးသွား ဝင်ရောက်မှု ရပ်တန့်နေသည့် အခြေအနေ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသို့ ခရီးသွားလာရောက်မှု အများဆုံးဖြစ်သည့် တရုတ်နိုင်ငံက ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ လေကြောင်းလိုင်းများ ပြေးဆွဲမှု ရပ်ဆိုင်းခြင်းများကြောင့် တရုတ်ခရီးသွားများ ဝင်ရောက်မှု မရှိသလို အနောက်နိုင်ငံမှ ခရီးသွားများသည်လည်း ယင်းဗိုင်းရပ်စ်ကိစ္စကြောင့် ခရီးစဉ် ရက်ရွှေ့ဆိုင်းခြင်းနှင့် ဖျက်သိမ်းခြင်းများ လုပ်ဆောင် လျက် ရှိကြောင်း ၎င်းက ပြောပြသည်။
ဦးနောင်းနောင်းဟန်က “တချို့ ပိုက်ဆံပေးပြီးသူတွေတောင် မလာရဲလို့ဆိုပြီး ရက်ရွှေ့တာတို့ အခြားကို ပြောင်းသွား တာတို့ လုပ်နေကြတာတွေ ရှိတယ်။ မြန်မာပြည်မှာ ဖြစ်ပွားတာ မဟုတ်ပေမယ့် တဆင့်လာရမယ့် ဘန်ကောက်တို့ စင်ကာပူတို့မှာ ဒီရောဂါ တွေ့ပါတယ်ဆိုတော့ အဓိကက လေယာဉ် တစီးတည်းမှာ အတူတူစီးရမှာကို သူတို့ ကြောက် ကြတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကဏ္ဍတွင် လုပ်ကိုင်နေကြသည့် ခရီးသွား ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီ အားလုံး လိုလို တွင် ကမ္ဘာ့လှည်ခရီးသွား ခရီးစဉ်ရပ်ဆိုင်းမှုများ၊ ရွှေ့ဆိုင်းမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း (UMTA) လက်အောက်တွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီ ပေါင်း ၉၀၀ ကျော် ရှိကြောင်း သိရသည်။
ဦးနောင်းနောင်းဟန်က “ရခိုင်ကိစ္စလို ပြည်တွင်းရော ပြည်ပမှာ တခြားဖြစ်တဲ့ ကိစ္စတွေရောက တနှစ်ပြီး တနှစ် မရိုး အောင် ဖြစ်နေတော့ ကျနော်တို့ မြန်မာ့ခရီးသွား လုပ်ငန်းတွေ အတွက်ကတော့ အရမ်းကြီးဆန်းတဲ့ ကိစ္စတော့ မဟုတ် တော့ပါဘူး။ ဒီကြားထဲကပဲ ရုန်းကန်ပြီး ရှင်သန်နိုင်အောင် ကြိုးစားနေကြရတာ”ဟု ပြောဆိုသည်။
ယခုရက်ပိုင်း အတွင်း၌ မြန်မာနိုင်ငံသို့ ခရီးသွား ဝင်ရောက်မှုသည် တရက်လျှင် လူဦးရေ ၂၀၀၀ မှ ၂၅၀၀ ခန့် စတင် ကျဆင်း လာလျက်ရှိပြီး အများစုသည် တရုတ် ခရီးသွားများဖြစ်ကြောင်း၊ လက်ရှိ အခြေအနေအရ ယခင်က ၃ လ အတွင်း ဝင်ရောက်မည်ဟု မျှော်မှန်းထားသည့် ပမာဏကို ၄ ပုံ ၃ ပုံခန့် ကျဆင်းသွားနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ဦးခင်အောင်ထွန်းကလည်း ပြောသည်။
၎င်းက “သေချာတာက တရုတ်ကျပြီ။ တရုတ်ကကျတဲ့ဟာက Impact ကြီးတယ် ဆိုတော့ ကျနော်တို့က ဒီနှစ်ကို သူတို့ ကို ၈ သိန်း ၉ သိန်းလောက် မှန်းထားတယ် ဆိုရင် တလကို ၅ သောင်း တသိန်းနှုန်း ကျမယ်ဆိုရင် ဒီပြဿနာက ၃ လ လောက်ကြာရင်ပဲ ၃ သိန်း နီးပါးလောက်အထိ လျော့ကျသွားမှာ”ဟုလည်း ပြောဆိုသည်။
တရုတ်ခရီးသည်များကို အဓိက မှီခိုနေရသော ခရီးသွားလုပ်ငန်းများမှ အစ ဟိုတယ်၊ စားသောက်ဆိုင်များနှင့် အခြား ဝန်ဆောင်မှု လုပ်ငန်းများအထိ ရိုက်ခတ်မှု များစွာရှိရာ ထို့ ဗိုင်းရပ်စ်ကို အချိန်တိုအတွင်း ထိန်းသိမ်းနိုင်ရန်သာ မျှော်လင့် နေကြောင်း ဦးခင်အောင်ထွန်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း ၃၀ ကျော်မှ ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက်မှုသည် နယ်စပ် အပါအဝင် လေကြောင်း၊ အပျော်စီးသင်္ဘော၊ ဗီဇာ တို့ဖြင့် လာရောက်သူ ဦးရေ ၄ သန်း ၃ သိန်း ၆ သောင်းကျော် (၄၃၆၄၁၀၁) ရှိပြီး တရုတ်နိုင်ငံသား ခရီးသွားဦးရေသည် (ဗီဇာ) ၇ သိန်း ၅ သောင်း နီးပါး (၇၄၉၇၁၉) အထိ ရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကထက် လူဦးရေ ၄ သိန်းကျော် တိုး၍ ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ဆောင်သော ကမ္ဘာလှည့် ခရီးသွားများ မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်ခြင်းမျိုး ကျဆင်းနိုင်သည်ဟု ဆိုသော်လည်း လတ်တလောတွင် မိမိအစီအစဉ်ဖြင့် လာရောက် လည်ပတ်ကြသော ခရီးသွားများ(Backpacker Tour) ကျဆင်းသွားမှု မရှိသေးကြောင်း ရှမ်းပြည်နယ် သီပေါမြို့ အခြေစိုက် Mr.Bike Travel & Tour ကုမ္ပဏီမှ ကိုမျိုးလွင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “အခုက City Tour တွေကို ချက်ချင်းကြီး ထိတာပေါ့။ ကျနော်တို့ဆီကို လာလည်ပတ်မယ်လို့ ပြောထားတဲ့ ကိစ္စတွေကတော့ ရပ်တာတွေ၊ ရွှေ့ဆိုင်းတာတွေ မရှိသေးဘူး အနောက်နိုင်ငံတွေက ဖြစ်တာရယ်၊ လူငယ်တွေ များတာလည်း ပါတယ်။ ကျနော်တို့လည်း အချိန်တခုကြာလာရင်တော့ မပြောတတ်သေးဘူး”ဟုလည်း ပြောဆိုသည်။
တရုတ်နိုင်င်ငံမှ လေကြောင်းလိုင်း ၁၃ ခုသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချိတ်ဆက် ပြေးဆွဲလျက်ရှိရာ ဝူဟန်ပြည်နယ်မှ ပြေးဆွဲနေသော China Eastern Airlines ကို မြန်မာဘက်က ရပ်ဆိုင်းထားပြီး ကျန်လေကြောင်း လိုင်း တချို့သည်လည်း တရုတ်နိုင်ငံဘက်က ယာယီ ရပ်ဆိုင်းထားသည်။
မန္တလေး လေဆိပ်တွင်မူ တရုတ်နိုင်ငံနှင့် မန္တလေး လေဆိပ်သို့ ပြေးဆွဲနေသော တရုတ်လေကြောင်းလိုင်း ၇ လိုင်းကို ဆက်သွယ် ပျံသန်းခြင်း ယာယီ ရပ်ဆိုင်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ခရီးသွား လုပ်ငန်းများအပြင် နယ်စပ် ကုန်သွယ်ရေးတွင်လည်း တရုတ် နိုင်ငံ ဘက်သို့ တင်ပို့၍ မရသည့် အခြေအနေအများလည်း ကြုံတွေ့နေရသည်။
ကူးစက်မှု များပြားလာပြီး လူအသေအပျောက် တိုးလာသော ထိုဗိုင်းရပ်စ်အား တရုတ် အာဏာပိုင်များက ထိန်းချုပ်နိုင် ရန် ဝူဟန်မြို့ အပါအဝင် မြို့ ၁၃ မြို့ကို ဇန်နဝါရီလ ၂၄ ရက်နေ့မှ စတင်၍ ခရီးသွားလာခွင့် ပိတ်ပင်ထားသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပျံ့နှံ့လာသည့် ကိုရိုနာ ကူးစက်မြန် ဗိုင်းရပ်စ်ပိုးသည် တရုတ်နိုင်ငံသာမက အမေရိကန်၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ သြစတြေးလျ စသည့် နိုင်ငံပေါင်း ၁၅ နိုင်ငံကို ကူးစက် ပျံ့နှံ့လျက်ရှိပြီး အဆိုပါ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် ယနေ့အထိ ကူးစက်ခံရသူ ၆၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၁၃၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဝူဟန်ဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၃၂ ဦးရှိလာချိန် လေကြောင်းခရီးစဉ်တချို့ ဆိုင်းငံ့
ဖရဲသခွား ကုန်သည်များ တရုတ်ဘက် အခြေအနေ စောင့်ဆိုင်းရန် နှိုးဆော်
မန္တလေးသို့ တရုတ်ခရီးသွား ဝင်ရောက်နှုန်း ၄ ဆကျော်တိုးလာ