ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်သည့် နိုင်ငံရေးအကျပ်အတည်းနှင့် ကိုဗစ်-၁၉ ဆက်လက်ဖြစ်ပွားနေသော်လည်း မြန်မာစစ်ကောင်စီသည် မြန်မာနိုင်ငံသို့ တရုတ်ခရီးသည်များ ပြန်လည်လာရောက်ရေးကို တွန်းအားပေးနေသည်။
စစ်ကောင်စီခန့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဝန်ကြီး ဦးမောင်မောင်အုန်းသည် စီးပွားရေးမြို့တော်ရန်ကုန်ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနေရာများကို ဗုဒ္ဓဟူးနေ့က သွားရောက်စစ်ဆေးပြီး တရုတ်ခရီးသည်များကို လက်ခံရန် အသင့်ဖြစ်မဖြစ် အကဲဖြတ်ခဲ့သည်။
ကိုဗစ်-၁၉ ကန့်သတ်ချက်များနှင့်အညီ မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများကို ဖိတ်ခေါ်ရန် ဆွေးနွေးရေးအတွက် ဦးမောင်မောင်အုန်းသည် ထိုလုပ်ငန်းဆောင်ရွက်နေသည့် အရာရှိများနှင့် တွေ့ဆုံသည်။
ဘေ့ဂျင်းသည် စစ်ကောင်စီကို ထောက်ခံနေသည်ဆိုသည့် အယူအဆကြောင့် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်မားနေသည်။ သို့သော် တရုတ်ခရီးသည်များသည် မြန်မာနိုင်ငံအတွက် ဝင်ငွေရစေပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကို မြှင့်တင်ပေးနိုင်သည်ဟု ဦးမောင်မောင်အုန်းပြောသည်။
တရုတ်ခရီးသည်များလာရောက်မှုအဆင်ပြေစေရေးအတွက် အစီအစဉ်များကိုလည်း ဆွေးနွေးကြောင်း စစ်တပ်ထိန်းချုပ်ထားသော သတင်းစာများက ဆိုသည်။
အနောက်တောင်ဖက်တွင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် တရုတ်န်ိုင်ငံမှ ခရီးသည်များသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် မြန်မာနိုင်ငံသို့ လာရောက်မှုအများဆုံးဖြစ်ပြီး ဆိုက်ရောက်ဗီဇာလည်း ခွင့်ပြုထားခံရသူများဖြစ်သည်။
တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း နှစ်ကို ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၀ ခုနှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင် နေပြည်တော်သို့ လာရောက်စဉ် ကျင်းပခဲ့သည်။ တရုတ်ခရီးသည်များကို မြန်မာနိုင်ငံသို့ ပိုမိုဖိတ်ခေါ်ရန် နှစ်နိုင်ငံသဘောတူကြသည်။
သို့သော် ထိုနှစ်မတ်လတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားသောကြောင့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရသည်။
မြန်မာခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ ကြောင့် အထိခိုက်ခံရဆုံး ကဏ္ဍဖြစ်သည်။ လွန်ခဲ့သောနှစ် မတ်လမှစတင်ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေသည် ၇၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။
ယခင်က သဘောတူထားသည့်အတိုင်း တရုတ်ခရီးသွားများကို စစ်ကောင်စီက အားပေးလိုကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဗုဒ္ဓဟူးနေ့တွင် ဖေါ်ပြသည်။
စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်ကောင်စီက အသေအကျေ နှိမ်နင်းနေသော်လည်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးသည် မတ်လမှစတင်ပြီး ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်အပါအဝင် ခရီးသွားလုပ်ငန်းနေရာများကို သွားရောက်စစ်ဆေးနေပြီး နိုင်ငံတွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် ကြည့်ရှုနေသည်။ ဟိုတယ်ခရီးဝန်ကြီးဌာနသည် ချောင်းသာ၊ တောင်ကြီးနှင့်အင်းလေး စသည့် လူသိများသည့် ခရီးသွားနေရာများတွင် ဟိုတယ်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးနေသည်။
မေလကုန်အထိ မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ထွက်မှု တင်းကျပ်ခြင်းကို သက်တမ်းတိုးထားပြီးနောက် တရုတ်ခရီးသည်များ လာရောက်ရေးကို စစ်ကောင်စီက အားပေးနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် ကိုဗစ်-၁၉ ကူးစက်မှုသစ် ၂၃ ခုတွေပြီး စုစုပေါင်းကူးစက်မှု ၁၄၂၉၉၇ ခုရှိပြီဖြစ်သည်။ ကိုဗစ်ကြောင့် သေဆုံးသူ ၃၂၁၁ ဦးရှိဖြစ်ကြောင်း စစ်တပ်ထိန်းချုပ်မီဒီယာများ၏ အဆိုအရ သိရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Myanmar Regime Wants to Welcome Back Chinese Tourists ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
စစ်တပ်ဗဟိုပြု စီးပွားရေးအင်ပါယာသာ စစ်ဗိုလ်ချုပ်များ အလေးထားသည်
သပိတ်မှောက်သောကြောင့် စစ်တပ်ယမကာလုပ်ငန်း အရောင်းထက်ဝက်ကျ
ဒေါ်လာနှင့် ရွှေဈေး မိုးသို့ ထိုးတက်နေ
စစ်အာဏာသိမ်းမှုကြောင့် ကုမ္ပဏီ ၁၃ ရာခိုင်နှုန်း ပိတ်သိမ်းဟု စစ်တမ်းက ဆို