လက်ရှိ မြန်မာနိုင်ငံ ပညာရေးအခြေအနေက စိုးရိမ်စရာကောင်းတယ်

ဧရာဝတီ
Thinking Classroom Foundation တည်ထောင်သူ ဒေါက်တာသိန်းလွင်
Want create site? Find Free WordPress Themes and plugins.

စစ်တပ်က အာဏာသိမ်းပြီး ၂ လကျော် မေလ ၅ ရက်နေ့တွင် တက္ကသိုလ်ကျောင်းများ ပြန်ဖွင့်ခဲ့သော်လည်း အာဏာဖီ ဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သည့် ဆရာ၊ ဆရာမများ၊ စီမံဝန်ထမ်းများနှင့် သပိတ်မှောက် ကျောင်းသားများကြောင့် အနည်းစုသော ကျောင်းများ၌သာ ကျောင်းသား၊ ဆရာ/ဆရာမ အနည်းငယ်ဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။

ထို့နောက် အာဏာသိမ်းစစ်ကောင်စီက တက္ကသိုလ်အသီးသီးမှ CDM ဆရာ၊ ဆရာမများနှင့် စီမံဝန်ထမ်းပေါင်း ၂၀၀၀၀ ဝန်းကျင်ကို အလုပ်တာဝန်မှ ရပ်ဆိုင်းခဲ့ပြီး လစ်လပ်နေရာများအတွက် အစားထိုးခန့်ရန် ကြိုးပမ်းလျက်ရှိသလို ဇွန်လဆန်း တွင် ဖွင့်လှစ်ရန် ကြိုးပမ်းနေသည့် အခြေခံပညာကျောင်းများမှ CDM ဆရာ၊ ဆရာများ၏ နေရာတွင် အစားထိုးရန်လည်း စစ်ကောင်စီက နေ့စားလပေးများ ခေါ်ယူလျက်ရှိသည်။

တဖက်တွင်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ကျောင်းသား၊ ပြည်သူများက စစ်အာဏာရှင်လက်အောက် သင် ကြားရမည့် ပညာရေးစနစ်ကို အလိုမရှိကြောင်း နိုင်ငံတဝှမ်း ပုံစံမျိုးစုံဖြင့် ဆက်လက်ဆန့်ကျင် ဆန္ဒပြလျက်ရှိသလို CDM ဆရာ၊ ဆရာမများကလည်း အဆုံးထိ CDM ပြုလုပ်ကြမည်ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိ မြန်မာနိုင်ငံပညာရေး အခြေအနေများနှင့် ပတ်သက်ပြီး Thinking Classroom Foundation တည်ထောင်သူ ဒေါက်တာသိန်းလွင်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

ဒေါက်တာသိန်းလွင် သည် ၂၀၁၂ မှ ၂၀၁၈ ခုနှစ်အထိ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၏ ဦးဆောင်အဖွဲ့ ဝင်အဖြစ် ပါဝင်ခဲ့ပြီး မြန်မာ့ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူ တဦးလည်း ဖြစ် သည်။

မေး ။ ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မေလ ၅ ရက်နေ့မှာ တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ ကြိုးစားခဲ့တယ်။ နောက် CDM ဆရာ၊ ဆရာမတွေကို တာဝန်ကနေရပ်ဆိုင်းပြီး အစားထိုးခန့်ဖို့ ကြိုးပမ်းနေသလို ဇွန်လဆန်းမှာဖွင့်မယ့် အခြေခံ ပညာကျောင်းအတွက် ဆရာ၊ ဆရာမ လိုအပ်ချက်ကိုလည်း နေ့စားလပေးတွေ ခေါ်ပြီးခန့်ဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။ ဆိုတော့ လက်ရှိ မြန်မာနိုင်ငံ ပညာရေး အခြေအနေပေါ် ဆရာ့ရဲ့အမြင်သုံးသပ်ချက်ကို အရင်ဆုံး သိချင်ပါတယ်။

ဖြေ ။ ။ လက်ရှိ မြန်မာနိုင်ငံ ပညာရေးအခြေအနေက စိုးရိမ်စရာကောင်းတယ်လို့ မြင်တယ်။ ကျောင်းတွေ မဖွင့်ကြဘူး။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် မသွားကြဘူး။ ပညာသင်ကြားနိုင်တဲ့ အခွင့်အရေးမှာ ဆုံးရှုံးတယ်။ နောက်တခုက အရည် အသွေးပိုင်းဆိုင်ရာမှာ ထိခိုက်တယ်လို့ ထင်တယ်။ ကျောင်းတွေမှာလည်း သင်ယူတဲ့ ပတ်ဝန်းကျင်ကောင်း မဖြစ်နိုင်တော့ ဘူး။ တက္ကသိုလ်တွေမှာဆိုရင် သတင်းတွေမှာ တွေ့ရတာ သင်ကြားရေး ဆရာ၊ ဆရာမ ၂၀၀၀၀ ကျော်ရှိတယ်။ CDM လုပ် တဲ့ ဆရာ၊ ဆရာမတွေက ၁၉၀၀၀ ကျော်ဆိုတော့ တက္ကသိုလ်ပေါင်း ၁၀၀ ကျော်မှာ ဆရာ၊ ဆရာမ အင်အားက ၂၀၀၀  လောက်ပဲ ကျန်တော့တယ်။ အသစ်ခန့်မယ် ဆိုအုံးတော့ အသစ်ခန့်တဲ့ဆရာ၊ ဆရာမတွေကလည်း အတွေ့အကြုံ နည်းတဲ့ အခါကျတော့ သင်ကြားရေးမှာ ထိထိရောက်ရောက် လုပ်နိုင်မှာ မဟုတ်ဘူး။

အခြေခံပညာမှာဆိုရင်လည်း ဆရာ၊ ဆရာမ အင်အား ၄ သိန်းလောက် ရှိတယ်။ တလောက သတင်းထုတ်ပြန်ချက်အရ ဆရာ၊ ဆရာမ ၁ သိန်းလောက်ကို တာဝန်ရပ်ဆဲတယ်လို့ ကြားရတယ်။ CDM လုပ်တာတော့ ဒီထက်ပိုများမှာပေါ့။ အဲဒီလို အခြေအနေမှာ ကျောင်းတွေ ပြန်ဖွင့်ဖို့ဆိုတာက သင်ယူတဲ့ ပတ်ဝန်းကျင်ကောင်း မဖြစ်နိုင်တော့ဘူး။ နောက် ကျောင်းတွေ မှာ ဆရာ၊ ဆရာမ အချင်းချင်းရော၊ ဆရာနဲ့ ကျောင်းသားတွေ ကြားမှာကော CDM လုပ်တဲ့ ဆရာနဲ့ CDM မလုပ်တဲ့ ဆရာတွေကြားမှာ၊ တယောက်နဲ့တယောက်ကြားမှာ ယုံကြည်မှု ပျက်ယွင်းသွားတယ်။ အုပ်ချုပ်တဲ့သူတွေအပေါ်မှာလည်း ယုံကြည်မှု ပျက်ယွင်းသွားတယ်။ အဲဒါကြောင့် သင်ကြားမှု၊ သင်ယူမှုက ထိရောက်မှာ မဟုတ်ဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေး အထူးသဖြင့် ပြည်မမှာရှိတဲ့ ပညာရေးက စိုးရိမ်စရာကောင်းတယ်။ ကျောင်းသားတွေရဲ့ သင်ယူနိုင်တဲ့ အခွင့် အလမ်းမှာလည်း ဆုံးရှုံးသလို၊ အရည်အသွေးပိုင်းဆိုင်ရာမှာလည်း ဆုံးရှုံးတယ်။

ဒါပေမယ့် တခုထူးခြားတာက ကျနော်တို့နိုင်ငံမှာ ပြည်မတင်မဟုတ်ဘဲ ပြည်နယ်တွေမှာ တော်လှန်ရေး အဖွဲ့အစည်းတွေ ကနေ ဦးဆောင်ဖွင့်တဲ့ ကျောင်းတွေရှိတယ်။ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်းမှာ ကျောင်းတွေ ရှိတယ်။ အဲဒီကျောင်းတွေ က လက်ရှိ နိုင်ငံရေး အကျပ်အတည်းနဲ့ သိပ်ပြီး မသက်ရောက်လာဘူး။ ဆက်ပြီးတော့ ဖွင့်လို့ရတယ်။ သူတို့ကိုယ်တိုင် စီမံ ခန့်ခွဲတယ်။ သင်ရိုးညွှန်းတမ်းတွေ ကိုယ်တိုင်ရေးတယ်။ ဆရာ၊ ဆရာမတွေကိုယ်တိုင် ခန့်အပ်တယ်။ အဲဒီကျောင်းတွေက သိပ်မထိခိုက်ဘူး။ အဲဒီတော့ ပြည်နယ်တွေမှာရှိတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေက ဦးဆောင်ဖွင့်လှစ်တဲ့ ကျောင်းတွေ ကတော့ ပုံမှန်ပဲ ဆက်သွားနေတယ်။

ကိုဗစ်ဖြစ်တဲ့ အချိန်ကာလကတည်းက ပြည်မကကျောင်းတွေ ပိတ်ပေမယ့် ပြည်နယ်တွေမှာ ကိုဗစ်ကူးစက်မှုတွေ မရှိတော့ သူတို့ကျောင်းတွေ ဆက်ဖွင့်နိုင်တယ်။ ပညာရေး အကျပ်အတည်းက ပြည်မမှာ ဖြစ်နေတယ်။ လက်ရှိ နိုင်ငံရေး အကျပ် အတည်းကြောင့် ပြည်မရဲ့ ပညာရေးအခြေအနေက စိုးရိမ်စရာကောင်းတယ်။

မေး ။ ။ ပြီးခဲ့တဲ့ NLD အစိုးရ တက်လာချိန်မှာ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်လာခဲ့တယ်။ အနာဂတ် မြန် မာပြည် ပညာရေးနဲ့ ပတ်သက်လို့ ပြည်သူလူထုဟာ အများကြီး မျှော်လင့်ခဲ့ကြတယ်။ ဒါပေမယ့် အခုလို စစ်တပ်က အာ ဏာ သိမ်းလိုက်တဲ့အခါ ဒီအခြေအနေတွေက နောက်ပြန်လှည့်သွားနိုင်မလား။

ဖြေ ။ ။ NLD အစိုးရရဲ့ ၅ နှစ်သက်တမ်းမှာ ပညာရေးဘက်က သိသာတဲ့ ပြောင်းလဲမှု၊ တိုးတက်မှုကတော့ မူလတန်းတွေ မှာ Grade 1, Grade 2, Grade 3 နောက် Grade 6 ထိ သင်ရိုးညွှန်းတမ်း အသစ်တွေ ပြန်ရေးတယ်။ သင်ကြားနည်း အသစ်တွေ ပြောင်းတယ်။ အဲဒီပြောင်းလဲမှု တချို့တော့ မြင်ရပါတယ်။

ဒါပေမယ့် မူဝါဒပိုင်းဆိုင်ရာမှာတော့ သိသိသာသာ ပြောင်းလဲမှု ကျနော် မတွေ့ဘူး။ အရင် ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ NLD ရဲ့ ၅ နှစ်သက်တမ်းမှာ မူဝါဒပိုင်းဆိုင်ရာမှာ ထူးခြားတဲ့ ပြောင်းလဲမှု မရှိဘူး။ ဦးသိန်းစိန် အစိုးရလက်ထက်က ပြဋ္ဌာန်း တဲ့ ၂၀၁၄ ပညာရေး ဥပဒေအတိုင်းပဲ ဆက်ဆောင်ရွက်ရတယ်။ ၂၀၀၈ အခြေခံဥပဒေအောက်မှာပဲ ဒီပညာရေးလုပ်ငန်း တွေ ဆောင်ရွက်ရတဲ့အတွက် NLD အစိုးရလက်ထက်မှာ ပညာရေးမူဝါဒပိုင်းဆိုင်ရာမှာတော့ ထူးခြားတဲ့ ပြောင်းလဲမှု မရှိ ဘူး။ နောက် ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၄ ပညာရေးဥပဒေက ဗဟိုချုပ်ကိုင်တဲ့ ဥပဒေအမျိုးအစား ဖြစ်တယ်။ တနိုင်ငံလုံး မှာ ဗဟိုရဲ့ ညွှန်ကြားချက်နဲ့ပဲ လုပ်ရတဲ့အခါကျတော့ တိုင်းရင်းသားဒေသတွေမှာ ဗမာစကား မပြောတဲ့ကလေးတွေ၊ သူတို့ရဲ့ မိခင်ဘာသာစကား ပြောတဲ့ကလေးတွေ ပညာရေး အခက်အခဲတွေ ကြုံရတယ်။

နောက်ပြန်လှည့်သွားမလား ဆိုတဲ့နေရာမှာ မူဝါဒကတော့ အတူတူပဲလို့ ထင်တယ်။ ၂၀၁၄ ပညာရေး ဥပဒေအတိုင်း သွားတော့ မူဝါဒကတော့ ပြောင်းလဲမှု မရှိဘူး။ ဒါပေမယ့် ထူးခြားတာက NLD အစိုးရအပေါ် လူထုယုံကြည်မှု ရှိတယ်။ NLD အစိုးရအပေါ် ဆရာ၊ ဆရာမတွေ ယုံကြည်တယ်။ ကျောင်းသားတွေ ယုံကြည်တယ်။ ဒါကြောင့် ယုံကြည်သက်ဝင်မှု ရှိတဲ့ အတွက် မျှော်လင့်ချက် ရှိတယ်။ NLD အစိုးရအပေါ်မှာ မျှော်လင့်ချက် ရှိတယ်။ အခု စစ်အာဏာသိမ်းလိုက်တော့ ဒီစစ်အုပ် ချုပ်ရေးအပေါ်မှာ ယုံကြည်မှုနည်းတယ်ဆိုတာ တွေ့တယ်။ ကျောင်းသားတွေရော၊ ဆရာတွေရော၊ မိဘတွေရော ယုံကြည်မှု မရှိတဲ့အတွက် ပညာရေးအပေါ်မှာ အားကိုးအားထားမှု နည်းလာတယ်။

မူဝါဒအရတော့ မပြောင်းလဲဘူး။ ဒါပေမယ့် သင်ယူမှု ပတ်ဝန်းကျင်မှာ ပြောင်းလဲတယ်။ ပညာရေးအပေါ်မှာ ယုံကြည်မှု၊ စီမံခန့်ခွဲတဲ့သူတွေအပေါ်မှာ ယုံကြည်မှု အဲဒါကတော့ ထူးထူးခြားခြား ပြောင်းလဲမှု ရှိတယ်။ ပညာရေးမှာ ယုံကြည်မှု မရှိတဲ့ အတွက် သင်ယူမှု ထိခိုက်တယ်။ ကျောင်းသားတွေရဲ့ သင်ယူမှုမှာရော၊ ဆရာတွေရဲ့ သင်ကြားရေးမှာရော ထိခိုက်တယ်လို့ ကျနော်မြင်တယ်။

မေး ။ ။ တချိန်က နိုင်ငံတကာက အသိအမှတ်ပြုရတဲ့ အရည်အသွေးရှိခဲ့တဲ့ မြန်မာ့ပညာရေးဟာ စစ်အာဏာသိမ်း မှုတွေကြောင့် သိသိသာသာကို ကျဆင်းသွားခဲ့ရတယ်။ ဒီလို စစ်အာဏာသိမ်းမှုတွေရဲ့ ပညာရေးအပေါ် ရိုက်ခတ်မှုတွေကို လည်း နှိုင်းယှဉ် သုံးသပ်ပေးပါအုံးရှင့်။

ဖြေ ။ ။ ၁၉၆၂ အာဏာသိမ်းတော့ ကျနော်က မူလတန်းကျောင်းသား၊ ကျောင်းနေခါစပဲ ရှိသေးတယ်။ ၆၂ မတိုင်ခင်က မြန်မာနိုင်ငံရဲ့ ပညာရေးက နိုင်ငံတကာက အသိအမှတ်ပြုရတဲ့ အရည်အသွေး ရှိတယ်။ နိုင်ငံတကာက ကျောင်းသားတွေ ဒီရန်ကုန်တက္ကသိုလ်မှာ ကျောင်းလာတက်ကြတယ်။ အာရှမှာဆိုရင် မြန်မာနိုင်ငံရဲ့ပညာရေးက ရှေ့တန်းမှာ ရောက်တာပေါ့။

၁၉၆၂ အာဏာသိမ်းပြီးတဲ့နောက် ၁၉၆၄ မှာ ကျောင်းတွေကို ပြည်သူပိုင်သိမ်းလိုက်တယ်။ နောက် ပညာရေးမူဝါဒအသစ် ချမှတ်တယ် ဦးနေဝင်း အစိုးရလက်ထက်မှာ။ အဲဒီ ပညာရေးမူဝါဒက ဆိုရှယ်လစ်စီးပွားရေးကို အထောက်အကူပြုတဲ့ ပ ညာရေးစနစ်ဆိုပြီးတော့ ရေးတယ်။ ဆိုရှယ်လစ်ဆိုပေမယ့် နိုင်ငံတကာ ဆိုရှယ်လစ်နဲ့မတူတဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဆို ရှယ်လစ်ပေါ့။ အဲဒါနဲ့ ကိုက်ညီမယ့် ပညာရေးစနစ်ကို အကောင်အထည်ဖော်မည်လို့ ရေးထားတဲ့အခါကျတော့ ပညာရေးကို နိုင်ငံရေးအရ အသုံးချလိုက်တယ်။ အဲဒီအချိန်က ဦးနေဝင်း အစိုးရရဲ့ နိုင်ငံရေးအပေါ်မှာ ပညာရေးကို အသုံးချမှုပေါ့။ အဲဒီ အတွက် ပညာရေးက လွတ်လပ်မှု မရှိတော့ဘဲနဲ့ အုပ်ချုပ်တဲ့အစိုးရရဲ့ ချုပ်ကိုင်မှုအောက်ကို ရောက်သွားတယ်။

နောက် ကျနော် မှတ်မိတယ်။ ၈ တန်းအောင်စာရင်းထွက်တဲ့အခါ ဝိဇ္ဇာနဲ့သိပ္ပံ ခွဲလိုက်တယ်။ အမှတ်ကောင်းတဲ့သူက သိပ္ပံ လိုင်းကိုသွား။ အမှတ်နည်းရင် ဝိဇ္ဇာဘာသာရပ် ယူရတော့ ဝိဇ္ဇာဘာသာရပ်တွေနဲ့ အခန်းကဏ္ဍကို လျှော့ချပစ်လိုက်တယ်။ ဒီထက်ဆိုးတာက ၆၂ မတိုင်ခင်ကဆို တိုင်းရင်းသားဒေသကျောင်းတွေမှာ သက်ဆိုင်ရာ ဘာသာစကားကို သင်ကြားခွင့် ရှိ တယ်။ တိုင်းရင်းသားဘာသာစကား သင်တဲ့ဆရာတွေလည်း ခန့်ထားတယ်။ ၆၂ အာဏာသိမ်းပြီးတော့ တိုင်းရင်းသားဘာ သာစကား သင်ကြားမှုတွေကို ရပ်ဆိုင်းပစ်လိုက်တယ်။ ဗမာစကားတခုတည်းနဲ့ သင်ရတယ်။

အဲဒီအပေါ်မှာ ပညာရေး သုံးသပ်တဲ့သူတွေက ဦးနေဝင်းအစိုးရက Burmanization လုပ်တယ်ဆိုပြီး ဝေဖန်ကြတယ်။ ဗမာ မှုပြုတာပေါ့။ ဗမာစကား၊ ဗမာယဉ်ကျေးမှုနဲ့ တတိုင်းပြည်လုံးမှာနေတဲ့ လူမျိုးအားလုံးကို လွှမ်းမိုးလိုက်တယ်လို့ သုံးသပ် တယ်။ ဒါက ၆၂ ကနေ ၈၈ အထိပေါ့။ ဦးနေဝင်းအစိုးရက ပညာရေးကို ချုပ်ကိုင်လိုက်တယ်။ ပညာရေး အရည်အချင်းက ကျဆင်းသွားတယ်။ သိသိသာသာကို ထိုးကျသွားတယ်။

၁၉၈၈ အရေးခင်း ဖြစ်ပြီးနောက်ပိုင်း ပညာရေးက ပိုဆိုးသွားတယ်။ ကျောင်းသားတွေရဲ့ ပညာသင်ယူနိုင်တဲ့ အခွင့်အလမ်း အများကြီး ဆုံးရှုံးသွားတယ်။ နောက် ကုလသမဂ္ဂရဲ့ လေ့လာဆန်းစစ်ချက်အရ ကျောင်းနေတဲ့ ကျောင်းသားတွေရဲ့ ၆၀ ရာ ခိုင်နှုန်းက မူလတန်းမပြီးခင် ကျောင်းထွက်တယ်။ ၄၀ ရာခိုင်နှုန်းလောက်ပဲ မူလတန်းပြီးတယ်။ တဖြည်းဖြည်း အလယ် တန်း၊ အထက်တန်းတွေ လျော့နည်းသွားပြီး ကျောင်းနေစာရင်းရဲ့ ၂ ရာခိုင်နှုန်းပဲ တက္ကသိုလ်ပညာ သင်ခွင့်ရှိတယ်။ ပညာ  ရေး သင်ယူနိုင်တဲ့ အခွင့်အလမ်းက တအားကို ကျဆင်းသွားတယ်။ တက္ကသိုလ်တွေမှာ ကျောင်းသားတွေက ကိုယ်သင်ယူ ချင်တဲ့ ဘာသာရပ်ကို သင်ယူနိုင်ခွင့် မရှိတော့ဘူး။ ဆယ်တန်းစာမေးပွဲမှာရတဲ့ အမှတ်ပေါ်မှာ တက္ကသိုလ်ဘာသာရပ်တွေ ယူရတဲ့အတွက်၊ ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ကို သင်ကြားခွင့် မရှိတဲ့အတွက် ကျောင်းသားတွေက သင်ယူမှုမှာ စိတ် ပျက်တယ်။ အဲဒီအတွက် မြန်မာနိုင်ငံ ပညာရေးက ထိုးကျသွားတယ်။

နောက် ၂၀၁၀ ရွေးကောက်ပွဲတွေ ပြန်ဖြစ်ပြီး ဦးသိန်းစိန်အစိုးရ တက်လာပြီးတော့ ၂၀၁၂ ရောက်တဲ့အခါ လွှတ်တော်ထဲမှာ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ ပြောလာတယ်။ တက္ကသိုလ်နဲ့ အခြေခံ ဆရာ၊ ဆရာမတွေကိုယ်တိုင်နဲ့ ပြင်ပပညာရေးအဖွဲ့ အစည်းတွေကလည်း ဒီမိုကရေစီနည်းကျတဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ဖို့၊ ဗဟိုချုပ်ကိုင်မှုလျှော့ချဖို့ တိုက်တွန်းလာ ကြတယ်။ ၂၀၁၄ မှာ အမျိုးသားပညာရေးဥပဒေကို ပြဋ္ဌာန်းလိုက်တယ်။ အဲဒီမှာ ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေ ဖွဲ့စည်းခွင့်တို့ တိုးလာတာရှိတယ်။ ဒါပေမယ့် ဗဟိုချုပ်ကိုင်မှု မပြောင်းလဲဘူး။ တိုင်းရင်းသားတွေရဲ့ မိခင်ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေက လွတ်လပ်ခွင့် မရှိဘူး။ တိုင်းရင်းသားဒေသတွေရဲ့ ပညာရေးကို အသိအမှတ် မပြုထားဘူး။ တလျှောက် လုံးမှာ ဒီလိုဖြစ်လာတယ်။

NLD အစိုးရ သက်တမ်း ၅ နှစ်မှာလည်းပဲ အခြေခံဥပဒေလည်း မပြင်နိုင်ခဲ့ဘူး။ ၂၀၁၄ ပညာရေး ဥပဒေလည်း မပြင်နိုင်တဲ့ အတွက် ဒီဗဟိုချုပ်ကိုင်တဲ့ ပညာရေးစနစ်ကိုပဲ NLD က အကောင်အထည် ဖော်ခဲ့ရတယ်။ ဒါ ၁၉၆၂ ကနေ ကနေ့ထိပေါ့။ ၂၀၁၂ ကနေ ၂၀၂၁ ထိ ပညာရေးရဲ့ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာတယ်။ အခု ၂၀၂၁ မှာ စစ်အာဏာသိမ်းလိုက်တဲ့ အတွက် ဖွံ့ဖြိုးတိုးတက်မှုတွေက ရပ်ဆိုင်းသွားတယ်လို့ မြင်တယ်။

မေး ။ ။ တကယ်လို့ အခုလို စစ်အာဏာသိမ်းမှုသာ မဖြစ်ခဲ့ဘူးဆိုရင် အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာ မြန်မာ့ ပညာရေးကဏ္ဍက တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာမယ့် အလားအလာ ရှိတယ်လို့ ပြောလို့ရမလား။

ဖြေ ။ ။ အရပ်သားအစိုးရလက်ထက်မှာ လူထုရဲ့ ယုံကြည်မှု ရှိတဲ့အတွက် ပါဝင်မှုရှိတယ်။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတဲ့ အတွက် ညှိနှိုင်းတိုင်ပင်ပြီးတော့ ပညာရေး ပြုပြင်ပြောင်းလဲတဲ့ဘက်ကို ဦးတည်တယ်။ အရပ်သားအစိုးရ လက်ထက် မှာတာ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာ အများကြီး ရှိတယ်။

အခု စစ်အာဏာသိမ်းလိုက်တဲ့အခါကျတော့ အုပ်ချုပ်မှုအပေါ်မှာ ယုံကြည်သက်ဝင်မှု မရှိဘူးဆိုတာ ဆန္ဒပြပွဲတွေအရ သိရ တယ်။ အဲဒီလို ယုံကြည်သက်ဝင်မှုမရှိတဲ့အတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ကြဘူး။ အခု CDM လုပ်ကြတယ်။ ဆရာတွေလည်း ကျောင်းမသွားကြဘူး၊ ကျောင်းသားတွေလည်း ကျောင်းမသွားကြဘူးဆိုတော့ အခုလက်ရှိ စစ်အုပ်ချုပ်  ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်တဲ့အတွက် ပညာရေးဖွံ့ဖြိုးတိုးတက်မှုက အလားအလာနည်းတယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ တနှစ်ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းပညာရေးတွေ နှောင့်နှေးခဲ့ရတယ်။ အခု တခါမှာ လည်း စစ်အာဏာသိမ်းမှုကြောင့် ထပ်ပြီး လူငယ်တွေ ပညာသင်ခွင့် ဆုံးရှုံးရမလို ဖြစ်နေတယ်။ ဒီလို ကြားကာလမှာ လူငယ်တွေအနေနဲ့ ဘယ်လို လေ့လာသင်ယူမှုတွေ ပြုနိုင်ပါမလဲ။

ဖြေ ။ ။ လူငယ်တွေမှာ သူတို့ရဲ့ ပိုင်းဖြတ်ချက်တွေ၊ စွန့်လွှတ်စွန့်စားမှုတွေ၊ သူတို့ရဲ့နိုင်ငံချစ်စိတ်၊ နိုင်ငံကို ကောင်းစေချင် တဲ့စိတ်တွေ တွေ့ရတဲ့အတွက် အားရပါတယ်။ သူတို့မှာ ကျောင်းတွေ မဖွင့်ပေမယ့် သူတို့ လေ့လာသင်ယူမှု လုပ်နေတယ် ဆိုတာ ကျနော် နားလည်တယ်။ သူတို့ သင်ယူတတ်တယ်။ သူတို့ခေတ်မှာ သူတို့တတ်ကျွမ်းတဲ့ အင်တာနက် နည်းပညာနဲ့ သင်ယူနိုင်တယ်ဆိုတာ သိတယ်။ အဲဒီအတွက် လူငယ်တွေကို အထူးပြောစရာမလိုဘူး။

လူငယ်တွေအတွက် လိုအပ်တာက သူတို့ လေ့လာချင်တဲ့ ဘာသာရပ်၊ သူတို့ ဝါသနာပါရာ၊ လုပ်ချင်ရာ အဲဒါတွေကို လွတ် လပ်စွာ လေ့လာပိုင်ခွင့်ရှိဖို့ပဲ။ အခုအချိန်မှာ ကျနော်တို့ ပညာရေးစနစ်က ဗဟိုချုပ်ကိုင်တဲ့ ပညာရေးအမျိုးအစား ဖြစ်နေ တော့ ကျောင်းသားတွေ ဘာသာရပ် ရွေးချယ်ခွင့်၊ သူတို့ စိတ်ဝင်စားတာ ဆောင်ရွက်ခွင့်မရတဲ့အတွက် ကျောင်းတွေကနေ ပြီး လူငယ်တွေရဲ့ လွတ်လပ်စွာ သင်ယူမှုကို မပေးနိုင်ဘူး။ ကျောင်းတွေကတောင်မှ လူငယ်တွေရဲ့ လွတ်လပ်စွာ သင်ယူမှု ကို အဟန့်အတား ဖြစ်နေသေးတယ်။

အဲဒါကြောင့် လူငယ်တွေ အခု ဆောင်ရွက်နေတဲ့ လွတ်လပ်စွာ သင်ယူမှုကို ဒီထက်ပိုတိုးပြီး လုပ်စေချင်တယ်။ သင်ယူဖို့ အခွင့်အရေးတွေ အများကြီးရှိတယ်။ အင်တာနက်မှာ အွန်လိုင်းနဲ့ ပို့ချနေတဲ့ သင်ခန်းစာတွေ ရှိတယ်။ အဲဒါတွေ အဆက်မ ပြတ် လေ့လာဖို့လိုတယ်။ ရပ်ထားလို့ မရဘူး။ နည်းပညာအသစ်ဆန်းတွေ၊ လေ့လာတွေ့ရှိချက် သုတေသနအသစ်တွေ၊ အလုပ်အကိုင်အသစ်တွေ၊ အတွေးအခေါ်အသစ်တွေဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်။ အဲဒီ ပြောင်းလဲမှုတွေနဲ့ မီအောင် ကျနော်တို့က အမြဲတမ်း လေ့လာနေဖို့ လိုတယ်။

အင်တာနက် အဆင်ပြေတဲ့သူတွေက အင်တာနက်ကနေ လေ့လာနိုင်ပေမယ့် ကျနော်တို့နိုင်ငံက အင်တာနက်က လူတိုင်း တန်းတူညီမျှ သုံးနိုင်တာ မဟုတ်ဘူး။ ဒါပေမယ့် အင်တာနက်မရှိလို့ မလေ့လာနိုင်ဘူးဆိုပြီး ရပ်ထားဖို့တော့ မသင့်ဘူး။ တခြားနည်းလမ်းတွေနဲ့ သင်ယူဖို့လိုတယ်။ လူငယ်တွေဟာ သူတို့လေ့လာ သင်ယူချင်တဲ့ဘာသာရပ်အတွက် သူတို့နဲ့ ဘာ သာရပ်တူတဲ့သူ၊ ဝါသနာတူတဲ့သူတွေ စုပြီး learning community သူတို့ရဲ့ သင်ယူတဲ့ပတ်ဝန်းကျင်လေး သူတို့ကိုယ်တိုင် ဖန်တီးလိုက်ဖို့ လိုတယ်။ နိုင်ငံရေးလား၊ စီးပွားရေးလား၊ နည်းပညာလား စသဖြင့် သူတို့လေ့လာချင်တဲ့ အကြောင်းအ ရာတွေကို ဝါသနာတူတဲ့လူတွေနဲ့ စုလိုက်ပြီး သူတို့ဘာကို သင်ယူချင်တယ်၊ ဘယ်အထိ သင်ယူမှာလဲ၊ ဘယ်လိုနည်းလမ်း နဲ့သင်ယူမှာလဲ။ နောက် တတ်ကျွမ်းတဲ့ အတွေ့အကြုံရှိတဲ့ ဆရာတွေကို မေးမြန်းပြီးတော့ သူတို့သင်ယူမှု ပန်းတိုင်ကို ချမှတ်ပြီး သူတို့ကိုယ်တိုင် အားထုတ်ဖို့လိုတယ်။

ကျနော်က တိုက်တွန်းချင်တာက လူငယ်တွေ ကျောင်းတွေ ဖွင့်သည်ဖြစ်စေ၊ မဖွင့်သည်ဖြစ်စေ သူတို့ရဲ့ သင်ယူမှုကို မရပ်ဖို့ တိုက်တွန်းချင်တယ်။ အင်တာနက်ရရင် အင်တာနက်၊ မရရင်လည်း တခြားနည်းလမ်းနဲ့ စာကြည့်တိုက်တွေရှိတယ်။ အတွေ့ အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေ ရှိတယ်။ မေးမြန်းပြီးတော့ လေ့လာစူးစမ်းတဲ့နည်း၊ သုတေသနနည်းတွေနဲ့ သင်ယူလို့ရ တယ်။ သင်ယူမှုကို ရပ်မထားဖို့ ကျနော်က တိုက်တွန်းချင်တယ်။

တချို့ကလည်း ကိုယ့်ဘာကိုယ် သင်ယူတာတော့ ဟုတ်ပြီ။ ဒါပေမယ့် ဘယ်သူက အသိအမှတ်ပြုမှာလဲဆိုတဲ့ မေးခွန်းမေး ကြတာ ရှိတယ်။ အသိအမှတ်ပြုမှု ဆိုတာကတော့ အောင်လက်မှတ် အဆင့်ဆင့်နဲ့ အတန်းတွေ ဆက်တက်ဖို့၊ နိုင်ငံခြား တက္ကသိုလ်တွေ လျှောက်ထားဖို့ စသဖြင့် အလုပ်အကိုင် လျှောက်တဲ့အခါမှာ ဘွဲ့လက်မှတ် ပြနိုင်ဖို့ အဲဒီ အသိအမှတ် ပြုမှု မျိုးကို ပြောတယ်လို့ ထင်တယ်။

ဒီနေရာမှာ နှစ်ပိုင်းခွဲရလိမ့်မယ်။ အသိအမှတ်ပြုတာနဲ့ အရည်အသွေး။ အရည်အသွေးမရှိဘဲနဲ့ လက်မှတ်ကိုပဲ ဦးစားပေး လာတဲ့အခါ အရည်အသွေးမရှိဘဲနဲ့ ဘွဲ့တွေယူလာတာ ကျနော်တွေ့နေရတယ်။ ဒေါက်တာဘွဲ့အတုတွေ သမီးတို့လည်း သိတာပေါ့။ ကြားတာပေါ့။ အဲဒီလိုမျိုး အရည်အသွေးမရှိဘဲနဲ့ လက်မှတ်ကို ဦးစားပေးလာတယ်။ ကျနော်ကတော့ ဒီလက် မှတ်ကို သိပ်ဦးစားမပေးချင်ဘူး။ အရည်အသွေးကိုပဲ ဦးစားပေးချင်တယ်။ အဲဒါကြောင့် လူငယ်တွေက ကိုယ်တိုင်လေ့လာ ကြိုးစားအားထုတ်ပြီး အရည်အသွေးရှိအောင်လုပ်ပါ။ အဲဒီ အရည်အသွေးက တန်ဖိုးမဖြတ်နိုင်ပါဘူး။ လက်မှတ်ဆိုတာက ခဏအပေါ်ယံလေး ပြရုံပဲ။ တကယ်တတ်ကျွမ်းတာက ကိုယ်တိုင်လေ့လာ၊ ဆည်းပူး၊ အားထုတ်ထားတာ။ အရည်အသွေး မရှိဘဲ အသိအမှတ်ပြုတာ နောက်ကို မလိုက်ဘဲနဲ့ အရည်အသွေးနောက်၊ တကယ့်စွမ်း ရည်နောက်ကို လိုက်ဖို့ တိုက်တွန်း အားပေးချင်တယ်။

နောက် Scholarship တွေ ဒီနေ့ခေတ်မှာ မြန်မာနိုင်ငံပညာရေးကို မြှင့်တင်ချင်ကြတဲ့ နိုင်ငံတွေ ရှိတယ်။ Scholarship  အခွင့်အလမ်းတွေ အများကြီး ရှိတယ်။ ကျနော်တို့ခေတ်ကဆို ဒါ တော်တော်နည်းတယ်။ ကျနော့် အတွေ့အကြုံဆို ၁၉၇၄-၇၅-၇၆ ကာလ ကျောင်းသား အရေးအခင်းတွေဖြစ်တော့ ကျနော်လည်း ပါတယ်။ ကျောင်းထုတ်ခံရတယ်။ တက္ကသိုလ် တက်ခွင့်မရတော့ဘူး။ ဒါပေမယ့် ကျနော် အင်္ဂလန်မှာ ကျောင်းတက်ဖို့ အခွင့်အရေးရတယ်။ ဘာကြောင့်လဲဆို တက္ကသိုလ် က ထုတ်လိုက်ပေမယ့် လေ့လာမှုကို မရပ်ထားဘူး။ ကျနော့်မှာ လိုအပ်နေတဲ့ အင်္ဂလိပ်စာ စွမ်းရည်ကို မြှင့်တယ်။ နား မလည်တဲ့ ကွန်ပျူတာပညာတွေ တတ်အောင်သင်တယ်။ စာတွေဖတ်တယ်။ တက္ကသိုလ်တွေ လျှောက်တဲ့အခါ လက်ခံ တယ်။ Scholarship လည်းရတယ်။ အဲဒီအတွက် ကျနော် ပညာဆက်သင်လို့ ရသွားတယ်။ အဲဒီတော့ လူငယ်တွေမှာ ပညာရေးအခွင့်အလမ်းတွေ အများကြီးရှိတယ်။ အဓိကကတော့ အခွင့်အလမ်းတွေ ပေါ်လာတဲ့အခါမှာ ဖမ်းဆုပ်နိုင်အောင် လို့ ကိုယ့်ကိုယ်ကို အရည်အသွေး ဖြည့်ထားဖို့၊ မြှင့်ထားဖို့ပဲ။

မေး ။ ။ အခုဆိုရင် တက္ကသိုလ်အသီးသီးကနေ တာဝန်ရပ်ဆိုင်းခံရတဲ့ CDM ဆရာ၊ ဆရာမ ၁၉၀၀၀ ကျော် ရှိပြီလို့ သိရ ပါတယ်။ ဒီလိုရပ်ဆိုင်းခံရတဲ့အထဲမှာ နှစ်ပေါင်းများစွာ ပညာရေးမှာ ရင်းနှီးမြှုပ်နှံလာတဲ့ ဆရာ၊ ဆရာမတွေလည်း များစွာပါ ဝင်နေပါတယ်။ ဒါတွေကို အကျိုးရှိစွာ ဘယ်လိုနည်းလမ်းတွေနဲ့များ ပြန်လည်အသုံးချလို့ ရနိုင်မလဲ။

ဖြေ ။ ။ ထွက်ပေါ်လာတဲ့ စာရင်းတွေအရ တက္ကသိုလ် သင်ကြားရေး ဆရာ၊ ဆရာမ ၂၀၀၀၀ ကျော်မှာ ၁၉၀၀၀ ကျော်က CDM လုပ်ကြတယ်။ တာဝန်က ရပ်စဲခံရတယ်ဆိုတော့ အများစုကြီးက သူတို့ ကျောင်းကို ပြန်မသွားကြတော့ဘူး။ နိုင်ငံရေး ရပ်တည်ချက်အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်လိုက်တယ်ဆိုတာ တွေ့ရတယ်။ အဲဒီ ဆရာ၊ ဆရာမတွေက ကျောင်းကို ပြန်မ သွားတော့ဘူးဆိုရင် သူတို့ကလည်း ဝါသနာပါတဲ့ သင်ကြာရေးအလုပ်တွေ ဆက်လုပ်ချင်တယ်ဆိုရင် လုပ်ကြမှာပဲ။ ကျနော် ကြားနေရတယ်။ တချို့လည်း အွန်လိုင်းကနေ သင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေ ရှိနေတယ်။ ကိုယ့်ရဲ့နီးစပ်ရာမှာ ကျောင်း သားတွေ စုပြီး သင်ပေးတာတွေ ရှိတယ်။ ဒါတွေ အားပေးပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေ၊ ဘဝတလျှောက်လုံး လေ့ လာဆည်းပူးထားတဲ့ ပညာတွေ အလဟသမဖြစ်ဖို့။

အခြေခံ ဆရာ၊ ဆရာမတွေ အနေနဲ့ကတော့ သင်စရာနေရာတွေ ရှိတယ်။ ဘုန်းတော်ကြီးသင်ကျောင်းတွေ၊ နယ်စပ်ဒေသ မှာ ဖွင့်ထားတဲ့ တိုင်းရင်းသားဒေသတွေက ကျောင်းတွေမှာ ဆရာတွေလိုအပ်တော့ ဒီအခြေခံပညာ ဆရာ၊ ဆရာမတွေက သွားရောက် တာဝန်ထမ်းဆောင်နိုင်ကြတယ်။

တက္ကသိုလ် ဆရာ၊ ဆရာမတွေကတော့ နယ်စပ်ဒေသတွေမှာ ကောလိပ်တွေ တချို့တော့ ရှိတယ်။ အဲဒီတွေမှာလည်း ဆရာ၊ ဆရာမတွေ လိုအပ်မှာပဲလို့ ကျနော် ထင်တယ်။ အဲဒီ ၂ သောင်းနီးပါးရှိတဲ့ ဆရာ၊ ဆရာမတွေရဲ့ အတွေ့အကြုံတွေ ရပ်မသွားဖို့အတွက် ဖန်တီးပေးသင့်တယ်လို့ ထင်တယ်။ ဆရာ၊ ဆရာမတွေ ပြန်စုလိုက်ပြီး ကျောင်းမသွားကြတော့ မယ့် ကျောင်းသားတွေရဲ့ လွတ်လပ်စွာ လေ့လာသင်ယူမှုအပေါ်မှာ အားဖြည့်ပေးတဲ့ဟာမျိုး။ ဒီကျောင်းသားတွေနဲ့အတူတူ သင်ယူတဲ့နည်းလမ်းတွေ ဆရာ၊ ဆရာမတွေက အကြံပေးမယ်။ သင်ယူမှုပန်းတိုင်ကို အတူတကွ ချမှတ်မယ်။ သူတို့ လေ့ လာထားတာတွေ၊ အယူအဆတွေကို ကျောင်းသားတွေနဲ့ ပြန်ဆွေးနွေးမယ်။ ဒီလို နည်းလမ်းနဲ့ ကျောင်းသားတွေက လွတ် လပ်စွာ သင်ယူတာကို ဆရာ၊ ဆရာမတွေက ကူညီအားဖြည့်ခြင်းဖြင့် ဆရာ၊ ဆရာမတွေရဲ့ ပညာတွေ၊ အတွေ့အကြုံတွေကို တန်ဖိုးရှိရှိ အသုံးချနိုင်မယ်လို့ ထင်တယ်။

နောက် ကျနော် သတင်းကြားနေတာ တက္ကသိုလ်ဆရာသမဂ္ဂတွေက တက္ကသိုလ် ထူထောင်ဖို့ဆိုပြီး တိုင်ပင်စဉ်းစားနေကြ တာ ရှိတယ်။ အဲဒီ အခွင့်အလမ်းတွေ ပေါ်လာပြီဆိုရင် ဒီ ဆရာ၊ ဆရာမတွေက ကိုယ်တိုင်ထူထောင်တဲ့ တက္ကသိုလ်တွေမှာ ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ သူတို့ရဲ့ အတွေ့အကြုံ၊ စွမ်းရည်တွေ မလျော့သွားတော့ဘူး။ အလဟသ မဖြစ်သွားတော့ဘူး။ ငယ်သေးတဲ့ ဆရာ၊ ဆရာမတွေက နိုင်ငံခြားပညာတော်သင် သွားသင့်တယ်လို့ ထင်တယ်။ နိုင်ငံခြားတက္ကသိုလ်တွေ မှာ ၃၊ ၄ နှစ်တန်သည် ဆည်းပူးပြီး နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲလာတဲ့အခါကျရင် သူတို့ လေ့လာဆည်းပူးထားတာတွေ ကို ပြန်အကျိုးရှိရှိ အသုံးချလို့ရတယ်။

ကျနော် တိုက်တွန်းချင်တာတော့ အခြေခံ ဆရာ၊ ဆရာမတွေက ဘုန်းတော်ကြီးသင်ကျောင်း၊ ဘုရားကျောင်းက ထူထောင် တဲ့ကျောင်းတွေ၊ နယ်စပ်ဒေသကျောင်းတွေမှာ စာသင်ပေးကြဖို့။ နောက် ပုဂ္ဂလိက ကျောင်းတွေမှာလည်းသင်ပေးနိုင်တယ်။ ပုဂ္ဂလိကကျောင်းနဲ့ ပတ်သက်လို့ တပါတည်း အကြံပေးချင်တာက ကျနော်တို့နိုင်ငံက အခု အကျပ်အတည်းပေါင်းစုံပေါ့။ ကူးစက်ရောဂါ အကျပ်အတည်း၊ နိုင်ငံရေး အကျပ်အတည်းတွေကြား စီးပွားရေးတွေ အဆင်မပြေကြတဲ့အခါ လခအများ ကြီးပေးရတဲ့ ကျောင်းတွေဆိုရင် မပို့နိုင်ကြဘူး။ အဲဒီအတွက် ပုဂ္ဂလိကကျောင်းတွေ အကျိုးအမြတ်ကို ဦးစားမပေးဘဲ နဲ့ ကျောင်းသားတွေ အရည်အသွေးရှိတဲ့ ပညာသင်နိုင်အောင် ဖန်တီးပေးကြဖို့။ အဲဒါဆိုရင် ကျောင်းတွေလည်း ဖွင့်လို့ရ တယ်။ ကျောင်းသားတွေဘက်ကလည်း အခကြေးငွေ မများလှတဲ့အတွက် တက်ရောက်နိုင်တယ်။ အဲဒီလို ကျောင်းတွေမှာ လည်း ဆရာ၊ ဆရာမတွေက သင်ကြားပေးနိုင်ပါတယ်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ခံအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာနကလည်း ကြားကာလ ပညာသင်ကြားခွင့် အစီအစဉ်တွေ ရှိလာအောင် ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။ ဒီအပေါ်မှာ ဆရာ့အနေနဲ့ ဘာများ အကြံပြုချင်တာ ရှိမလဲ။

ဖြေ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနက သူတို့ ဘာလုပ်ငန်းတွေ လုပ်မယ်ဆိုတာ ကျနော် အသေးစိတ် မသိတဲ့အတွက် တိတိကျကျ အကြံပေးဖို့တော့ ခက်ပါတယ်။ ယေဘုယျ အကြံပြုချက်တော့ ပြုနိုင်ပါတယ်။

အစိုးရတရပ် အနေနဲ့ဆိုရင် ပညာသင်ကြားတဲ့လုပ်ငန်းတွေကို ပံ့ပိုးကူညီနိုင်ဖို့ အဓိက လိုတယ်။ ရပ်ရွာ က ကိုယ်တိုင် ထူထောင်ထားတဲ့ကျောင်းတွေ၊ တိုင်းရင်းသားဒေသတွေမှာ ကျောင်းတွေရှိတယ်။ ဘုန်းတော်ကြီးသင်ကျောင်းတွေ၊ ရပ်ရွာ က ထူထောင်ထားတဲ့ ကျောင်းတွေ ရှိတယ်။ အဲဒါတွေကို ပံ့ပိုးကူညီဖို့ စဉ်းစားသင့်တယ်လို့ ထင်တယ်။ ဒီ အစိုးရတရပ် အနေနဲ့ ငါတို့ပဲ ဆုံးဖြတ်မယ်၊ ငါတို့ဆုံးဖြတ်တာ နာခံရမယ် အဲဒီလို မလုပ်စေချင်ဘူး။ တခြားသူတွေ လွတ်လပ်စွာ လုပ်ပိုင် ခွင့်ကို ပံ့ပိုးဖို့ပဲ လိုတယ်။ အခု ပညာရေးလုပ်ငန်းတွေက အစိုးရတွေနဲ့ ကင်းလွတ်ပြီး လုပ်နေတဲ့ လုပ်ငန်းတွေ အများကြီး ရှိတယ်။ ထိထိရောက်ရောက် လုပ်နိုင်တဲ့ လုပ်ငန်းတွေ ရှိတယ်။ အဲဒီလုပ်ငန်းတွေကို ပံ့ပိုးပေးဖို့ တိုက်တွန်းချင်တယ်။ ငါတို့ လုပ်ပေးမယ်၊ ငါတို့လုပ်ပေးတာကိုပဲ လက်ခံရမယ် ဆိုတာမျိုး မလုပ်စေချင်ဘူး။

ဒုတိယတချက် တိုက်တွန်းချင်ကတော့ ပညာရေးကို နိုင်ငံရေးရည်မှန်းချက်နဲ့ မလုပ်ဖို့။ ဆိုလိုတာက နိုင်ငံရေး ရည်မှန်းချက် အတွက် ပညာရေးကို အသုံးမချဖို့ ပြောချင်တယ်။ ဒီစကားကိုတော့ ကျနော် ဘယ်အစိုးရမဆို ပြောတယ်။ ပညာရေးက လွတ်လပ်စွာ သင်ယူဖို့ပဲ ဖြစ်တယ်။ ကျောင်းသားတွေ လွတ်လပ်စွာ သင်ယူနိုင်ဖို့၊ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ဖို့။ အဲဒါ မှသာ လူငယ်တွေရဲ့ အနာဂတ်မှာ ပိုပြီးတော့ ကောင်းမွန်တဲ့၊ ပိုပြီးတော့ဖွံ့ဖြိုးတဲ့၊ ပိုပြီးတော့ စဉ်းစားတွေးခေါ်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မှာ။

အုပ်ချုပ်တဲ့သူတွေက ငါတို့ပေးတာပဲ ယူရမယ်၊ ငါတို့ခိုင်းတာပဲ လုပ်ရမယ်ဆိုရင် ဒီထက် ပိုတိုးတက်တော့မှာ မဟုတ်ဘူး။ ကျနော်တို့ပညာရေးက တလျှောက်လုံး ဒီလို ဖြစ်လာတာလေ။ အုပ်ချုပ်တဲ့သူတွေက ချုပ်ကိုင်ထားတဲ့အတွက် ပညာရေးက မဖွံ့ဖြိုးလာဘူး။ အခု ဘယ်အစိုးရပဲဖြစ်ဖြစ် ကျနော် တိုက်တွန်းချင်တာက ပညာရေးကို လွတ်လပ်ခွင့်ရှိဖို့၊ ပညာရေးကို နိုင် ငံရေးအရ အသုံးမချဖို့၊ နိုင်ငံရေးရည်မှန်းချက်အတွက် ပညာရေးကို အသုံးမပြုဖို့၊ ပညာရေးကို လွတ်လပ်စွာ ရှင်သန်နေဖို့ အတွက် ပံ့ပိုးကူညီဖို့ တိုက်တွန်းချင်ပါတယ်။

You may also like these stories:

အစိုးရနဲ့ ပြည်သူက စစ်သူပုန်ကို နှိမ်နင်းတာဖြစ်တယ်

CDM တွေကို ပထမဆုံး ဦးစားပေးဖို့လုပ်နေတယ်

ကမ္ဘာမှာ သတ်မှတ်ထားတဲ့ ရာဇဝတ်မှုတွေ စစ်ကောင်စီက ကျူးလွန်နေတာဖြစ်တယ်

Did you find apk for android? You can find new Free Android Games and apps.
Loading