မြန်မာ အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ဆက်နွယ်နေသူများကို ဒဏ်ခတ်အရေးယူလိုက်ကြောင်း အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က မေ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံက မြန်မာစစ်အာဏာရှင်နှင့် ဆက်နွယ်သော အဖွဲ့အစည်းတခုနှင့် အရပ်သား နိုင်ငံသားရေးသမားတချို့၊ ၎င်းတို့၏ သားသမီးများ အပါအဝင် လူပုဂ္ဂိုလ် ၁၆ ဦးတို့ကို ဒဏ်ခတ်အရေးယူလိုက်ခြင်း ဖြစ်ပြီး၊ စစ်ကောင်စီနှင့် ပူးပေါင်း သည့် အရပ်သား နိုင်ငံရေးသမားများဖြစ်သည့် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ မန်းငြိမ်းမောင်နှင့် စိုင်းလုံဆိုင်တို့ ပါဝင် ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် စစ်ကောင်စီခန့်သည့် ပြည်ထောင်စုဝန်ကြီးများဖြစ်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဦးထွန်းထွန်းနောင်၊ စီးပွားကူးသန်းဝန်ကြီး ဦးပွင့်ဆန်း၊ ဘဏ္ဍာရေးဝန် ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ သဘာဝသယံဇာတဝန်ကြီး ဦးခင်မောင်ရီ၊ တိုင်းရင်းသားရေး ရာဝန်ကြီး ဦးထွန်းအောင်မြင့်၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်းနှင့်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးတို့ပါ ပါဝင် ကြောင်း ဖော်ပြထားသည်။
၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများကို အကြမ်းဖက် နှိမ်နင်းခြင်းနှင့် ကလေးငယ်များအား သတ် ဖြတ်ခြင်း အပါအဝင် မြန်မာပြည်သူများအပေါ် ဆက်လက် ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် သေစေနိုင်လောက်သည့် တိုက်ခိုက်မှုများအတွက် အဓိက တာဝန်ရှိသူများ ဖြစ်သောကြောင့် အရေးယူရခြင်း ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဌာနက ပြောဆိုထားသည်။
ထို့ပြင် စစ်ကောင်စီအဖွဲ့ဝင် လေတပ်ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ သား၂ ယောက်ဖြစ်သည့် ဦးဟိန်းထက်၊ ဦးကောင်း ထက်နှင့် ရေတပ်ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၏ သမီးဖြစ်သူ ယဉ်မင်းသူတို့ကိုလည်း ဒဏ်ခတ်အရေးယူထားသည်ဟု သိ ရသည်။
အရေးယူခံလိုက်ရသည့် လူပုဂ္ဂိုလ် ၁၆ ဦး၏ အမေရိကန်နိုင်ငံအတွင်း ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားပြီး အမေရိကန် နိုင်ငံ သားများအနေနှင့် အဆိုပါ လူပုဂ္ဂိုလ်များအား ဆက်သွယ်ဆက်ဆံမှု မပြုလုပ်ရန်လည်း တားမြစ်ထားသည်။
ထို့အတူ ကနေဒါ အစိုးရက မြန်မာစစ်ကောင်စီနှင့် ဆက်စပ်သည့် လူပုဂ္ဂိုလ် ၁၆ ဦး၊ အဖွဲ့အစည်း ၁၀ ဖွဲ့ကို အရေးယူ ပိတ် ဆို့ကြောင်း သတင်းထုတ်ပြန်ထားသလို ဗြိတိန်နိုင်ကလည်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့ကျောက်မျက်လုပ်ငန်းကို ဒဏ်ခတ်အရေးယူကြောင်း ထုတ်ပြန်ကြေညာထားသည်။
ပြီးခဲ့သည့် မတ် ၁၉ ရက်၊ ဥရောပသမဂ္ဂ (EU) က အာဏာသိမ်း စစ်ကောင်စီတွင် ပါဝင်သည့် အရပ်သား နိုင်ငံရေးသမား တချို့နှင့် မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း၂ ခု ကို ဒဏ်ခတ် အရေးယူခဲ့ပြီးနောက်ပိုင်း အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါ နိုင်ငံတို့ကပါ အရေးယူပိတ်ဆို့မှုများ ထပ်တိုးချမှတ်လာခြင်း ဖြစ်သည်။
EU ၏ အရေးယူ ဒဏ်ခတ်မှု စာရင်းတွင် ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင်၊ ဦးစောဒယ်နီရယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးချစ်နိုင် (ချစ်နိုင် – စိတ်ပညာ) တို့ပါဝင်ပြီး စီးပွားရေးလုပ်ငန်းများ အနေဖြင့် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ ပါဝင်သည်။
You may also like these stories:
စစ်ကောင်စီအဖွဲ့ဝင် အရပ်သားများကို EU ဒဏ်ခတ်အရေးယူ
စစ်ကောင်စီ ငွေရှာတဲ့ ကျောက်မျက်လုပ်ငန်းကို အမေရိကန်ပိတ်ဆို့အရေးယူ