ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ၏ ထက်ဝက်ကျော်သည် ကုမ္ပဏီဘဏ်စာရင်း မဖွင့်ဘဲ လုပ်ကိုင်နေသောကြောင့် ဘဏ်စာရင်းအကောင့်များ ဖွင့်လှစ်ရန်နှင့် မဖွင့်ပါက အရေးယူမည်ဟု စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက လုပ်ငန်းရှင်များအား သတိပေးထားကြောင်း သိရသည်။
ထိုသို့ သီးသန့်ဘဏ်စာရင်းများ မဖွင့်ဘဲ လုပ်ကိုင်နေသည့်အတွက် နိုင်ငံခြားဝင်ငွေစာရင်းများ မသိရှိရသဖြင့် လုပ်ငန်း များမှ ရရှိလာသည့် နိုင်ငံခြားဝင်ငွေအပေါ် အခွန်ကောက်ခံနိုင်မှု မရှိသောကြောင့် စစ်ကောင်စီဘက်က ထိုသို့ ဖိအား ပေးလာခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
လက်ရှိ ပြည်တွင်း၌ အထည်ချုပ်လုပ်ငန်း အပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းပေါင်း ၇၀၀ ကျော် ရှိသည့်အနက် ကုမ္ပဏီဘဏ်စာရင်း ဖွင့်လှစ်ထားသည့် လုပ်ငန်းပေါင်း ၃၀၀ ကျော်သာ ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အသင်းဝင် ကုန်ထုတ်စက်မှု လုပ်ငန်းရှင်တဦးက “အမှန်က စီးပွားရေးလုပ်ငန်းဆိုရင် စီးပွားရေးလုပ်ငန်းအကောင့် လုပ်ရမှာပေါ့။ ဒါပေမဲ့ မြန်မာပြည် မှာက အရင်ထဲက အဆင်ပြေသလို လုပ်ခဲ့တာ။ ဒါမျိုးရှိတယ်။ ဘာလို့ဆို ကုမ္ပဏီဆိုရင်က တခုခုလုပ်ရင် ဆုံးဖြတ်ချက် တွေ လိုတယ်။ အခုအချိန်မှာဆိုရင် ဒီလိုစာရွက်တွေက တောင်းနေတော့ ပါစင်နယ်ဆို ပိုလွတ်လပ်တော့ သုံးနေတာ။ အခုက ဒါကို တိတိကျကျ ဖြစ်အောင် လုပ်တာပေါ့။ အဓိကတော့ အခွန်ကောက်ချင်လို့ လုပ်တာ” ဟု ဧရာဝတီကို ပြောသည်။
ထို့ကြောင့် စစ်ကောင်စီ အနေဖြင့် ကုမ္ပဏီအကောင့်နှင့် လုပ်ငန်းများကို ပြောင်းလဲအသုံးပြုခိုင်းပါက ဘဏ်စနစ်များ အား လွယ်ကူလျင်မြန်စွာ လုပ်ပေးရန်နှင့် ရုံးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များကိုလည်း လျင်မြန်စွာ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းက ရှင်းပြသည်။
စစ်ကောင်စီ၏ အခွန်ရုံးများက တချို့လုပ်ငန်းများတွင် အရှုံးပေါ်နေသော်လည်း အမြတ်ခွန်အပေါ်၌သာ အနီးစပ်ဆုံးယူ၍ အခွန်ဆောင်ခိုင်းမှုများ ရှိနေခြင်း၊ လုပ်ငန်းလုပ်ကိုင်ရာ၌လည်း စာရွက်စာတမ်း တောင်းခံမှုများခြင်းနှင့် ဘဏ်စနစ် မလွယ်ကူခြင်း စသည်တို့ကြောင့် ပါစင်နယ်အကောင့်ဖြင့်သာ အသုံးပြုမှုများလာခြင်း ဖြစ်ကြောင်းလည်း လုပ်ငန်းရှင် များက ဆိုသည်။
လက်ရှိ အထည်ချုပ် အပါအဝင် ကုန်ထုတ်လုပ်ငန်းများတွင် ဥပရောပနိုင်ငံများ၏ အော်ဒါအပ်ထည်အမှာစာများ ယခင် လများထက် ၃၀ ရာခိုင်နှုန်းနီးပါး လျော့ကျသလို တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်နေခြင်းနှင့် တရုတ် နှစ်သစ်ကူးကာလ ဖြစ်သောကြောင့် တရုတ်ဘက်ရှိ အလုပ်ရုံများ ပိတ်သဖြင့် ကုန်ကြမ်းရရှိမှု လျော့ကျလာပြီး ပြည် တွင်းရှိ စက်ရုံတချို့ လနှင့်ချီ၍ ပိတ်ထားရသည့် အခြေအနေ ဖြစ်နေသည်။
လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံပိုင်ရှင် တဦးက “တချို့ တော်တော်များများက ရုံခွဲတွေ ဖွင့်ထားကြတယ်။ ဒါပေမဲ့ ပထမရုံကပဲ အော်ဒါချုပ်တာတွေလုပ်တော့ ဒုတိယရုံအတွက် ဘဏ်စာရင်းက ဖွင့်စရာမလိုတော့ဘူးထင်လို့ မဖွင့်တာပေါ့။ အဲဒီလိုမျိုးကြောင့် ဘဏ်စာရင်း မဖွင့်တဲ့ကိစ္စ ဖြစ်သွားတယ်။ ဒါကလည်း ဟိုအရင်ကတည်းက ဒီလိုပဲ မဖွင့်ကြတာ” ဟု ပြောသည်။
တကမ္ဘာလုံးတွင် ကိုဗစ်ရိုက်ခတ်မှုများကြောင့် ဝယ်လိုအား ကျဆင်းနေသည့် အချိန်မှာပင် မြန်မာနိုင်ငံ၌ အာဏာသိမ်း ပြီးနောက်ပိုင်း ပျက်စီးယိုယွင်းလာသော ဘဏ်စနစ်၊ နိုင်ငံခြားငွေကြေးအပေါ် စစ်ကောင်စီ၏ ထိန်းချုပ်ကန့်သတ်မှုများ၊ လျှပ်စစ်မီးရရှိမှု မမှန်ခြင်းနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် လနှင့်ချီပိတ်ထားရသည့် စက်ရုံတချို့ ရှိနေသလို ယခု လကုန်ပိုင်းမှစ၍ ယာယီနှင့် အပြီးရပ်ဆိုင်းရမည့် စက်ရုံများလည်း ရှိနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် လုပ်ငန်းရှင်တဦးက “ကုန်ကြမ်းရတဲ့ နေရာကလည်း ကိုဗစ် အရမ်း မြင့်နေတော့ တော်တော်များများက ကုန်ကြမ်းမရတော့ တချို့စက်ရုံတွေက မထုတ်လုပ်နိုင်တာတို့၊ နောက်ကျတာတို့ ဖြစ်တယ်။ ဒီရက်ပိုင်းကနေ သင်္ကြန် (ဧပြီလ) လောက်ထိတော့ အခုလို စက်ရုံတွေ မလည်ပတ်နိုင်တာက ကြာအုံးမယ်။ တရုတ်နှစ်သစ်ကူးက ဒီတလပိုင်းမှာ နှစ်ပတ်လောက် ကြိုပိတ်တာဆိုတော့ ရှေ့ကမှာတဲ့သူတွေရဲ့ ကွန်တိန်နာတွေက နောက်လလောက်မှ ရောက်နိုင်တယ်။ အဲဒီတော့ ဒီလတွေမှာ ကုန်ကြမ်းရဖို့က ကြန့်ကြာနိုင်တယ်။ ဒါကတော့ တချို့ စက်ရုံတွေပေါ့။ အခု ရပ်နားကြမှာကတော့ အော်ဒါပါးလို့ ရပ်နားကြမယ့် စက်ရုံများတယ်” ဟု ရှင်းပြသည်။
ယခုအချိန်တွင် အထည်ချုပ်ငန်း အော်ဒါလျော့ကျမှုအား ရာခိုင်နှုန်းအနေဖြင့် အတိအကျပြောရန် ခက်ခဲသည့် အခြေ အနေ ဖြစ်သော်လည်း လုပ်သားခန့်ထားနိုင်မှုအပိုင်း၌မူ ယခင်လများထက် သိသိသာသာ လျော့ကျလာပြီး ပြည်ပသို့ ပို့ကုန်တင်ပို့မှာ ယခင်နှစ်များထက် ကျဆင်းနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
You may also like these stories:
အထည်ချုပ်လုပ်ငန်းများ နွေရာသီအပ်ထည် အမှာစာ လျော့ကျလာ
ကမ္ဘာ့ဖလား ဂျာစီအင်္ကျီတွေ ဘယ်သူချုပ်သလဲ
စစ်ကောင်စီရဲ့ လုပ်ခလစာ တိုးမြှင့်ပေးရေး အမှန်တကယ် အလုပ်ဖြစ်မှာလား
အချိန်ပိုဆင်းရန် ငြင်းသည့်လုပ်သားများ အလုပ်ထုတ်ခံနေရ