မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း သီးနှံအထွက်နှုန်းကျခြင်း၊ ဈေးကောင်းမရခြင်း အစရှိသည် တို့ကြောင့် စီးပွားရေး ကျပ်တည်းလာကာ ပြောင်း၊ ကွာစေ့၊ ဂျင်း၊ နနွင်း စိုက်ပျိုးသည့် တောင်သူများမှာ သီးနှံအစား ဘိန်းပြောင်းစိုက်လာကြောင်း ဒေသခံများထံက သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ကျဆင်းသွားခြင်း၊ ကုန်ဈေးနှုန်များ အဆမတန်မြင့်တက်လာခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်သားများ ရှားပါးလာခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်သော (ဓာတ်မြေဩဇာ၊ မြေဆီ၊ ပိုးသတ်ဆေး) အစရှိသည်တို့ ဈေးမြင့်တက်လာခြင်းကြောင့် စိုက်ပျိုးစရိတ်နှင့် မကာမိသည့်အတွက် တွက်ချေကိုက် သည့် ဘိန်းစိုက်ပျိုးမှုကို ပြောင်းလဲ လုပ်ကိုင်လာခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်ရှိ တောင်သူကြီး တဦးက “ဒီနှစ်က အထွက်နှုန်း မကောင်းဘူး ဈေးလည်း မကောင်းဘူး။ အရင်က ပြောင်း၊ နနွင်း၊ ဂျင်းတို့ စိုက်တယ်။ အခု ဒါတွေစိုက်ရင် သယ်ပိုးဖို့ ဘာဖို့ ခက်တယ်။ အဲဒီတော့ ဘိန်းကို စိုက်တယ်။ ဘိန်းက စိုက်ပျိုးရတာ လွယ်တယ်။ တယောက်ထဲ ၁ ပိဿာ ၂ ပိဿာ သယ်လည်း ဘာမှ မဖြစ်ဘူးလေ။ ဟိုကောင် (သီးနှံ) ကျတော့ အချိန် ၃၀ ဆယ်၊ ၄၀ ဆယ်မှ ပိုက်ဆံလေး ၂ သောင်း၊ ၃ သောင်း ရတာ၊ ဘိန်းကျတော့ အဲဒီ လောက် သယ်နိုင်ရင်ကို ပိုက်ဆံတော်တော်များများ ရနေပြီ။ အဲဒီလိုမျိုး ကွာလို့ သူတို့က ဘိန်းစိုက်ကြတာ၊ ဘိန်းက ပိုမြတ်တယ်။ ကျနော်တို့ စိုက်တဲ့သီးနှံက မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
စားဝတ်နေရေးအရ ဒေသထွက် ရာသီပေါ် သီးနှံများဖြစ်သော ပြောင်း၊ ဂျင်း၊ နနွင်း အစရှိသည့် သီးနှံများ စိုက်ပျိုးပါက အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာသော သွင်းအားစုဈေးနှင့် တွက်ပါက စိုက်ပျိုးစရိတ်မှာ တဧကလျှင် အနိမ့် ဆုံး ငွေကျပ် ၁၃ သိန်းအထိ ရှိပြီး ဘိန်းစိုက်ပျိုးပါက တဧကလျှင် အများဆုံး ကျပ် ၁၀ သိန်း ဝန်းကျင်သာ ကုန်ကျ သဖြင့် ကုန်ကျစရိတ်သက်သာခြင်း၊ ထွက်လာသည့် ကုန်စည်မှာလည်း သီးနှံထက် ဈေးပိုရသောကြောင့် ဘိန်းကို ပို၍ စိုက်ပျိုးလာခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
၎င်းက ဆက်၍ “စားဝတ်နေရေး အခြေအနေအရ ပေါ့နော်။ ကျန်တဲ့သီးနှံစိုက်ရင် စားဝတ်နေရေးက မလောက်ငှ နိုင်တော့ဘူး။ အဲဒါကြောင့် သူတို့က ဘိန်းကို ပြောင်းလဲ စိုက်ရခြင်း ဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေဆိုရင် ဘိန်းစိုက်မယ့် သူ သိပ်မရှိဘူး။ သူတို့ ဘာစိုက်လဲဆိုရင် ပြောင်းတို့၊ ကွာစေ့တို့၊ ဂျင်း၊ နနွင်းပဲ စိုက်တာ။ အာဏာသိမ်းပြီးတော့ စားသောက်ကုန် ဈေးနှုန်းတွေက တက်တယ်။ ကျနော်တို့ သီးနှံဈေးနှုန်းတွေက ကျတယ်။ အဲဒီလိုအခြေအနေကြားမှာ တောင်သူတွေက ဘယ်လိုမှ ရပ်တည်လို့ မရတော့တဲ့အတွက် ဘိန်းစိုက်ကြတယ်” ဟု လက်ရှိဒေသ၏ အခြေအနေ ကို ပြောပြသည်။
ဘိန်းစိုက်ပျိုးမှုတွင် သက်ငယ်နှင့် သက်ကြီး နှစ်မျိုးရှိပြီး သက်ငယ်မှာ တဧကလျှင် စိုက်ပျိုးစရိတ် ကျပ် ၇ သိန်းခွဲခန့် ကုန်ကျစရိတ်ရှိကာ အထွက်နှုန်းမှာ ၆ ပိဿာ (၆ လုံး) မှ ၇ ပိဿာအထိ ထွက်ကာ ဈေးနှုန်းအနေဖြင့် ၁ လုံး (၁ ပိဿာ) လျှင် ကျပ် ၈ သိန်းကျော်အထိ ရကြောင်း၊ သက်ကြီးမှာ တဧကလျှင် စိုက်ပျိုးစရိတ် ကျပ် ၁၀ သိန်းခန့်ကုန် ကျပြီး အထွက်နှုန်းမှာ ၈ ပိဿာအထိ ထွက်သလို ဈေးနှုန်းမှာလည်း ၁ ပိဿာလျှင် ကျပ် ၉ သိန်း အထိရရှိကြောင်း သိရသည်။
သက်ကြီး ဘိန်းမျိုး ၁ နှစ်အထိ အထားခံသလို အရည်အသွေးမှာလည်း သက်ငယ် ဘိန်းမျိုးထက် ပိုကောင်းပြီး ဈေးနှုန်း အနေနှင့်လည်း သက်ကြီးမျိုးက ဈေးပိုရကြောင်း၊ ဘိန်းကို ဩဂုတ်လတွင် စတင်စိုက်ပျိုးကြောင်း ဘိန်းစိုက်တောင်သူ များထံက သိရသည်။
ရှမ်းပြည်နယ် ဘိန်းစိုက်တောင်သူ တဦးက “ဘိန်းက အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ ဈေးကွက်က ပိုတွင်ကျယ် လာတယ်။ ဈေးကောင်းလာတဲ့ သဘောရှိတယ်။ နေရာဒေသအလိုက်တော့ ဈေးက ကွာနိုင်တယ်။ ကျနော်တို့ ဘက်မှာ တော့ ၁ လုံးကို အခု ကျပ် ၈ သိန်း ၃ သောင်းပေါက်တယ်။ တောင်ပေါ်ဒေသဆိုတော့ တခြားဆို ထောပတ်သီး စိုက် တယ်။ တအိမ်မှာ ထောပတ်ပင် ၁၀၀/၂၀၀ ပုံမှန်ရှိတယ်။ ဒါပေမယ့် ဒီနှစ်ဆိုရင် ထောပတ်သီးက ဝယ်မယ့်သူမရှိတော့ အပင်ပေါ် တင် အပုပ်ခံလိုက်ရတယ်။ ဈေးကွက်မရှိဘူး” ဟု လက်ရှိအခြေအနေကို ပြောသည်။
ထို့ကြောင့် တောင်သူများမှာ ဝင်ငွေပိုရသည့် ဈေးကွက်ကောင်းသော ဘိန်းစိုက်ပျိုးမှုကို လုပ်ကိုင်ရခြင်း ဖြစ်ပြီး၊ စိုက်ပျိုး၍ အဆင်မပြေသော တချို့သူများမှာမူ အိမ်နီးနိုင်ငံများသို့ ထွက်ခွာသွားကြသည်များလည်း ရှိကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “အခု ထိုင်းမသွားတဲ့ ကျနော်တို့လိုသူတွေသာ ဘိန်းစိုက်ကြတယ်။ သီးနှံကျတော့ အခက်အခဲ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေးလဲ မကောင်းဘူး။ အဲဒီတော့ ဈေးကွက်ကလည်း မရှိဘူး။ ဘိန်းကျတော့ သွားရောင်း တယ်။ မရောင်းလို့ ထားလဲ ပွဲစားတွေက လာဝယ်တာ ရှိတယ်” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။
ယခင်က မြန်မာနိုင်ငံသည် ကမာ္ဘ့ဘိန်း စိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံများထဲတွင် နံပါတ် ၂ နေရာတွင် ရပ်တည် ခဲ့ရာမှ ပြီးခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၁၉ ခုနှစ်တွင် ၃ နေရာထိ ကျဆင်း သွားခဲ့ပြီး နောက် ယခု စစ်တပ်တကျော့ပြန် အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်မှ ယခု ၂၀၂၃ ခုနှစ် ထိ ၂ နှစ် အတွင်း ဘိန်းစိုက်ပျိုးမှုမှာ ကမာ္ဘ့ နံပါတ် ၂ နေရာသို့ ပြန်လည်မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၏ ပြီးခဲ့သည့် လက ထုတ်ပြန်ချက်အရ သိရသည်။
ဘိန်းစိုက်ပျိုးမှုကို ရှမ်းပြည်တွင် အများဆုံးစိုက်ပျိုးပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြောင်း၊ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုမှာ ဟက်တာ ၅၅၀၀၀၊ ၂၀၁၇ ခုနှစ်တွင် ဟက် တာ ၄၁၀၀၀၊ ၂၀၁၈ ခုနှစ်တွင် ဟက်တာ ၃၉၃၀၀ နှင့် ၂၀၁၉ ခုနှစ်တွင် ဟက်တာ ၃၉၁၀၀ သာ ရှိခဲ့ရာမှ အာဏာ သိမ်းပြီး ၂၀၂၂ ခုနှစ်တွင် ဘိန်းစိုက် ဟက်တာ ၄၀၀၀၀ ကျော်ထိ ပြန်လည်မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ် UNDOC ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် ၄၂၃ မက်ထရစ် တန်သာ ဘိန်းထွက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ၇၉၅ မက်ထရစ်တန်အထိ တိုး၍ ထွက်လာသည်ကို တွေ့ရပြီး ယင်းသို့ ဘိန်းထုတ်လုပ်မှု တိုးတက်လာရခြင်းမှာ နိုင်ငံအတွင်း စီးပွားရေး ကျပ်တည်းခြင်း၊ လုံခြုံမှုကင်းမဲ့ခြင်းနှင့် ဘိန်းဖြူ ထုတ်လုပ်ရာတွင် လိုအပ်သည့် ဘိန်းစေးဈေးနှုန်း ကမာ္ဘ့အတိုင်းအတာအရ မြင့်တက်လာခြင်းကြောင့် ဖြစ် သည်ဟု ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး ပြိုကွဲခြင်းများ ပေါင်းစုကာ ဝေးလံခေါင်ဖျားသော ဒေသများတွင် ရှိသော တောင်သူများမှာ လုပ်ကိုင်စရာမရှိတော့သည့်အဆုံး ငွေရအမြတ်ကျန်သည့် ဘိန်းစိုက်ပျိုးရေး ဘက်သို့ ပြန်၍ လုပ်ကိုင်လာခြင်း ဖြစ်ကြောင်း သိရသည်။
နောက်ထပ် ဘိန်းစိုက်တောင်သူ တဦးက “ဒီနှစ်က ဈေးတက်လာတယ်။ မြေဩဇာဆို ပုလဲ အဓိထားကျွေးရတယ်။ မြေဩဇာဈေးကြီးလို့ အခက်အခဲတော့ နည်းနည်း ရှိတယ်။ မြေဩဇာအဆမတန်တက်တော့ တအိတ်ထည့်ရမယ့် နေရာမှာ တအိတ် မထည့်နိုင်တော့ဘူး တဝက်ပဲ ကျွေးနိုင်တော့ သုံးပုံတပုံလောက်ပဲ စိုက်နိုင်တယ်။ ထွက်လည်း အဲဒီ လို ဖြစ်တာပေါ့။ ဒါပေမယ့် သီးနှံထက်တော့ ဘိန်းက ပိုမြတ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် ဘိန်း(သက်ကြီး) တလုံး (၁ ပိဿာ) လျှင် ကျပ် ၇ သိန်းသာ ရှိသော်လည်း ယခုနှစ်တွင် ၁ ပိဿာ ကျပ် ၉ သိန်းအထိ ကျပ်၂ နီးပါး မြင့်တက်နေပြီး တဧက စိုက်ပျိုးပါက အနည်းဆုံး ၈ လုံး(၈ ပိဿာ) ထွက်လျှင် အနည်းဆုံး ကျပ်သိန်း ၇၀ ကျော် ရရှိပြီး အမြတ်ရကာ တွက်ချေကိုက်ကြောင်း သိရသည်။
You may also like these stories:
ထိုင်း-မြန်မာကုန်သွယ်ရေး ဆက်တိုက် ကျဆင်း
ခရိုနီ ဦးတေဇကို စစ်ကောင်စီက စားအုန်းဆီ တင်သွင်းခွင့်ပေး
စစ်ကြောင်းဝင်သဖြင့် စဉ့်ကူးနှင့် မတ္တရာနယ်ရှိ သီးနှံများ မရိတ်သိမ်းနိုင်