ပို့ကုန်သမားများအား ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး အမေရိကန် ၁ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှင့် လဲလှယ်ရန် ပြင်ဆင်သတ်မှတ်ပေးသော်လည်း လုပ်ငန်းရှင်များအနေဖြင့် အလုပ်မဖြစ်နိုင်ကြောင်း ပြောဆိုသည်။
ယမန်နေ့က ထုတ်ပြန်သည့် စစ်ကောင်စီ ဗဟိုဘဏ်၏ အမိန့်ကြေညာစာတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၅ ရက်က ပို့ကုန်ရ ငွေ(နိုင်ငံခြားငွေ) ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းဈေး၂၁၀၀ ကျပ်ဖြင့် လဲလှယ်ရမည်ဟု သတ်မှတ်ခဲ့ကြောင်း၊ သို့သော် ယခုအခါ အဆိုပါ ၆၅ ရာခိုင်နှုန်းအစား ၅၀ရာခိုင်နှုန်းသာ လဲလှယ်ရန် ပြောင်းလဲသတ်မှတ်လိုက် ကြောင်း ဖော်ပြထားသည်။
ရန်ကုန်မြို့ရှိ ပို့ကုန်လုပ်ငန်းရှင်တဦးက “၅၀/ ၅၀ ပြင်ပေးတယ်။ အရောင်းအဝယ်ကို သူတို့ဆီမှာ ဖြတ်ရတယ်။ ၅၀ ရာခိုင် နှုန်းရဲ့ အရောင်းအဝယ်ကို သူတို့ သတ်မှတ်ထားချက်အတိုင်းဆိုတော့ ဘယ်လိုမှ တွက်ချေ မကိုက်ဘူးလေ။ အခုလည်း သူတို့ဆီ အဝင်မရှိဘူး၊ လုပ်ငန်းရှင်တွေ အများစုက စောင့်ကြည့်နေကြတုန်းပဲ” ပြောသည်။
လတ်တလောတွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ လဲလှယ်နှုန်းပြင်ပပေါက်ဈေးသည် ကျပ် ၃၁၀၀ ဝန်းကျင် ရှိနေခြင်း ကြောင့် ဗဟိုဘဏ်သတ်မှတ်ချက်နှင့် နှိုင်းယှဉ်ပါက လုပ်ငန်းရှင်များအနေဖြင့် ၁ ဒေါ်လာလျှင် ကျပ် ၁၀၀၀ ခန့် အရှုံးပေါ်နေ သည့် အခြေအနေ ဖြစ်သည်။
ထို့ပြင် ၇ ရက်အတွင်း ပို့ကုန်ရငွေသည် ကုမ္ပဏီ ငွေစာရင်းသို့ ဝင်ရောက်မရှိပါက အာမခံကြေးထုတ်ယူခြင်းနှင့် ပို့ကုန်၊ သွင်းကုန် မှတ်ပုံတင်သိမ်းဆည်းခြင်း၊ ပို့ကုန်လိုင်စင် လျှောက်ထားရန် သတ်မှတ်ထားသည့် အပ်နှံငွေ ပြည့်မီသည့် အထောက်အထားများလိုအပ်ခြင်း အစရှိသည့် ကန့်သတ်ချက်များလည်း ရှိနေပြန်သည်။
၎င်းက ဆက်လက်၍ “လုပ်သာကိုင်သာကလည်းမရှိ၊ တွက်ချေကိုက်မှုလည်း မရှိတဲ့ အလုပ်ကို ဘယ်လုပ်ငန်းရှင်တွေကမှ အရှုံးခံပြီး ထလုပ်မှာ မဟုတ်ဘူး၊ လုပ်လို့ အဆင်မပြေရင် ဒီအတိုင်း ထိုင်နေကြမှာပဲ” ဟု ပြောဆိုသည်။
ပြင်ပပေါက်ဈေးထက် များစွာလျော့နည်းနေသော ဗဟိုဘဏ်ဈေးနှင့် လဲလှယ်နေရသည့်အတွက် ကုန်သည်များအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိနေသောကြောင့် အဆိုပါ ၆၅ ရာခိုင်နှုန်းသတ်မှတ်ချက်အပေါ် ဖြေလျှော့ပေးရန် လုပ်ငန်းရှင်များက ယခု လအတွင်း တောင်းဆိုခဲ့ကြပြီးနောက် ယခုလို ပြင်ဆင်သတ်မှတ်ပေးလာခြင်းလည်း ဖြစ်သည်။
မြဝတီမြို့နေကုန်သည်တဦးက “၆၅ ကနေ ၅၀ ကို လျှော့ပေးတာ ဝမ်းမသာပါဘူး။ ထိုင်းဘက်က ပြောင်းဈေးကကျနေတာ ပို့ကုန်လျော့ကျနေလို့ ၅၀ ရာခိုင်နှုန်းစာထုတ်ပြတာပါ။ ဘာမှ မထူးဘူး။ မိအေး၂ ခါနာ အကွက်ပါပဲ” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် ၎င်း၏ ဒေါ်လာငွေ လိုအပ်ချက်ကို လျှော့ချနိုင်ရန်အတွက် ကုန်သွယ်ရေး ငွေပေးချေမှုများနှင့် ပို့ကုန် သွင်းကုန်လိုင်စင်များကို ကန့်သတ်ထားပြီး ယခု နောက်ပိုင်းတွင် နယ်စပ်ငွေပေးချေရေးပိုင်းတွင် ဘဏ်နှင့်ဆောင်ရွက်ခိုင်း ထားသေးသည်။
တရုတ် နယ်စပ်ကုန်သွယ်ရေးတွင်လည်း ငွေပေးချေမှုကို ဒေါ်လာအစား တရုတ်ယွမ်ငွေဖြင့် ပြောင်းလဲ အသုံးပြုသတ်မှတ် ထားပြီး တရုတ်ယွမ်ငွေဈေးကိုလည်း ဗဟိုဘဏ်က ၁ ယွမ်လျှင် ကျပ် ၃၂၀ သာ သတ်မှတ်ထားပြီး ပြင်ပပေါက်ဈေးမှာ ၁ ယွမ်လျှင် ကျပ် ၄၃၀ ကျော် ပေါက်ဈေး ရှိနေသည်။
မူဆယ် နယ်စပ်ကုန်သည်တဦးက “အဓိကက ပေါက်ဈေး ကွာဟချက်က ကြီးမြင့်နေတာက ပြဿနာ ဖြစ်တာပေါ့။ ကိုယ်ရ တဲ့ ပိုက်ဆံကျသော ဗဟိုဘဏ်နှုန်းထား ကိုယ်က ကုန်ပြန်သွင်းဖို့ လိုတဲ့ငွေကျ အပြင်ပေါက်ဈေးနဲ့ ပြန်ဝယ်နေရတာ။ နောက်တခုက မူဝါဒတွေ တခုပြီးတခု ခဏခဏ ပြောင်းလဲနေတာတွေကလည်း ကုန်သွယ်ရေးမှာ အဆင်မပြေဘူး” ဟု ပြောဆိုသည်။
စစ်ကောင်စီသည် နိုင်ငံခြား တင်ပို့ကုန် ရငွေပမာဏ (သို့မဟုတ်) ပြည်တွင်းဘဏ်က ဝယ်ယူထားသော ဘဏ်ငွေစာရင်း လက်ကျန် ပမာဏထက် မကျော်လွန်မှသာ သွင်းကုန်လိုင်စင်များကို ထုတ်ပေးမည် ဖြစ်ကြောင်း ဇူလိုင် ၁ ရက်က ထုတ် ပြန်ထားသေးသည်။
ထို့ပြင် စစ်ကောင်စီသည် တရားဝင်လိုင်စင်နှင့် မှတ်ပုံတင်ကာ လုပ်ဆောင်နေသော ကုန်သည်များနှင့် လုပ်ငန်းရှင်များ ဘက်ကိုမူ ထိန်းချုပ်ကန့်သတ်သော မူဝါဒမျိုးစုံ ချမှတ်နေသော်လည်း တရားမဝင် ကုန်စည်စီးဆင်းမှု ထိန်းချုပ်ရေးကိုမူ လွန်စွာအားနည်းနေခြင်းကလည်း လုပ်ငန်းရှင်များအတွက် အခက်အခဲ ဖြစ်လာနေကြောင်း ကုန်သည်/စက်မှုအသင်းချုပ် UMFCCI ဗဟိုအလုပ်အမှုဆောင်တဦးကလည်း ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “အခုက တရားမဝင် ကုန်စည်ဝင်ရောက်မှုက အင်မတန်ကို ကြီးထွားလာနေတယ်။ ဒါတွေကိုလည်း မထိန်းချုပ်နိုင်၊ ဒီဘက်က တရားဝင်လုပ်နေတဲ့ သူတွေကိုကျပြန်တော့ ကန့်သတ်ထိန်းချုပ်မှုမျိုးစုံ လုပ်နေတယ်ဆိုရင် တရားမဝင် ကုန်သွယ်မှုတွေက ပိုကြီးထွားလာဖို့ပဲ ရှိတယ်” ဟု ပြောဆိုသည်။
စစ်ကောင်စီသည် ဒေါ်လာအကျပ်အတည်းကြောင့် ကုန်သွယ်ရေးမူဝါဒကို မကြာခဏ ပြောင်းလဲမှုများ လုပ်ဆောင်နေ၍ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၃ ရက်အထိ နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၁၁၁၈ ဒသမ ၄၂၄ သန်းရှိရာ ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၂၂၇ ဒသမ ၄၅၄ သန်း ကျဆင်းသွားကြောင်း စစ်ကောင်စီ ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
You may also like these stories:
ပို့ကုန်မူဝါဒတချို့ ဖြေလျော့သော်လည်း ကုန်သွယ်ရေး၌ အခက်အခဲ ရှိနေဆဲ
ဒေါ်လာဈေးကြောင့် ဆေးဝါးနှင့် စက်သုံးဆီဈေးများလည်း တက်လာ
ဘားအံ- မြဝတီလမ်းပိုင်း၌ စစ်ကောင်စီက ဂိတ်များတိုးချကာ ငွေတောင်းနေ