လတ်တလော ရက်များအတွင်း ပြည်တွင်း ဒေါ်လာဈေးနှင့် ရွှေဈေးနှုန်းများ တဟုန်ထိုးမြင့်တက်လာပြီးနောက်ပိုင်း ဈေးကွက်အတွင်းရှိ နာမည်ကြီး ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီက ဖမ်းဆီးရန် ရှာဖွေနေပြီး သတ်မှတ်ဈေးဖြင့် ရောင်းဝယ်ရန်သာ ဖိအားပေးခြိမ်းခြောက်နေသည်။
မြန်မာပြည်ရှိ နာမည်ကြီးရွှေလုပ်ငန်းရှင်များဖြစ်သော အောင်သမာဓိရွှေဆိုင်မှ ဦးအောင်ဆန်းဝင်း၊ ဇွဲထက်ရွှေဆိုင်မှ ဦးဆန်းဝင်း၊ ခရမ်းသုံးခွရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ အကယ်ဒမီရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်း အပါအဝင် ၁ဝ ဦးကို ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။ စစ်ကောင်စီအနေဖြင့် တရားမဝင် ရွှေအရောင်းအဝယ် ပြုလုပ်သူ ပွဲစားများအပါအဝင် စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီး စစ်ဆေးနေစဉ် ၎င်းတို့၏ ထွက်ဆိုချက်အရ နာမည်ကြီး ရွှေလုပ်ငန်းရှင်များပါဝင်ပတ်သက်နေခြင်းကို သိရှိရပြီးနောက် ရွှေလုပ်ငန်းရှင်များကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်ငြိမ်အောင် လုပ်နေကြောင်း စွပ်စွဲပြီး နိုင်ငံခြားငွေ ရောင်းဝယ်သူ ပွဲစား ၁၄ ဦးကို ဖမ်းဆီး စစ်ဆေးနေ ကြောင်း ယမန်နေ့ ဇွန်လ ၃ ရက် ညပိုင်းက ထုတ်ပြန်သည်။ နောက်ထပ် နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁ ဦးတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း စစ်ကောင်စီက ဆိုသည်။
မေလကုန်တွင် ရွှေဈေးနှုန်းမှာ အခေါက်ရွှေတကျပ်သား ကျပ် ၅၈ သိန်းကျော်အထိ မြင့်တက်ခဲ့ပြီး ပြင်ပ ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာ ၅ ထောင်ထိ ရောက်ခဲ့သည်။
ထိုကဲ့သို့ ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း ယနေ့ ပြင်ပ ရွှေပေါက်ဈေးမှာ အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၅၂ သိန်းကျော်အထိရှိသလို ဒေါ်လာဈေးမှာလည်း ၁ ဒေါ်လာလျှင် ၄၃၀၀ ကျပ်အထိ မြင့်တက်နေဆဲဖြစ်သည်။
စစ်ကောင်စီ၏ လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA) က ယနေ့ ဇွန်လ ၄ ရက် မနက်ပိုင်းမှ စတင်ပြီး ၎င်းတို့ သတ်မှတ်ဈေးဖြစ်သည့် အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ၄၈ သိန်းကျပ်ကျော်ဖြင့်သာ ရောင်း/ဝယ် ပြုလုပ်ကြရန် နာရီပိုင်းခြား၍ ဈေးနှုန်းနှင့်အတူ သတိပေးချက်များ ထုတ်ပြန်နေသည်။
ယမန်နေ့ ဇွန် ၃ ရက်နေ့က YGEA ဈေးမှာ အခေါက်ရွှေ ၁ ကျပ်သားလျှင် ၄၁ သိန်းကျပ်ကျော်ဖြင့် ဈေးပိတ်ခဲ့ရာမှ ယနေ့ တွင် ၄၈ သိန်းကျပ်ကျော်အထိ ကျပ် ၇ သိန်းနီးပါးတိုး၍ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ရှိ အမည်မဖော်လိုသူ ရွှေလုပ်ငန်းရှင်တဦးက “ဈေးတော့ သတ်မှတ်လိုက်တာပေါ့။ အရောင်းအဝယ်ကတော့ လောလောဆယ်မဖြစ်ဘူး။ သူတို့ (YGEA) ကတော့ ဒေါ်လာဈေး ၃၉၀၀ ကျပ်နဲ့ ကမ္ဘာ့ရွှေဈေးနဲ့ တွက်ချက်ပေးတာပေါ့။ ၁၅ ပဲရည်လည်း အရောင်းရော၊ အဝယ်ရော မရှိဘူး။ သူတို့ သတ်မှတ်ဈေးနဲ့ ဆိုရင်တော့ ၄၅ သိန်း ကျပ်ဝန်းကျင်လောက် ဖြစ်သွားမှာပေါ့။ လောလောဆယ်ကတော့ အရောင်း/အဝယ်တွေ ခဏ ရပ်သွားတာပေါ့။ လက်လီရော လက်ကားရော ဘာမှ သိပ်မရှိတော့ဘူး”ဟု လက်ရှိဈေးကွက်အခြေအနေကို ဧရာဝတီသို့ ပြောသည်။
ပြင်ပရွှေဈေးကွက်တွင် အရောင်းအဝယ် ခပ်ပါးပါး ဖြစ်သော်လည်း ရွှေဆိုင်အကြီးများနှင့် အတုံးအခဲ ရွှေအရောင်းအဝယ် ဈေးကွက်မှာ ဈေးကွက်ပျက်ပြီး ရပ်တန့်ထားရသည့် အခြေအနေဖြစ်သည်။
ငွေတွေ ဗုံးပေါလအော ရိုက်နေ
ယင်းသို့ ရွှေနှင့် ဒေါ်လာဈေးနှုန်းများ အဆမတန် တဟုန်ထိုး မြင့်တက်လာခြင်းမှာ လုပ်ငန်းရှင်များ ဈေးကစားခြင်းကြောင့်ဟု စစ်ကောင်စီက တရားခံရှာသော်လည်း အဓိက အကြောင်းအရင်းမှာ စစ်တပ် အာဏာစသိမ်းသည့် အချိန်မှ စတင်ပြီး ယခုအချိန်ထိ ငွေစက္ကူသစ်များကို “ဗုံးပေါလအော” ရိုက်ထုတ်ခြင်းကြောင့်သာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွန်းနိုင်က ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သုံးသပ်ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် မေလအထိ စစ်ကောင်စီအနေဖြင့် ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေမှု စုစုပေါင်း ပမာဏသည် မြန်မာကျပ်ငွေ ဘီလီယံ ၃ သောင်းကျော် အထိရှိခဲ့ပြီး ယခင် NLD အစိုးရ လက်ထက် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် နှစ်နှစ်ပေါင်း ငွေစက္ကူသစ်ရိုက်ထုတ်မှုသည် ကျပ် ဘီလီယံ ၃၆၀၀ ကျော်သာ ရှိသောကြောင့် စစ်တပ်အာဏာသိမ်း ကာလအတွင်း ၈ ဆကျော် တိုးမြှင့် ရိုက်ထုတ်လာသည်ကို တွေ့ရကြောင်း ပြောသည်။
“သူတို့ရဲ့ ပြည်သူ့အာဏာကို လုယူတဲ့အချိန်ကနေ ဒီနေ့ ဒီအချိန်ထိ ငွေစက္ကူသစ် မတရား ဗုံးပေါလအော ရိုက်နှိပ်ထားတဲ့ အချက်က အဓိကအချက်ဖြစ်ပါတယ်။ နှစ်အလိုက် ကျပ်ဘီလီယံသောင်းနဲ့ ချီပြီး ရိုက်ထုတ်ခဲ့တယ်ဆိုတာ တွေ့ရတယ်”ဟု ဦးတင်ထွန်းနိုင်က ပြောသည်။
ထို့ပြင် ယခုနှစ် မတ်လ၊ ဧပြီ၊ မေလတို့တွင်လည်း ငွေစက္ကူသစ်များကို စစ်ကောင်စီက ရိုက်ထုတ်ထားသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းရခြင်းမှာ စစ်ကောင်စီက ငွေစက္ကူအသစ်များကို အကန့်အသတ်မဲ့ ရိုက်ထုတ်ခြင်းကြောင့်သာ ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။
ထိုသို့ ဘဏ္ဍာငွေများ တိုးမြှင့် ရိုက်နှိပ်လာခြင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နှစ်စဉ် စစ်အသုံးစရိတ်များ တိုးမြှင့်လာခြင်းကြောင့် ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ၂၀၂၁-၂၂ ခုနှစ် မီနီဘတ်ဂျက်တွင် စစ်အသုံးစရိတ် ကျပ် ၁၇၄၆ ဘီလီယံ အသုံးပြုခဲ့ခြင်း၊ ၂၀၂၂-၂၃ ခုနှစ်တွင် ဘီလီယံ ၃၇၀၀ ကျပ်ကျော် သုံးခဲ့ကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဘီလီယံ ၅၇၀၀ ကျော်အထိ ကာကွယ်ရေး အသုံးစရိတ် စံချိန်တင် သုံးစွဲခဲ့ကြောင်း ဦးတင်ထွန်းနိုင်က ဆိုသည်။
သို့သော် ထူးခြားချက်အနေနှင့် စစ်ကောင်စီက ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် အသုံးပြုမည့် စစ်အသုံးစရိတ်ကို ထုတ်ပြန်ထားခြင်း မရှိပေ။
ထိုင်းမှာ ကွန်ဒိုဝယ်သူများကိုလည်း ဖမ်းနေ
ယခုတကြိမ် ဖမ်းဆီးမှုတွင် ရွှေလုပ်ငန်းရှင်များထဲတွင် နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်များအထိပါဝင်သလို ဒေါ်လာသမားများကို ဖမ်းဆီးခြင်းအပြင် ပြည်ပတွင် ကွန်ဒိုတိုက်ခန်း အရောင်းအဝယ် ပြုလုပ်သူများကိုပါ စစ်ကောင်စီက ဖမ်းဆီးလာသည်။
ယမန်နေ့ ညပိုင်းတွင် စစ်ကောင်စီက ပြည်တွင်းငွေကြေးဈေးကွက် ကမောက်ကမဖြစ်အောင် လုပ်ဆောင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်း ရောင်း/ဝယ်ပြုလုပ်သူ ၅ ဦးကို ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း နာမည်နှင့် တကွ ထပ်မံထုတ်ပြန်ခဲ့သည်။
သို့သော် အဖမ်းအဆီးခံရသူများသည် အစွန်အဖျားမျှသာ ဖြစ်ကြောင်း ဆိုရှယ်မီဒီယာပေါ်တွင် ပြောဆိုနေကြပြီး မကြာသေးမီက ထိုင်းတရားရုံးမှ လွှတ်ပေးလိုက်သော မြန်မာ လက်နက်ပွဲစား ဦးထွန်းမင်းလတ်နှင့် မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်၏ သားနှင့် သမီးတို့ ပိုင်ဆိုင်သည့် ဘန်ကောက်ရှိ ကွန်ဒိုတိုက်ခန်းအကြောင်း ဝေဖန်နေကြသည်။
ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း ကွန်ဒို ဝယ်ယူ လွှဲပြောင်းရယူမှုစာရင်းတွင် မြန်မာနိုင်ငံသားများ ထိပ်ဆုံး ၅ နိုင်ငံစာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်လာပြီး ၂၀၂၃ တွင် တတိယနေရာ ရောက်လာသည်။ ၂၀၂၄ ခုနှစ် ၄ လအတ်ဝင်း ဒုတိယနေရာရောက်လာပြီး တန်ဖိုး ဘတ် ၂ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၅၄ သန်းကျော်) ဝယ်ယူကြောင်း ထိုင်းစာရင်းများအရ သိရသည်။
ယင်းသည် မြန်မာပြည်တွင်းရှိ ငွေအရင်းအနှီးများ ပြည်ပသို့ ထွက်သွားခြင်း ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြသည်။
“စီးပွားရေးသမားတွေလေ။ စစ်ဗိုလ်ချုပ်တွေထက် လည်တယ်။ အခြေအနေမကောင်းလို့ အနီးဆုံး ထိုင်းထွက်နေတာ” ဟု စီးပွားရေးပညာရှင် ဦးစိန်ဌေးက ဧရာဝတီကို မှတ်ချက်ပေးသည်။
You may also like these stories:
ထိုင်းသိမ်းသော ထွန်းမင်းလတ် ပိုင်ဆိုင်မှုများထဲ စစ်ခေါင်းဆောင်သားသမီးပိုင်များ ပါဟု ဆို
သမီးအမည် မူးယစ်ဆေးမှုနှင့် ငွေကြေးခဝါချမှုမှ ပယ်ဖျက်ပေးရန် စစ်ခေါင်းဆောင်က ထိုင်းကိုတောင်းဆို
၂၀၂၂ အတွင်း ထိုင်းကွန်ဒို ဝယ်ယူမှု မြန်မာက ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းဝင်
ဓာတ်အားလိုအပ်ချက် ထက်ဝက်သာပေးနိုင်
နယ်စပ်ကုန်သွယ်ရေး လက်လွှတ်ရခြင်းက စစ်ကောင်စီ ဒေါ်လာသန်းချီ ဆုံးရှုံး