တိုက်ပွဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ သယ်ယူစရိတ်စသည်တို့ကြောင့် ကျဆင်းနေသည့် နယ်စပ်ကုန်သွယ်ရေးမှာ ၂ လကျော်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၃၀၀ ကျော် ထပ်မံလျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃- ၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၁ ရက်အထိ သွင်းကုန်နှင့် ပို့ကုန် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၂၅၀၈ ဒသမ ၃၃၄ သန်း ရရှိခဲ့ပြီး ယခု ၂၀၂၄- ၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၂၀၇ ဒသမ ၃၇၅ သန်းသာ ရှိရာ ဒေါ်လာ ၁၃၀၀ ဒသမ ၉၅၉ သန်း လျော့ကျသွားသည်ဟု ဆိုရမည်။
စစ်ကောင်စီအတွက် အဓိကဝင်ငွေရသည့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နယ်စပ်တို့ကို တိုင်းရင်းသားတော်လှန်ရေးတပ်များ သိမ်းပိုက်လိုက်သလို ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကိုလည်း ကချင်လွတ်လပ်ရေးတပ် KIA၊ ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။
လက်ရှိသုံးနေသည့် မိုင်းလားနယ်စပ်ကုန်သွယ်ရေးမှာလည်း မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်စည် သယ်ယူပို့ဆောင်စရိတ်မှာ ယခင်ထက် နှစ်ဆနီးပါး ကုန်ကျနေသဖြင့် ပုံမှန်ထက် ကုန်သွယ်မှု ကျဆင်းနေသည်။
မူဆယ် နယ်စပ်ကုန်သည်တဦးက “မိုင်းလားကတော့ လမ်းလည်း ကျဉ်းတယ်။ မိုးတွင်းလည်းဖြစ်တာကြောင့် သွားတာ တော့ လျော့သွားတယ်။ တောင်ကြီး-ကျိုင်းတုံ-မိုင်းလားဘက်က သွားတာပေါ့။ စရိတ်စကတွေ မကိုက်တော့ ပို့လို့မရဘူး။ သယ်ယူပို့ဆောင်စရိတ်တွေက မြင့်တယ်။ ကားခတင် စရိတ်က နှစ်ဆ၊ သုံးဆ ဆိုတော့ မလုပ်နိုင်တော့ဘူး။ အခု ၁၂ ဘီး တစီးကျပ်သိန်း ၁၀၀ ကျော်ရှိတယ်။ ဒါက တခြားကြေးတွေ မပါဘူး။ ဒီလို အခက် အခဲတွေကြောင့်လည်း ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် မိုင်းလားနယ်စပ်ကုန်သွယ်ရေးမှ တရုတ်နိုင်ငံသို့ ပဲမျိုးစုံက အများဆုံးသွားပြီး သရက်သီး အနည်းငယ်သွား ကြောင်း၊ ယခုအချိန်သည် တရုတ်ငွေဈေးမှာ ၁ ယွမ်လျှင် ၆၀၀ ကျပ်ကျော်အထိ မြင့်တက်နေသဖြင့် ဈေးကောင်း သော် လည်း တခြားနယ်စပ်ဂိတ်များပိတ်ခြင်းနှင့် မိုင်းလားနယ်စပ်ကုန်သွယ်ရေးမှာလည်း လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်ကျစရိတ်ကြောင့် တွက်ချေမကိုက်၍ တင်ပို့မှုနည်းပါးကာ ကျဆင်းရခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများတွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ယခင် ဘဏ္ဍာ နှစ် ကာလနှိုင်ယှဉ်ပါက နှစ်လကျော်အတွင်း အမေရိကန် ဒေါ်လာသန်း ပေါင်း ၃၃၀ ကျော် ကျဆင်းနေပြီး၊ အလားတူ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ဒေါ်လာ ၉၅၀ သန်းကျော်ကျဆင်းနေကြောင်း ဖော်ပြထားသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးတွင် အာရှလမ်းမကြီး အသုံးမပြုနိုင်သဖြင့် ယခင်လမ်းဟောင်းများနှင့် တောလမ်းများကို သုံးရသဖြင့် အဆပေါင်းများစွာ ကုန်ကျနေပြီး လမ်းခရီး ကြမ်းတမ်းခြင်း၊ မိုးတွင်းကာလဖြစ်၍ သွားလာရ ခက်ခဲခြင်း၊ လမ်းတလျောက်ပေးကမ်းရသည့် ဂိတ်ကြေးများတို့ကြောင့် တွက်ခြေ မကိုက်ကြောင်း၊ ကုန်သည်များဘက်ကလည်း မဖြစ်မနေ တင်ပို့/ တင်သွင်းရမည့်ကုန်များကိုသာ သယ်ယူပို့ဆောင်ကြောင်း သိရသည်။
တရုတ်နယ်စပ်ဂိတ်များနှင့် ထိုင်းနယ်စပ်တို့မှ တင်သွင်းရသည့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများမှာ လျော့ကျ လာသဖြင့် ဈေးကွက်အတွင်း ပစ္စည်း ပြတ်လပ်ကာ စားသုံးသူများအတွက် ဈေးနှုန်းကြီးမြင့်မှုများ ပို၍ ရှိလာကြောင်း၊ လက်ရှိ တရုတ်နယ်စပ်တွင် တဆွဲတပိုး တနိုင်တပိုင် ကုန်သည်များက သယ်ယူကာ ပြည်မဘက်သို့ မှောင်ခိုပို့ဆောင်သည့် ပုံစံပြုလုပ်နေရကြောင်း ကုန်သည်များက ပြောသည်။
နိုင်ငံခြားဝင်ငွေ လိုအပ်ချက်ရှိနေသည့် စစ်ကောင်စီသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက်ဟု ဆိုကာ ယခုဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၆,၇၀၀ သန်းတင်ပို့ရန်နှင့် သွင်းကုန် ဒေါ်လာ ၁၆,၃၀၀ သန်း တင်သွင်းရမည်ဟု ၎င်းတို့ ၏ အမျိုးသားစီမံကိန်းဥပဒေ၌ ဖော်ပြထားသည်။
လက်ရှိ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ အရေးပါသော မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်စည်တင်ပို့မှု ဆက်တိုက် ကျဆင်းနေပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-အိန္ဒိယ၊ မြန်မာ-လာအို အစရှိသော နယ်စပ်ကုန်သွယ်ရေးတို့မှာလည်း ရပ်ဆိုင်းလုနီးပါးဖြစ်နေ၍ စာရင်းပင် ဖော်ပြထားခြင်း မရှိတော့ပေ။
You may also like these stories:
ရခိုင်ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန် အိန္ဒိယ တောင်းဆို
မြဝတီမြို့တွင် ဆန်ကို အကန့်အသတ်ဖြင့် ဝယ်ယူနေရ
မံဆောင်းတံတား ချိုးခံရပြီးနောက် ချင်းပြည်နယ်၌ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်း














