တရုတ်နိုင်ငံရဲ့ အကြီးဆုံးဖုန်း ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Xiaomi ၊ OPPO နဲ့ Vivo တို့ ပူးပေါင်းကာ “Inter-Transfer Alliance” ဆိုတဲ့ အဖွဲ့အစည်းတခုကို တည်ထောင်လိုက်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြိုင်ဘက် ကုမ္ပဏီ ၃ ခု လက်တွဲကာ အမှတ်တံဆိပ် မတူတဲ့ ဖုန်းအချင်းချင်း အပြန်အလှန် ဖိုင်ပေးပို့နိုင်တဲ့ စနစ်တမျိုးကို အကောင်အထည် ဖော်သွားဖို့အတွက် ဖြစ်တယ်လို့ Xiaomi ရဲ့ Weibo အကောင့်မှာ ဖော်ပြထားပါတယ်။
ဒီအတွက် Xiaomi ရဲ့ MIUI ၊ OPPO ရဲ့ ColorOS နဲ့ Vivo FuntouchOS ၃ ခုစလုံးမှာ “peer-to-peer” ဖိုင်ပို့စနစ်တခု ထည့်ပေးသွားမှာ ဖြစ်ပါတယ်။ ဖုန်းအချင်းချင်း Bluetooth နဲ့ ချိတ်ဆက်ကာ Wi-Fi ကနေ ဖိုင်လွှဲပြောင်းပေးသွားမယ့် ပုံစံမျိုးပါပဲ။ ခလုတ်တချက် နှိပ်လိုက်ရုံနဲ့ လွယ်ကူစွာ ပေးပို့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Apple Device အချင်းချင်း ဖိုင်ပေးပို့နိုင်တဲ့ “AirDrop” နဲ့ ဆင်တူပါတယ်။
လောလောဆယ်တော့ ၁ စက္ကန့်ကို 20MB အထိ မြန်နှုန်းရှိမယ်ဆိုတာကလွဲလို့ အသေးစိတ် အချက်အလက်တွေ မသိရသေးပါဘူး။ ဒီနှုန်းထားနဲ့ဆို သာမန် 720p ရုပ်ရှင်တကားကို ၂ မိနစ်မကြာဘဲ ပို့နိုင်မှာ ဖြစ်ပါတယ်။ စမ်းသပ်ဗားရှင်းကို ယခုလကုန်လောက်မှာ ထုတ်ပေးသွားမယ်လို့ ကြေညာထားပါတယ်။
ဒါကြောင့် မကြာခင်အချိန်အတွင်းမှာ Xiaomi ၊ OPPO နဲ့ Vivo ဖုန်းအသုံးပြုသူတွေအနေနဲ့ အပြင်ကုမ္ပဏီက ထုတ်ပေးထားတဲ့ Application တွေ သုံးစရာ၊ သွင်းစရာ မလိုဘဲ ဖိုင်တွေ အပြန်အလှန် ပေးပို့နိုင်တော့မှာပါ။
ကုမ္ပဏီ ၃ ခုရဲ့ Inter-Transfer Alliance အဖွဲ့အစည်းမှာ တခြားကုမ္ပဏီတွေလည်း ပါဝင်လိုပါက လျှောက်ထားနိုင်တယ်လို့ Xiaomi က ပြောကြားထားပါတယ်။ ဒီအတိုင်းဆို မိခင်ကုမ္ပဏီ တူတဲ့ Redmi နဲ့ Realme အမှတ်တံဆိပ်တွေလည်း မဟာမိတ်အဖွဲ့ထဲ ပါလာနိုင်ပါတယ်။
Ref: GSM Arena, The Verge