တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးတို့ အပါအဝင် တပ်မတော် အရာရှိကြီးများသည် ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိ ကုန်တိုက်ရှိ မဲရုံ အမှတ် ၁ တွင် ဆန္ဒမဲပေးခဲ့ကြ သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် ကြိုတင် မဲပေးခွင့်ရှိသော်လည်း ယခုကဲ့သို့ ရွေးကောက်ပွဲနေ့မှသာ လာရောက် မဲပေးရသည်မှာ ရဲဘော်ရဲဘက်များနှင့်အတူ မဲပေးလိုသောကြောင့် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းထောက်များကို ပြောသည်။
ယနေ့ မဲပေးမှုအပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်အထွက်တွင် ဧရာဝတီ သတင်းဌာန၏ နေပြည်တော် သတင်း ထောက် ထက်နိုင်ဇော်က ရွေးကောက်ပွဲနေ့နှင့် ပတ်သက်သည့် အကြောင်းအရာတချို့ကို မေးမြန်းထားပါသည်။
မေး ။ ။ ဗိုလ်ချုပ်မှူးကြီးခင်ဗျ။ ဒီနေ့ ရွေးကောက်ပွဲနေ့ပေါ့လေ။ တခြား အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ ခေါင်းဆောင်တွေကတော့ ကြိုတင်မဲပေးခဲ့ကြပါတယ်။ ဘာလို့ ဗိုလ်ချုပ်မှူးကြီးက ဒီနေ့မှ မဲထွက်ပေးရတာလဲခင်ဗျ။
ဖြေ ။ ။ ကျနော် ရဲဘော်ရဲဘက်တွေ၊ လုပ်ဖောက်ကိုင်ဖက်တွေနဲ့ အတူတကွ မဲပေးချင်လို့ပါ။ ဒီအတွက်ပါပဲ။ အဲဒါကြောင့် ဒီနေ့မှ မဲပေးတာပါ။
မေး ။ ။ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဘယ်လို ပါတီမျိုးကို မေးပေးခဲ့သလဲပေါ့လေ။ ဘယ်ပါတီကို ပေးတာလဲလို့ မေးတာ မဟုတ်ပါဘူး။ အခု မဲပေးတဲ့ အကျိုးဆက်ကြောင့် ကျနော်တို့ တိုင်းပြည်မှာ ပိုကောင်းတဲ့ အပြောင်းအလဲတွေ၊ ပိုပြီး ကောင်းတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါသလား။
ဖြေ ။ ။ ကျနော်ကတော့ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဒီအပေါ်မှာ အလေးထားတဲ့ ပါတီပေါ့နော်။ နောက်တခါ ဒို့တာဝန် အရေး ၃ ပါးကို အလေးထားတဲ့ ပါတီပေါ့။ ကျနော် အမြဲတမ်းပြောတယ်။ ကျနော်တို့ တပ်မတော်နဲ့ လက်တွဲပြီး အလုပ်လုပ်လို့ ရတဲ့ပါတီကို ကျနော်ရွေးချယ်ပြီး ပေးခဲ့ပါတယ်။ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်လို့လည်း ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။
မေး ။ ။ မဲပေးပြီးလို့ ရွေးကောက်ပွဲ ရလဒ် ထွက်လာရင် ပြည်သူ့ဆန္ဒနဲ့အညီ ဖြစ်လာတဲ့ ရလဒ်ကို ဗိုလ်ချုပ်မှူးကြီး လက်ခံမှာလား။ ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့ ဘယ်လိုဆက်ပြီး ကူညီပေးသွားမလဲ ဆိုတာလေး သိပါရစေခင်ဗျာ။
ဖြေ ။ ။ ကျနော်ကတော့ ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့ မရဘူး။ လက်ခံရမှာပဲ။ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ခံစားနေရတဲ့ သောကတွေ . . . သောကတွေ ဒါတွေကို ဘယ်လို ဖြေ သိမ့်ဖို့အတွက် စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ဒါဟာ ကျနော်တို့အတွက် အင်မတန် အရေးကြီးတဲ့ အချက်။ နိုင်ငံသူ၊ နိုင်ငံသားတွေ ခံစားနေရတဲ့ သောကကို ဖြေသိမ့်နိုင်ဖို့အတွက်လည်း အရေးကြီးပါတယ်။ ဒါကတော့ မလွဲမသွေ လုပ်ကိုလုပ်ရမှာပဲလို့ ပြောချင်ပါတယ်။
You may also like these stories:
တပ်မတော်အကြီးအကဲ၏ သတိပေးချက် ရွေးကောက်ပွဲလွန်ကာလအတွက် ပူပန်စရာ ဖြစ်လာ
ဒို့တာဝန် အရေး ၃ ပါးကို ကာကွယ်သည့် ပါတီနှင့် လက်တွဲမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
နိုင်ငံတော် သမ္မတရုံး ဝေဖန်ချက် တပ်မတော် တုံ့ပြန်