ကိုရီးယားထိပ်တန်းသရုပ်ဆောင်စာရင်းမှာ ထိပ်ဆုံးနေရာက ရပ်တည်နေတဲ့ သရုပ်ဆောင် ရိန်း နဲ့ ကင်ထယ်ဟီးတို့ နှစ်ယောက်ဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ ကြာသပတေးနေ့ ညနေပိုင်းမှာ ဆိုးလ်မြို့မှာရှိတဲ့ ရိုမန်ကတ်သလစ် ဘုရားကျောင်းတခုဖြစ်တဲ့ Gahoe-dong မှာ လက်ထပ်ခဲ့ကြပါတယ်။

သူတို့လက်ထပ်တော့မယ့်အကြောင်းကို ဇန်နဝါရီလ ၁၈ ရက်နေ့က ရိန်းက သူ့ရဲ့တွစ်တာစာမျက်နှာက တဆင့် ပရိသတ်များကို အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို အသိပေးလိုက်တဲ့အခါမှာ သူတို့ နှစ်ဦးစလုံးရဲ့ ပရိသတ်များက ဆိုးလ်မြို့မှာရှိတဲ့ ဖိုက်စတားအဆင့် ဟိုတယ်တွေမှာ လိုက်လံ စုံစမ်းမှု တွေပြုလုပ်ခဲ့သလို ဆိုးလ်မြို့အနီးအနားက ဖိုက်စတားဟိုတယ်တွေအထိ စုံစမ်းခဲ့ကြပါတယ်။ သို့သော်လည်း သူတို့နှစ်ဦး ဘယ်မှာ လက်ထပ်ပွဲကျင်းပမယ်ဆိုတာ ဘယ်သူကမှ အတိအကျ သတင်း မရခဲ့ကြပါဘူး။
ရိန်းနဲ့ ကင်ထယ်ဟီးတို့ဟာ တောင်ကိုရီးယားမှာသာမက ကမ္ဘာတစ်ဝန်းက ပရိသတ်များရဲ့ ချစ်ခင် အားပေးမှုကို ရရှိထားတဲ့ ကိုရီးယားသရုပ်ဆောင်တွေဖြစ်ကြသလို သူတို့ရဲ့ ဝင်ငွေဟာလည်း ဝမ်သန်းပေါင်း များစွာရှိပါတယ်။ အဲ့ဒီအတွက် တောင်ကိုရီးယားမှာ အကောင်းဆုံး အခမ်းနားဆုံး မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲ ဆင်နွဲကြမယ်လို့ သူတို့ပရိသတ်များက ယုံကြည်ထားခဲ့ကြပါတယ်။ သို့သော်လည်း သူတို့နှစ်ဦးဟာ မင်္ဂလာ ဧည့်သည်အနည်းငယ်နဲ့ သူတို့ယုံကြည်တဲ့ ဘာသာရေးအဆောက်အအုံမှာ လက်ထပ်ပွဲကို အကျဉ်းချုံးပြီး လက်ထပ်ခဲ့ကြပါတယ်။
တကယ်တော့ ရိန်းနဲ့ ကင်ထယ်ဟီးတို့ ချစ်သူတွေဖြစ်နေခဲ့ကြတာ ၂၀၁၂ ခုနှစ်ခန့်ကတည်းကပါ။ သူတို့ဟာ လျို့ဝှက်စွာနဲ့ ချစ်ခဲ့ကြခြင်းဖြစ်ပါတယ်။ သို့သော်လည်း သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေတယ်ဆိုတာ ၂၀၁၂ ခုနှစ် ခရစ္စမတ်ကာလမှာ ရိန်းဟာ ချစ်သူဖြစ်တဲ့ ကင်ထယ်ဟီးနဲ့ တွေ့ဆုံခဲ့တဲ့ကိစ္စဟာ အင်တာနက် စာမျက်နှာတွေထက်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေကြတာ အချိန်ကာလ အားဖြင့် အတော်ကြာနေပြီလို့ သူတို့ရဲ့ အနုပညာအေဂျင်စီများက ဝန်ခံခဲ့ကြပါတယ်။ အဲ့ဒီလို ခရစ္စမတ် ကာလမှာ ချိန်းတွေ့ခဲ့ကြတာကြောင့် ရိန်းတစ်ယောက် စစ်မှုတာဝန်ထမ်းဆောင်နေစဉ်မှာ ခွင့်မဲ့ပျက်ကွက်မှု၊ ယူနီဖောင်းဝတ်ဆင်မှု ပျက်ကွက်မှုတွေနဲ့ အရေးယူခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ရိန်းတယောက် စစ်မှုတာဝန်ထမ်းဆောင်မှုက ပြီးဆုံးတဲ့အခါမှာလည်း သူတို့နှစ်ဦးဟာ ချစ်သူတွေအဖြစ်နဲ့ ပရိသတ်တွေ မျက်စိနောက်လောက်အောင် အတူတွဲသွားလာနေတာမျိုးတွေသိပ်မရှိခဲ့ဘဲ သူတို့ရဲ့ အနုပညာလုပ်ငန်းတွေနဲ့သာ အချိန်ကုန်နေကြပါတယ်။ အဲ့ဒီလို ဖြစ်နေခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့ အချစ်ရေးတွေ အေးစက်သွားပြီလို့ ယူဆတဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ရိန်းအနေနဲ့သာ ကင်ထယ်ဟီးကို ချစ်နေတဲ့အကြောင်း သူ့ချစ်သူအတွက် သိသာစေတဲ့ စတေးတပ်မျိုးတွေကို သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့မှုတွေရှိခဲ့တာပါ။ ကင်ထယ်ဟီးဘက်ကတော့ လုံးဝအေးစက်တဲ့ အနေအထားသာ ရှိခဲ့တာကြောင့် သူတို့ရဲ့ အချစ်ရေးကို ဝေဖန်သူတွေကတော့ ရိန်းက ပိုချစ်တဲ့သူ ဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။
ဒါ့အပြင် သူတို့ရဲ့ အချစ်ရေးကို ဝေဖန်သူများက ရိန်းဟာ ငယ်စဉ်က မိခင်ဖြစ်သူနဲ့ ကြီးပြင်းခဲ့ရသူပါ။ သူဟာ ငယ်စဉ်ဘဝမှာ အတော်ရုန်းကန်ခဲ့ရတယ်လို့ CNN နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ဖူးပါတယ်။ သူဟာ ငယ်စဉ် ကလေးဘဝမှာကတည်းက နိုက်ကလပ်မှာ အကဖျော်ဖြေသူအဖြစ်ရပ်တည်ခဲ့ပါတယ်။ အဲ့ဒီကနေမှ အဆိုတော်တဦးအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားရုန်းကန်ရင်း KBS music မှာ ဖျော်ဖြေခွင့်ရခဲ့ကာ JYP Entertainment ရဲ့ မြေတောင်မြှောက်ပေးမှုနဲ့ ကိုရီးယားမှာသာမက ကမ္ဘာကပါ အာရှဒေသအဆိုတော် အဖြစ် လက်ခံတဲ့ အနုပညာရှင်တဦးဖြစ်လာခဲ့ခြင်းပါ။
ကင်ထယ်ဟီးရဲ့ မိဘများဟာ ဘူဆန် ဇာတိတွေ ဖြစ်ပါတယ်။ ချမ်းသာတဲ့ မိသားစုအသိုင်းအဝိုင်းဖြစ်ကာ မောင်နှမ သုံးယောက်ရှိပါတယ်။ မောင်လေးဖြစ်တဲ့ လီဝမ်ဟာလည်း သရုပ်ဆောင်တဦးပါ။ ကင်ထယ်ဟီးဟာ ငယ်စဉ်ကတည်းက ပညာရေးမှာ ထူးချွန်တဲ့သူတဦးလည်းဖြစ်ပါတယ်။ သူမဟာ တောင်ကိုရီးယားမှာ ဝင်ခွင့်ရရှိရန် အလွန်ခက်ခဲပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နေတဲ့ ဆိုးလ်အမျိုးသားတက္ကသိုလ်ကနေ ဖက်ရှင်ဒီဇိုင်းဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူပါ။ သူမဟာ ငယ်စဉ်က နာမည်ကြီးဒီဇိုင်နာဖြစ်ဖို့ အားသန်ခဲ့သူလည်းဖြစ်ပါတယ်။ ကိုရီးယားသရုပ်ဆောင်တွေထဲမှာ ကင်ထယ်ဟီး တယောက်သာ ဆိုးလ်အမျိုးသားတက္ကသိုလ်ကနေ ဘွဲ့ရရှိသူတဦးလည်းဖြစ်ပါတယ်။
အဲ့ဒီလို ဘဝအခြေအနေချင်း မတူညီခဲ့ကြတဲ့ သူတို့နှစ်ဦးကို ကင်ထယ်ဟီးရဲ့ မိသားစုများက ကန့်ကွက်မှုတွေ ရှိခဲ့မယ်လို့ ဝေဖန်ရေးသမားများက ယူဆခဲ့ကြပါတယ်။ အဲ့ဒီလို ယူဆမှုတွေကြောင့် သူတို့အချစ်ရေးဟာ ချောမွေ့တန်သလောက် မချောမွေ့ခဲ့ဘူးလို့ သုံးသပ်ထားခဲ့ကြပါတယ်။

ခုတော့ သူတို့နှစ်ဦးဟာ အထူးဧည့်သည်တွေဖြစ်တဲ့ PSY၊ ဂျန်ဆန်းမို (ကင်ထယ်ဟီးရဲ့ မိတ်ကပ်ပညာရှင်) အပါအဝင် ဧည့်ပရိသတ် ၅၀ သာ တက်ရောက်တဲ့ မင်္ဂလာဧည့်ခံပွဲကို တိတ်တဆိတ်ကျင်းပခဲ့ပြီး သူတို့ရဲ့ ချစ်ခြင်းနဲ့ ဘဝသစ်ကို ထူထောင်လိုက်ကြပါပြီ။

ဇန်နဝါရီလ ၂၂ ရက်နေ့ တနင်္ဂနွေနေ့က တောင်ကိုရီးယားနိုင်ငံ အင်ချွန်းနိုင်ငံတကာလေဆိပ်မှ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းကို ဟန်းနီးမွန်းခရီးအဖြစ် ထွက်ခွာခဲ့ကြပါတယ်။ လေဆိပ်မှာ သူတို့ရဲ့ပရိသတ်များက သူတို့နှစ်ဦးကို တခဲနက်အားပေးခဲ့ကြသလို မီဒီယာသမားကလည်း လေဆိပ်မှာ အမိအရ သတင်းယူ ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ တကယ့်ကို ချစ်စရာကောင်းတဲ့ စုံတွဲအဖြစ် သတ်မှတ်ခံခဲ့ရပြီး ရိန်းဟာ ကင်ထယ်ဟီးရဲ့ လက်ကို မလွတ်တမ်းဆုပ်ကိုင်ထားကာ ကင်ထယ်ဟီးကတော့ ရှက်သွေးဖြာတဲ့ မျက်ဝန်းများနဲ့ မခို့တရို့ပြုံးနေခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ ခင်ပွန်းဖြစ်သူ ရိန်းကို “သူဟာ ကျမရဲ့ အချစ်ရဆုံး သူပါ” လို့ ခပ်ကြွားကြွားလေး ပြောကြား ခဲ့ပါတယ်။
Ref: http://koalasplayground.com and https://www.dramafever.com/