ဝင်ငွေခွန် နှစ်ထပ်ကောက်ခြင်းသည် ဥပဒေနှင့် မညီသလို ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မည့် ငွေအဖြစ် ပြောင်းသွားနိုင်သဖြင့် ကိုရီးယားရောက် မြန်မာလုပ်သားများအနေနှင့် ပေးမည်မဟုတ်ကြောင်း ဇန်နဝါရီ ၂၈ရက် ဆိုးလ်မြို့တော်ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည်။
ကိုရီးယားနိုင်ငံသည် နိုင်ငံပေါင်း ၉၆ နိုင်ငံနှင့် ဝင်ငွေခွန် နှစ်ထပ်မကျသင့်ရေး သဘောတူစာချုပ် ချုပ်ဆိုထားပြီး ယင်းနိုင်ငံ များတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သည်။
နိုင်ငံခြားငွေ ရှားပါးလာသော စစ်ကောင်စီသည် ပြည်ပနေ မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရသော စုစုပေါင်း ဝင်ငွေ အပေါ် ၁၀ ရာခိုင်နှုနး်ကို နိုင်ငံခြားငွေအမျိုးအစားဖြင့် လာမည့် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၄ မတ်လ ၃၁ ရက်ထိ ဝင်ငွေခွန်စည်းကြပ်ကောက်ခံမည်ဟု စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ တရားမျှတမှု မရှိသလို တည်ဆဲဥပဒေနှင့်လည်း မညီညွတ်သဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ယခုကာလ ယင်းပိုက်ဆံများမှာ ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ရန် လက်နက်ဝယ်ယူမည့် ငွေအဖြစ် ပြောင်းလဲသွားမည်ဖြစ်၍ မည်သူမျှ ပေးဆောင်လိုသော ဆန္ဒမရှိကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား) ဥက္ကဋ္ဌ ဦးဝင်းပေါ်မောင်က ဧရာဝတီသို့ ပြောသည်။
“ဒါက တရားမျှတမှု မရှိသလို ဥပဒေနဲ့လည်း ဘောင်မဝင်ဘူး။ ဒီပိုက်ဆံတွေဝင်သွားရင် မင်းအောင်လှိုင်က လက်နက်ဝယ် မယ်၊ ပြည်သူလူထုကို ပစ်မှာပဲ၊ သွေးစွန်းငွေ ဖြစ်တဲ့အတွက် ဘယ်သူကမှ ပေးလိုတဲ့ ဆန္ဒ လုံးဝမရှိဘူး။ ဒါပေမယ့် အခက် အခဲက ပတ်စ်ပို့နဲ့ လာပြီးတော့ ချိတ်ဆက်ထားတဲ့အတွက် အဲဒါကို ကျော်လွှားနိုင်ဖို့ အားလုံး စုပြီးတော့ တညီတညွတ် တည်း ကြိုးစားနေပါတယ်”ဟု ၎င်းကဆိုသည်။
ထို့အတွက် စစ်ခေါင်းဆောင်၏ အမိန့်ကို အကောင်အထည်ဖော်ပေးနေသည့် မြန်မာသံရုံး၊ သံအမတ်နှင့်တကွ ဝန်ထမ်းများ အားလုံးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကိုရီးယားရောက် မြန်မာများစုပေါင်း၍ ယခုလ ၂၈ ရက်က သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။
ပြည်ပရောက် မြန်မာများအပေါ် ဝင်ငွေခွန်ကောက်ခြင်းကို ယခင်စစ်အစိုးရ အဆက်ဆက် လုပ်ဆောင်ခဲ့ဖူးပြီး ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပြန်လည် ပယ်ဖျက်ပေးရာမှ ယခု ၁၀ စုနှစ်တခု ကျော်ကြာ ပြီးနောက် အာဏာသိမ်း စစ်ကောင်စီ က ထပ်မံ ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် နိုင်ငံခြားတွင် အလုပ်သွားရောက် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများသည် သက်ဆိုင်ရာ နိုင်ငံမှ သတ်မှတ်ထားသော ဝင်ငွေခွန်ကို ပေးဆောင်ရသည့်အတွက် မူရင်းနိုင်ငံသို့ အခွန်ထပ်မံပေးဆောင်ရန် မလိုသော်လည်း ယခု အသစ်ပြင်ဆင်လိုက်သည့်ဥပဒေအရ စစ်ကောင်စီထံ ဝင်ငွေခွန် ထပ်မံပေးဆောင်ရမည် ဖြစ်၍ ဝင်ငွေခွန် နှစ်ထပ် ကျသင့်ခြင်း ဖြစ်သည်။
ကိုရီးယားရောက် မြန်မာ့အရေးဆောင်ရွက်နေသူ ကိုဇော်မိုးအောင်က “အများစုက မပေးချင်ကြဘူး။ ကိုရီးယားကိုလည်း ပေးရမယ်။ စကစကိုလည်း ပေးရမယ်ဆိုတော့ ပင်ပန်းတာပေါ့၊ ဒီအခွန်တွေက စကစ ယူသုံးပြီးတော့ အများပြည်သူ အကျိုးရှိမယ့် လုပ်ငန်းတွေကို မလုပ်ဘဲ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ မြန်မာတိုင်းရင်းသားတွေကို သတ်ဖြတ်နေတာ ကြောင့် မပေးချင်ကြတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ဝင်ငွေခွန် မဆောင်ပါက စစ်ကောင်စီဘက်မှ အမျိုးမျိုး ဖိနှိပ်လာနိုင်သလို ယခုကာလအတွင်း မိမိနိုင်ငံသို့ ပြန်ရန် လွယ်ကူမည်မဟုတ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်သူများအား စစ်ကောင်စီ ဝန်ထမ်းများက လေဆိပ်တွင် စစ်ဆေးမေးမြန်းခြင်း၊ ပိုက်ဆံတောင်းခြင်းများ လုပ်ဆောင်နေကြောင်း ဦးဝင်းပေါ်မောင်ကလည်း ပြောသည်။
စစ်ကောင်စီအား ဝင်ငွေခွန် မပေးဆောင်ခြင်းကြောင့် နောက်ပိုင်း ဖြစ်လာမည့် နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) သက်တမ်းတိုး ခြင်းအပါအဝင် အခြားကိစ္စရပ်များအတွက် အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)အပါအဝင် တော်လှန်ရေး အသင်းအဖွဲ့များက မကြာခင် ရက်ပိုင်းအတွင်း လူထုလှုပ်ရှားမှု တခု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားတဦးက “ကျနော်ကတော့ သူတို့ ဘယ်လောက်ပဲ ထုတ်ပြန်ပြန်။ မဆောင်ဘူး၊ မပြန်ဘူး။ ပေးလည်း မပေးနိုင်ဘူး။ အခွန်မဆောင်ရင် ပတ်စ်ပို့သက်တမ်း ထပ်မတိုးခိုင်းတာ၊ ခြိမ်းခြောက်တဲ့ အပေါ်မှာ NUG အစိုးရအနေနဲ့ တခုခု အကာအကွယ်ပေးသင့်တယ်။ အလုပ်သမားတွေအတွက် ပတ်စ်ပို့က အရေးကြီး တယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ကိုရီးယားအစိုးရအနေဖြင့် မြန်မာနိုင်ငံ မတည်မငြိမ် ဖြစ်နေသည့် ကာလအတွင်း အိမ်ပြန်ခွင့် မရသေးသူများ ကို ဆက်လက်နေထိုင်ခွင့်ပေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး ၏ အဖွဲ့ဝင်လည်း ဖြစ်သူ ဦးဝင်းပေါ်မောင်က ပြောသည်။
“လက်ရှိမှာတော့ ပတ်စ်ပို့ ပြဿနာ ရှိတယ်ဆိုရင် ကိုယ်စားလှယ်ရုံးကို အချိန်မရွေး အကူညီတောင်းလို့ ရပါတယ်။ ကျနော်တို့က ကိုရီးယားအစိုးရကို နားလည်အောင် ရှင်းပြပေးတဲ့ စာတွေ အဆင်သင့်ရှိတယ်။ လိုအပ်ရင် လူကိုယ်တိုင် ဖြစ်ဖြစ်၊ ဖုန်းနဲ့ဖြစ်ဖြစ် ပြောပေးတာ ရှိတယ်။ ကျနော်တို့ ဖြေရှင်းပေးရင် ကိစ္စတော်တော်များများက ပြေလည်ပါတယ်။ ဒါပေမယ့် တချို့ အလုပ်သမားကိစ္စတွေ ကျတော့ အများစု ဖြစ်နေတဲ့ အတွက် ပြောဖို့ အခက်အခဲရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ကိုရီးယားအစိုးရကို ပြောသွားဖို့ စီစဉ်နေတယ်”ဟု ၎င်းက ပြောသည်။
ကိုရီးယားနိုင်ငံတွင် မြန်မာလုပ်သား ၅ သောင်းဝန်းကျင်ရှိပြီး ယင်းအနက် ၉၉ ရာခိုင်နှုန်းမှာ စစ်ကောင်စီသို့ ဝင်ငွေခွန် မပေးဆောင်လိုကြောင်း ကိုရီးယားရောက် မြန်မာလုပ်သားများထံက သိရသည်။
လက်ရှိတွင် နိုင်ငံရေးခိုလှုံခွင့်နှင့် ကိုရီးယားနိုင်ငံသို့ ရောက်လာသည့် နိုင်ငံရေးလှုပ်ရှားမှုများ၌ ပါဝင်သော အလုပ်သမား များ ကို စစ်ကောင်စီလက်အောက်ခံ ကိုရီးယားနိုင်ငံ၊ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်သက်တမ်း တိုးမပေးခြင်း၊ စာအုပ် သိမ်းထားခြင်းများကိုပြုလုပ်နေကြောင်း သိရသည်။
ကိုရီးယားတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားတဦးသည် ၁ လလျှင် အနည်းဆုံး ဝမ် သိန်း ၂၀ ကျော် (မြန်မာ ကျပ်ငွေ သိန်း ၄၀ မှ သိန်း ၅၀ ခန့်) ရပြီး စစ်ကောင်စီ ကောက်သောဝင်ငွေခွန်ကို ပေးနိုင်သော်လည်း စစ်လက်နက် တပ်ဆင်သော နေရာတွင် သုံးမည်ဖြစ်သောကြောင့် မပေးလိုခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
မြန်မာနိုင်ငံသည် ၂၀၁၂ခုနှစ်တွင် အမိန့်ကြော်ငြာစာအမှတ် ၄၇၂/၂၀၁၂ ထုတ်ပြန်၍ အခွန် နှစ်ထပ် မကျသင့်စေရေး စာချုပ် ချုပ်ဆိုသော နိုင်ငံ ၈ နိုင်ငံရှိခဲ့ပြီး ယင်းတို့မှာ ဗြိတိန်၊ အိန္ဒိယ၊ ထိုင်း၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှား၊ လာအိုနှင့် စင်ကာပူနိုင်ငံတို့ ဖြစ်သည်။
You may also like these stories:
ပြည်ပရောက်များထံမှ အခွန်ကောက်မည့် စစ်ကောင်စီဘဏ် ငွေစာရင်းများ ထိန်းချုပ်ရန် တောင်းဆို
ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်
စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း
အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို
စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ