ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ဖမ်းဝရမ်း ထုတ်ထားတဲ့ ကိုးကန့်ဒေသခေါင်းဆောင် ပယ်ဆောက်ချိန်အပါအဝင် ၁၀ ဦးကို ဇန်နဝါရီ ၃၀ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီက တရုတ်ထံ လွှဲပြောင်းပေးအပ်မှုကြောင့် နေပြည်တော်လေဆိပ်မှာ လာရောက် ဖမ်းဆီးခေါ်သွားတယ်လို့ တရုတ်သတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။
တရုတ်ဘက်က နောက်ဆုံးဝရမ်းထုတ်ထားတဲ့ လုပ်ငန်းရှင် ဆယ်ဦးထဲက ၆ ဦးဖြစ်တဲ့ ကိုးကန့်ကိုးကန့်ဒေသခေါင်းဆောင် ပယ်ဆောက်ချိန်နဲ့ သားဖြစ်သူ ပယ်ရင်ချန်၊ နယ်ခြားစောင့်တပ်ရင်း ၁၀၀၆ ဥက္ကဋ္ဌ ဝေဆန်း၊ ဖူလီလိုက် လုပ်ငန်းစုက ရွှီလောက်ဖာ၊ လျှိုကျိန်မောက်၊ ဟိန်းလီလုပ်ငန်းစု CEO ဝေယုံ (ခ) ဒေါ်ချောချောအေး တို့နဲ့အတူ မြီ မိသားစုပိုင်တဲ့ ဝေါ့ဖူဆန်းကျွမ်း (ကျားခြံ) ဟိုတယ်ဝန်းက သေနတ်ပစ်မှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရသူ လေးဦးကိုပါ တရုတ်လက်ထဲ လွှဲပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလွှဲပြောင်းပေးအပ်မှုကို တရုတ်မီဒီယာတွေမှာ အောင်ပွဲခံ သတင်းတွေ အကြီးအကျယ် ဖော်ပြနေပေမယ့် မြန်မာစစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ယန္တရားက ရေငုံနှုတ်ပိတ်နေပါတယ်။
ဒီအွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရားခံတွေဟာ စစ်ကောင်စီရဲ့ သစ္စာခံ ကိုးကန့်ဒေသနယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင် ပယ်ဆောက်ချိန် ဆိုရင် ၂၀၁၀ ခုနှစ်က ကိုးကန့်မဲဆန္ဒနယ် အမှတ် ၂ ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ခိုင်ဖြိုး ပါတီကနေ ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူ ဖြစ်ပါတယ်။
တရုတ်နယ်စပ် ကိုးကန့်ဒေသမြို့တော် လောက်ကိုင်က အွန်လိုင်းရာဇဝတ်မှု အင်ပါယာအတွက် တရုတ်နိုင်ငံက အလိုရှိနေတဲ့ ဆိုက်ဘာငွေလိမ်ဂိုဏ်း ခေါင်းဆောင်တွေကို ဝှက်ပေးထားတာလို့ ညီနောင်မဟာမိတ်များက မကြာမီကပဲ ထုတ်ပြန်ခဲ့ပါတယ်။
ညီနောင်မဟာမိတ်အဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ပြီး မြို့ပေါင်း ၂၀ နီးပါး အပါအဝင် ရှမ်းပြည်မြောက်ပိုင်း အများစုကို သိမ်းပိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်များအနက် တခုက အွန်လိုင်းငွေကြွေး လိမ်လည်မှုတွေကို အမြစ်ဖြတ်ဖို့လို့ ဆိုပါတယ်။

ဒီဇင်ဘာလ အစောပိုင်းမှာ တရုတ်အာဏာပိုင်တွေက စစ်ကောင်စီမဟာမိတ် ကိုးကန့်နယ်ခြားစောင့်တပ် တည်ထောင်သူ ပယ်ဆောက်ချိန်နဲ့ အခြား ငွေလိမ်ဂိုဏ်း ခေါင်းဆောင် ကိုးဦးကို ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။
စစ်ကောင်စီက သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေနဲ့ လောက်ကိုင် ငွေလိမ်ဂိုဏ်း ခေါင်းဆောင်တွေကို ရှမ်းမြောက်စစ်ပွဲ စဖြစ်ပြီး နိုဝင်ဘာလ အစောပိုင်းမှာ လောက်ကိုင်ကနေ ခေါ်ထုတ်သွားတယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ပြောပါတယ်။
အဲဒီဂိုဏ်းခေါင်းဆောင်တွေ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်က စစ်ကောင်စီ လေတပ်စခန်းနဲ့ စစ်တပ်ရဲ့ အခြားစခန်းတွေမှာ ဝှက်ပေးထားတယ်လို့ ခေတ်သစ်သတင်းဌာနက စစ်ကောင်စီ သတင်းပေးတွေကို ကိုးကားပြီး ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဖော်ပြပါတယ်။
သတင်းထွက်လာပြီး စစ်ကောင်စီက နမ့်ဆန်မှာ တရုတ်နိုင်ငံသား ၁,၀၃၈ ဦး ဖမ်းမိကြောင်း ပြောကြားပြီး ခေတ်သစ်မီဒီယာဟာ သတင်းတုတွေ ဖြန့်နေကြောင်းနဲ့ စစ်တပ်ကို ပြည်သူက မယုံကြည်အောင် လုပ်နေတယ်လို့ စွပ်စွဲပါတယ်။
အခုဆိုရင်တော့ ကိုးကန့်ရဲ့ အချမ်းသာဆုံးနဲ့ သြဇာအကြီးဆုံး မိသားစုကြီး လေးစုဖြစ်တဲ့ ပယ်အိမ်၊ လျိုအိမ်၊ ဝေအိမ် နဲ့ မြီ အိမ်တို့ရဲ့ ဦးဆောင်သူတွေ အားလုံးဟာ အခုချိန်မှာတော့ တရုတ်လက်ထဲကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA က တရုတ် အလိုရှိနေတဲ့ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်နေတယ်ဆိုတဲ့ ‘ဝ’ ပြည်နယ် ဆောက်လုပ်ရေးဌာနမှူး ပေါက်အိုက်ပန်း နဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့တို့ ၂ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ ကြေညာစာတွေ ကပ်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ ပတ်သက်တဲ့ မိသားစုကြီး လေးစုဟာ လောက်ကိုင် မကျမီက ဝန်ထမ်း ၁၀၀,၀၀၀ ခန့် လုပ်ကိုင်နေတဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကနေ တနှစ်ကို ယွမ် ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ) အထိ ဝင်ငွေရခဲ့တယ်လို့ ညီနောင်မဟာမိတ် အဖွဲ့ဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ခေါင်းဆောင် ဖုန်တဲရင်က ဇန်နဝါရီလ အစောပိုင်းက ပြောပါတယ်။
စစ်တပ်နဲ့ အဲဒီမိသားစု လေးစုဟာ ၂၀၀၉ ခုနှစ်က စတင်ပြီး ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ပြီး လောက်ကိုင်ကို ဆိုက်ဘာငွေကြေးလိမ်လည်မှုတွေနဲ့ မူးယစ်ရာဇဝတ်မှု အချက်အခြာဒေသ ဖြစ်အောင် လုပ်ခဲ့တာလို့လည်း ဖုန်တဲရင်က ပြောပါတယ်။
You may also like these stories:
စစ်တပ် ကာကွယ်ထားသော တရုတ်နယ်စပ် ငွေကြေးလိမ်လည်လုပ်ငန်း နှစ်စဉ် ဒေါ်လာ ၁၄ ဘီလီယံ ရ
သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း
နယ်စပ်မှ ဆိုက်ဘာရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲရန် ထိုင်းက မြန်မာကို အကူအညီတောင်း
ကရင် BGF တပ်တွေ မြဝတီပြန်ဆုတ်တဲ့အခါ
“မူးယစ်” နှင့် “အွန်လိုင်းလိမ်လည်မှု နိုင်ငံများ” မှ အာဏာရှင်များ အခြေအနေ မကောင်း