ကမ္ဘာပေါ်မှာ COVID-19 ရောဂါ ကူးစက်မှု တတိယ အများဆုံး နေရာကနေ ဘရားဇီးနိုင်ငံကို ကျော်လွန်ပြီး ဒုတိယနေရာ ဖြစ်လာတဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ပိုင်းပြည်နယ်တခုဖြစ်တဲ့ Maharashtra မှာ ကူးစက်မှုပေါင်း ၁ သန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ တတိယအကြီးဆုံးပြည်နယ်၊ ဒုတိယလူနေ အထူထပ်ဆုံးဖြစ်တဲ့ Maharashtra ဟာစက်တင်ဘာ ၁၂ ရက်မှာ အတည်ပြုလူနာသစ် ၂ သောင်း ကျော်သွားတာကြောင့် ကူးစက်လူနာ ၁ သန်းကျော်ကာ သေဆုံးသူ ၃ သောင်းနီးပါး ရှိသွားပြီလို့ ထုတ်ပြန်ထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့တဲ့ စနေနေ့က ၂၂,၀၈၄ ဦး တရက်တည်း ကူးစက်ခံရတာကြောင့် စုစုပေါင်း ၁,၀၃၇,၇၆၅ ဦးနဲ့ သေဆုံးလူနာ ၂၉,၁၁၅ ဦး ရှိသွားပြီလို့ ဖော်ပြထားပါတယ်။
ပြည်နယ်အတွင်း သက်သာပျောက်ကင်းကာ ဆေးရုံဆင်းခွင့်ရရှိသူ ၁၃,၄၈၉ ဦးရှိတာကြောင့် ပြည်နယ်တခုလုံး ၂၇၉,၇၆၈ ဦး ရှိပြီလို့ ဆိုပါတယ်။ ကူးစက်မှုနှုန်း များလာသလို သက်သာပျောက်ကင်းနှုန်းဟာလည်း ၇၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်သွားပြီး၊ ပြင်းထန်အဆင့် ၂ ဒသမ ၈၂ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့လည်း Maharashtra ပြည်နယ်၊ မွမ်ဘိုင်းမြို့မှာတော့ ကူးစက်မှုတွေ မြင့်တက်နေပြီး ကူးစက်မှုအသစ် ၂,၃၅၀ ခုကြောင့် စုစုပေါင်း ၁၆၇,၆၅၆ ခု ရှိလာပြီ ဖြစ်ပါတယ်။ သေဆုံးသူ လူနာ အရေအတွက်ကလည်း ၈,၁၀၉ ဦးရှိပြီး ပြင်းထန်အဆင့် လူနာ ၄၂ ဦး တိုးလာတယ်လို့ ဆိုပါတယ်။
Maharashtra ပြည်နယ်မြောက်ပိုင်း ရှေးဟောင်းမြို့ဖြစ်တဲ့ Nashik မှာလည်း ကူးစက်မှုတွေ မြင့်တက်ခဲ့ပြီး အတည်ပြုလူနာအသစ် ၁,၁၀၀ ကျော် တိုးလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Vidarbha ဒေသထဲက ခရိုင် ၂ ခု ဖြစ်တဲ့ Nagpur နဲ့ Amravati မှာ စက်တင်ဘာလဆန်းကစလို့ အဆိုးဆုံး ကူးစက်ခံနေရပါတယ်။
Vidarbha မှာ ၁၁ ရက်အတွင်း ကူးစက်မှုပေါင်း ၃,၀၀၀ ကျော် မြင့်တက်ခဲ့တာကြောင့် ဒေသတဝိုက်စက်တင်ဘာ ၁၁ ရက်မှာ ၉ သောင်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ သေဆုံးသူ အရေအတွက်ကလည်းသြဂုတ်လထက်စာရင် စက်တင်ဘာလအတွင်း ၅၆ ဦး ပိုများလာခဲ့ပါတယ်။
Maharashtra ပြည်နယ်မှာ Home Quarantine ထားရှိသူ ၁,၆၅၂,၉၅၅ ဦး ရှိပြီး၊ လက်ရှိအချိန်ထိ ဆေးစစ်မှုပေါင်း ၅,၁၆၄,၈၄၀ ဦး ပြုလုပ်ထားပြီးဖြစ်ပါတယ်။ ကူးစက်မှုတွေ မြင့်တက်နေတဲ့ အိန္ဒိယနိုင်ငံမှာတော့ ကူးစက် ခံရသူပေါင်း ၄,၈၅၀,၈၈၇ ဦး ရှိကာ သေဆုံးသူ ၈ သောင်းနီးပါး ရှိနေပြီ ဖြစ်ပါတယ်။
Ref: The Hindu
You may also like these stories:
နှာခေါင်းအတွင်းဖျန်းသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို တရုတ်တွင် လူနှင့် စတင်စမ်းသပ်
ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး သန်း ၅၀ ဝယ်ဖို့ ဘရာဇီး စီစဉ်နေ
အာဆီယံနိုင်ငံများအတွင်း ကိုဗစ် ကူးစက်မှု အခြေအနေ