COVID-19 အခြေအနေ စောင့်ကြည့် စီမံရေးစင်တာ (CCSA) ကနေ ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန် ကူးစက် ပျံ့နှံ့ မှုတွေ မြင့်တက်လာတဲ့ ခရိုင်တွေအတွက် ၂၈ အနီရောင်ဇုံ ဆိုပြီး တင်းကျပ်တဲ့ စည်းကမ်းချက်တွေနဲ့ ထိန်းချုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဇန်နဝါရီ ၂ ရက်ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ် ဟန့်တားနိုင်အောင် အရှေ့ပိုင်းခရိုင်တွေဖြစ်တဲ့ Chon Buri, Chanthaburi နဲ့ Rayong တို့ကို Lockdown ချ ကန့်သတ်သွားဖို့ ထိုင်းနိုင်ငံ ကျန်းမာရေးဌာနက တောင်းဆိုခဲ့ပါတယ်။
COVID-19 ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး တာဝန်ရှိသူတွေကို သတင်းပေးပို့ဖို့ ပျက်ကွက်တာတွေ ရှိနေတဲ့အတွက် အများစု ကူးစက်လာနိုင်တာကြောင့် ကန့်သတ်မှုတွေ လိုအပ်တယ်လို့ ကျန်းမာရေး ဒုဝန်ကြီး Sathit Pitutecha က ဆိုပါတယ်။
Lockdown ချ ကန့်သတ်သွားဖို့ တောင်းဆိုထားတဲ့ ခရိုင် ၃ ခုဟာ တရားမဝင် လောင်းကစားဝိုင်းတွေနဲ့ ဆက်စပ်နေတာဖြစ်သလို၊ အဆိုပါ ခရိုင်တွေကနေ ဘန်ကောက်မြို့ထိ ဆက်စပ်နေတဲ့ လမ်းကြောင်းတွေမှာပါ စစ်ဆေးပေးဖို့ CCSA ကို တောင်းဆိုထားတာပါ။
CCSA ထုတ်ပြန်ချက်ထဲမှာပါတဲ့ ဘန်ကောက်မြို့ရှိ လူစုလူဝေး ဖြစ်စေမယ့် စီးပွားရေးလုပ်ငန်းတွေ ယာယီ ပိတ်ထားရမယ့် ထုတ်ပြန်ချက်ကို အုပ်ချုပ်ရေးမှူး Aswin Kwanmuang က လက်မှတ်ထိုးပေးလိုက်ပါပြီ။ ဒါကြောင့် ဘန်ကောက်မြို့ပေါ်က Pubs၊ ဘားနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ အပြင်၊ Water park ၊ ပန်းခြံနဲ့ ကစားကွင်း၊ ရေပေါ်ဈေး၊ Flea market စတာတွေကို ပိတ်ထားရတော့မှာ ဖြစ်ပါတယ်။
စတိုးဆိုင်၊ အစားအသောက် ဈေးတန်းတွေမှာလည်း အရက်ရောင်းချခွင့် ပိတ်သိမ်းလိုက်ပါတယ်။ ဆံပင်ညှပ်ဆိုင်တွေမှာ လူဦးရေ အကန့်အသတ်နဲ့ အချိန်ပိုင်းပဲ လက်ခံရမယ်လို့ သတ်မှတ်ပေးထားပါတယ်။ ကျောင်းတွေကိုလည်း ၂ ပတ်ကြာ ပိတ်ထားဦးမှာ ဖြစ်ပါတယ်။
CCSA ရဲ့ အနီရောင်ဇုံ ထုတ်ပြန်ချက်မှာ ဘန်ကောက်မြို့တော်အပါအဝင် Tak, Nonthaburi, Pathum Thani, Ayutthaya, Saraburi နဲ့ Lop Buri စတဲ့ ခရိုင် ၂၈ ခု ပါဝင်ပါတယ်။ CCSA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Taweesilp Visanuyothin က ပြည်တွင်းကူးစက်မှုတွေကြောင့် တင်းကျပ်တဲ့ ထိန်းချုပ် ကန့်သတ်မှုတွေ လုပ်ဆောင်မယ့်အကြောင်းကို ပြောကြားခဲ့ပါတယ်။ အဆိုပါ ကန့်သတ်ချက်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ထိ သက်ရောက်သွားမှာ ဖြစ်ပါတယ်။
တင်းကျပ်မယ့် ကန့်သတ်ချက်အသစ်ကို ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ခွင့်ပြုပေးသွားမှာဖြစ်ပြီး အဆင့် ၂ ဆင့် သတ်မှတ်ထားတယ်လို့ ဒေါက်တာ Taweesilp က ဆိုပါတယ်။ ဇန်နဝါရီ ၂ ရက်မှာ CCSA ရဲ့ ထုတ်ပြန်ချက်အရ ကူးစက်မှုအသစ် ၂၁၆ ဦးထဲက ၂၁၄ ဦးက ပြည်တွင်းကူးစက်မှုလို့ သိရပြီး သေဆုံးသူ ၁ ဦး ထပ်တိုးခဲ့ပါတယ်။
Ref: Bangkok Post