Coronavirus Update

ထိုင်းဝန်ကြီးချုပ် ကိုဗစ် ကာကွယ်ဆေးကို ပထမဆုံး ထိုးပြမည်ဟုဆို

ထိုင်းနိုင်ငံရဲ့ COVID-19 ကာကွယ်ဆေး ထိုးနှံရေးမှာ ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ပထမဆုံး အထိုးခံသွားမယ်လို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံကနေ မှာယူထားတဲ့ ကိုဗစ် ကာကွယ်ဆေးတွေဟာ ထိုင်းနိုင်ငံကို အင်္ဂါနေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

“ကျနော် ကာကွယ်ဆေး ထိုးနှံဖို့ အဆင်သင့်ပါပဲ” လို့ ဝန်ကြီးချုပ် ပရာရွတ်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာပါ။ တကယ်လို့ ပထမဆုံး ထိုးနှံရမယ့်သူဖြစ်ရင်လည်း ထိုးပေးသွားမှာပါလို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

ကျန်းမာရေးပိုင်း ကျွမ်းကျင်သူတွေကတော့ ကာကွယ်ဆေးကို အသက်ရွယ်အလိုက် ဦးစားပေးစနစ်နဲ့ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနက ဒေါက်တာ Sopon Iamsirithaworn က တရုတ်နိုင်ငံကနေ မှာယူထားတဲ့ Sinovac ကာကွယ်ဆေးဟာ အသက် ၁၈ နှစ်ကနေ ၅၉ နှစ်အထိပဲ အာမခံပေးနိုင်ပြီး ဒီအသက်ရွယ်ထက် ပိုငယ်တဲ့ (သို့မဟုတ်) ပိုကြီးတဲ့ အသက်အပိုင်းအခြားတွေအတွက်တော့ တိကျ သေချာတဲ့ အချက်အလက်တွေ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် Sinovac ကာကွယ်ဆေးဟာ ကိုယ်ဝန်ဆောင်တွေနဲ့ ဓာတ်မတည့် ဆေးမှတ်တမ်း ရှိဖူးသူတွေ မထိုးနှံသင့်ဘူးလို့ ဆိုပါတယ်။ ပထမသုတ်အနေနဲ့ မှာယူထားတဲ့ ကာကွယ်ဆေး အရေအတွက် ၂ သိန်းဟာ သုဝဏ္ဏဘူမိ လေဆိပ်ကို ရောက်ရှိချိန်မှာ ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ဖို့ ရှိပါတယ်။

ဝန်ကြီးချုပ် ပရာရွတ်ရဲ့ ပြောကြားချက်အရ နောက်ထပ် ကာကွယ်ဆေးတွေ ထပ်မံ ရောက်လာဖို့ ရှိနေပြီး အမျိုးသား ကာကွယ်ဆေးအဖွဲ့ကြီးရဲ့ အစီအစဉ်နဲ့ ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။

မတ်လထဲမှာ Sinovac ကာကွယ်ဆေး ၈ သိန်း ဒုတိယအသုတ်အဖြစ် ထပ်မံ ရောက်ရှိလာမှာ ဖြစ်သလို၊ ဧပြီလမှာတော့ ဆေးအရေအတွက် ၁ သန်း ရောက်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် အစိုးရ တာဝန်ရှိသူတွေက AstraZeneca ကာကွယ်ဆေး ၂၆ သန်း မှာယူထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကျန်းမာရေးဝန်ကြီး Auntin Charnvirakul ဘက်ကတော့ ပထမဆုံး ထိုးနှံမယ့် ကာကွယ်ဆေး ရက်အတိအကျကို လက်ရှိအချိန်ထိ နှုတ်ပိတ်နေဆဲပါ။ “အခုချိန်ထိ အတိအကျ မပြောသေးဘူးဆိုတာ ဘာမှ တွက်ဆထားလို့ မရလို့ပါ။ အကြောင်းကြောင်းကြောင့် အချိန်မီ မရောက်လာခဲ့ရင် ဒါဟာ အစိုးရဘက်က အပြစ် မဟုတ်ပါဘူး” လို့ ဝန်ကြီးက ဆိုပါတယ်။

အစိုးရပိုင်းဟာ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး တခြား အာဆီယံနိုင်ငံတွေလို ပထမအသုတ် မရောက်ရှိသေးတာကြောင့် ဝေဖန်ခံနေရပါတယ်။ အတိုက်အခံပါတီ ခေါင်းဆောင်တွေဘက်ကလည်း ကာကွယ်ဆေး ကြန့်ကြာနေမှုနဲ့ ပတ်သက်ပြီး ယခင်အပတ်ကပဲ ပြစ်တင် ပြောဆိုခဲ့ပါတယ်။

Ref: Bangkok Post

You may also like these stories:

အာဏာသိမ်းအပြီး ကိုဗစ်ထိန်းချုပ်ရေးစနစ် ယိုယွင်းလာနေ

ဗြိတိန်မှာ မတူညီတဲ့ ကာကွယ်ဆေး ၂ မျိုး ထိုးနှံရေး စမ်းသပ်

WHO စုံစမ်းရေးအဖွဲ့ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းသို့ သွားရောက် လေ့လာ

Loading