Culture

ထိုင်းဘုရင်ရဲ့ မင်္ဂလာလှေတော် စီးနင်းမှုကို နိုင်ငံသားထောင်ချီ လာရောက် ကြည့်ရှု

Want create site? Find Free WordPress Themes and plugins.

ထိုင်းဘုရင်က လှေလှော်ခတ်သူ ၂၀၀၀ ကျော်ပါဝင်တဲ့ လှေ ၅၂ စီးပါ လှေအုပ်စုနဲ့အတူ ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျောက်ဖရားမြစ်အတွင်း လှည့်လည်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စီးနင်းတာဟာ နန်းတက်ပွဲရဲ့ နောက်ဆုံး အခမ်းအနားဖြစ်ပြီး ပြည်သူပေါင်း ၅၀၀၀ ခန့်က လာရောက် ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။

၃ ရက်ကြာ အခမ်းအနားနဲ့ ဘုရင် သရဖူကို လွှဲပြောင်းယူပြီးနောက် ၇ လ အကြာမှာ အခုလို မင်္ဂလာလှေတော်ကို စီးနင်းလှည့်လည်ကာ နန်းတက်ပွဲ အခမ်းအနား အလုံးစုံ ပြီးမြောက်ခဲ့ပါတယ်။

ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းရဲ့ နန်းတက်ပွဲ နောက်ဆုံး အခမ်းအနားကို အဝါရောင် ဝတ်ဆင်ထားတဲ့ ပြည်သူတွေက မြစ်ကမ်းနား တလျှောက်ကနေ ကောင်းချီးသြဘာများ ပေးခဲ့ကြပါတယ်။ လှေတော်စီးနင်းမှုမှာ ထိုင်းဘုရင်နဲ့ အတူ မိဖုရား စုသီတာ လိုက်ပါလာခဲ့ပြီး သူတို့နဲ့အတူ ထိုင်းဘုရင်ရဲ့ သားတော်ဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် မင်းသား Dipangkorn Rasmijoti လည်း ပါဝင်ခဲ့ပါတယ်။

စတုတ္ထမြောက် မိဖုရားဖြစ်တဲ့ စုသီတာအပြင် အခြား တော်ဝင် မင်းသမီးတွေလည်း ပါဝင်ခဲ့ပါတယ်။

“ကျနော်ကတော့ ဒါကို မြင်ရတာ သိပ်စိတ်လှုပ်ရှားတယ်။ ဒါက ကျနော့်ဘဝရဲ့ နောက်ဆုံးအခွင့်အရေးပဲလေ”လို့ နန်းတက်ပွဲကို လာရောက် ကြည့်ရှုတဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသားတဦးက AFP သတင်းဌာနကို ပြောပါတယ်။

နန်းတက်ပွဲရဲ့ အစဉ်အလာအရ မင်္ဂလာလှေတော် စီးနင်းမှုကို ဒီဇင်လာလ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုင်းဘုရင်က ပြည်သူများ၊ ပါတီများနဲ့ အဖွဲ့အစည်းများအားလုံးအနေနဲ့ နိုင်ငံတိုးတက်အောင်မြင်အောင် တာဝန် ကိုယ်စီယူပြီး စည်းလုံးညီညွတ်စွာ နေထိုင်ကြဖို့ မေလအတွင်းက ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ နန်းတက်ပွဲမှာ မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

Ref. channelnewsasia

You may also like these stories:

ထိုင်းနိုင်ငံက သွန်ဘူရီနန်းတော်ကို ဒီဇင်ဘာလအတွင်း အခမဲ့ လည်ပတ်နိုင်မည်

ထိုင်းမှာရှိတဲ့ ကြာနီကန်ကို ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက် လည်ပတ်

Did you find apk for android? You can find new Free Android Games and apps.
Loading