အဆိုတော် အိမ့်ချစ်က “တန်းတူညီမျှ မိန်းကလေးတို့ ဘဝ ၉၉ ရက်တာ” (Girls Get Equal Campaign 99 Days) Ambassador အဖြစ် Plan International အဖွဲ့အစည်းအတွက် ဆောင်ရွက်ပေးဖို့ လက်ခံလိုက်ထားတယ်လို့ သိရပါတယ်။
GGE Campaign 99 Days အတွက် လှုပ်ရှားမှုတခုအဖြစ် အိမ့်ချစ်ကိုယ်တိုင် သီဆိုပြီး ပါဝင် သရုပ်ဖော်ထားတဲ့ Music Video ကိုလည်း သြဂုတ်လ ၄ ရက်နေ့က ပြည်သူ့ရင်ပြင်နဲ့ ကန်တော်မင် ပန်းခြံထဲမှာ ရိုက်ကူးခဲ့ပါတယ်။
မိန်းကလေးတွေအတွက် အင်အားဖြည့်တေးသီချင်း “အလှဆုံး မိန်းမပျို” သီချင်းကို အဆိုတော်၊ တေးရေး ရဲလေးက ရေးစပ်ပေးခဲ့တာဖြစ်ပြီး ဒါရိုက်တာအဖြစ် ဓာတ်ပုံ ဉာဏက ရိုက်ကူးခဲ့တာပါ။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အဆိုတော် အိမ့်ချစ်က ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“Girls Get Equal 99 Days က မိန်းကလေးတွေနဲ့ ပတ်သက်ရင် သိသင့်သိထိုက်တဲ့ ဥပဒေတွေ၊ သူတို့ရရှိနိုင်မယ့် အခွင့်အရေးတွေ၊ သူတို့ လုပ်ဆောင်နိုင်တာတွေအတွက် Campaign တွေလုပ်သွားဖို့ အစီအစဉ်တွေပါ။ နဂိုကတည်းကလေ လူမှုအကျိုးပြု အစီအစဉ်တွေဆိုရင် လုပ်ဖြစ်ခဲ့တာ များတယ်။ အိမ့်ချစ် ပြောဖူးပါတယ်။ ကိုယ်က သိပ်ချမ်းသာတဲ့သူထဲမှာ မပါဘူး”
“သူများတွေလို ငါဘာကြီး လှူလိုက်မယ်။ ကျောင်းကြီး ဆောက်လှူလိုက်မယ်တို့ မလုပ်နိုင်တဲ့သူဆိုတော့ ကိုယ်ဘာလုပ်နိုင်လဲ၊ ကိုယ့်မှာ နာမည်တခု ရှိတယ်။ အဲဒီနာမည်နဲ့ ဘယ်လို အကျိုးပြုလို့ရမလဲလို့ အိမ့်ချစ် စဉ်းစားတယ်။ ဒီတော့ ဒီလို Campaign တွေမှာ ပါဝင်တာက လူငယ်တွေအတွက် အကျိုးအများကြီးရှိလို့ လုပ်ပေးဖြစ်တာပါ”လို့ အဆိုတော် အိမ့်ချစ်က ပြောပါတယ်။
အဆိုတော် အိမ့်ချစ်က ၉၉ ရက်တာအတွင်း Plan International အဖွဲ့အစည်းနဲ့လက်တွဲပြီး GGE Campaign 99 Days လှုပ်ရှားမှုများ ဆောင်ရွက်မယ်လို့ သိရပါတယ်။ အဆိုတော် အိမ့်ချစ်ဟာ မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း ဗီယက်နမ် နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ “ASEAN Song Contest 2019” ပြိုင်ပွဲမှာ 2nd Runner Up ဆု ရရှိခဲ့ပါတယ်။
You May Also Like These Stories:
“ASEAN Song Contest 2019” ပြိုင်ပွဲမှာ 2nd Runner Up ဆု ရရှိခဲ့တဲ့ အဆိုတော် အိမ့်ချစ်
ဂျူနီယာချစ်ကောင်းအတွက် အများကြီး ကြိုးစားပေးသွားမယ့် အစ်မဖြစ်သူ အိမ့်ချစ်