ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ သြဂုတ်လ ၂၁ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တရားရုံးချိန်း အပြန်မှာ အမှုက အချိန်တန်ရင် ပြီးသွားမယ်လို့ မီဒီယာများကို ပြောဆိုခဲ့ပါတယ်။
“အမှုကတော့ သက်သေတင်ထားတာတွေ နားထောင်တုန်းပဲ ရှိသေးတယ်။ အချိန်တန်ရင် ပြီးသွားမှာပါ” လို့ ဝေဠုကျော်က ပြောပါတယ်။ ရုံးချိန်းမှာတော့ လက်ရှိ သက်သေခံများအဖြစ် တရားရုံးကို တင်ပြထားတဲ့ အသံဖိုင်များအနက် သင်းသင်းနဲ့ ဝေဠုကျော်တို့ နှစ်ဦးရဲ့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်များကို ဖွင့်နားထောင် စစ်ဆေးခဲ့ပါတယ်။
“အမှုကတော့ သက်သေတွေကို တဖက်နဲ့ တဖက် နားထောင်ကြတယ်။ အချိန်က ကြာတယ်၊ မကြာဘူးကတော့ တရား ဥပဒေအတိုင်း ဆောင်ရွက်နေတာပဲ။ တရားခံအနေနဲ့ ပျက်ကွက်ထားတာပဲ။ တရားလို အနေနဲ့ကတော့ ပျက်ကွက်ထားတာ မရှိပါဘူး။ ဒီနေ့ကိုတော့ တရားလိုရော တရားခံရော နှစ်ဖက်လုံး ရှိကြတော့ ကျေနပ်မှု ရှိပါတယ်”လို့ တရားလိုဖြစ်သူ သင်းသင်းက ပြောပါတယ်။
တရားရုံးကို သက်သေခံအဖြစ် တင်ထားတဲ့ ဝေဠုကျော်နဲ့ သင်းသင်းတို့ကြားက စကားပြောဆိုထားမှု အသံဖိုင် ၂၄၀ ခန့်ရှိပြီး လက်ရှိမှာလည်း စစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်။
အမှုချင်း ပုံစံ မတူသော်လည်း အဆိုတော် အစ္စဏီနဲ့ မော်ဒယ် စူးရှထက်တို့အမှုမှာ တရားလိုဘက်မှ အမှု ကျေအေးပေးခဲ့ခြင်းရှိတာကြောင့် သင်းသင်း အနေနဲ့ရော ထိုကဲ့သို့ ကျေအေးပေးဖို့ရှိလား ဆိုတာကိုလည်း အခုလိုပဲ ပြောပါတယ်။
“တယောက်နဲ့ တယောက်ကတော့ ဖြစ်တာချင်း မတူကြဘူးဆိုတော့လေ။ အခုအချိန်ထိတော့ ကျမဘက်က အဲ့လိုကျေအေးပေးဖို့ စိတ်မထည့်ထားသေးပါဘူး။ ရှိလည်း မရှိပါဘူး”လို့ သင်းသင်းက ပြောပါတယ်။
ဝေဠုကျော်အနေနဲ့တော့ ဇူလိုင်လအတွင်းက ရုံးချိန်းကင်းလွတ်ခွင့်များ တောင်းခံခဲ့သော်လည်း တရားရုံးမှ ကန့်ကွက်ခဲ့တာကြောင့် ရုံးချိန်းများ ဆက်လက် တက်ရောက်နေဆဲပဲ ဖြစ်ပါတယ်။
အလှမယ် သင်းသင်းကတော့ သရုပ်ဆောင် ဝေဠုကျော်ကို ဇန်နဝါရီလ ၈ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ဝေဠုကျော်ကတော့ ငွေကျပ်သိန်း ၅၀ ဖြင့် အာမခံရယူထားတာပဲ ဖြစ်ပါတယ်။
You may also like these stories:
ဝေဠုကျော် ရုံးချိန်း ပျက်ကွက်တာ ၄ ကြိမ် ရှိပြီလို့ တရားလို သင်းသင်း ပြော
တရားရုံးက လက်ခံနိုင်တဲ့အထိ သက်သေတွေ တင်သွားမယ်လို့ သင်းသင်း ပြော
“ခြိမ်းခြောက်တိုင်းလည်း မကြောက်သလို၊ မြှောက်တိုင်းလည်း မမြောက်ဘူး”လို့ ပြောတဲ့ သင်းသင်း
“ယုံကြည်မှုရှိတဲ့အတွက် အမှုကို ရင်ဆိုင်ခဲ့တာပါ”လို့ ဝေဠုကျော် ပြော