ပြီးခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အောင်ပွဲခံခဲ့တဲ့ ဒါရိုက်တာ ဘုံဂျွန်ဟို (Bong Joon-ho) ရဲ့ “Parasite” ရုပ်ရှင်ဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဆုအတွက် ယှဉ်ပြိုင်ဖို့ တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြုအဖြစ် ရွေးချယ်ခံရတယ်လို့ သိရပါတယ်။
ကိုရီးယားရုပ်ရှင်ကောင်စီ (KOFIC) က ဒါရိုက်တာဘုံရဲ့ အဲ့ဒီ ရုပ်ရှင်ကားကို လာမယ့်နှစ်မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲရဲ့ အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင်ဆုအတွက် ယှဉ်ပြိုင်ဖို့ ရွေးချယ်လိုက်တဲ့အကြောင်း သြဂုတ်လ ၂၂ ရက်မှာပဲ ကြေညာခဲ့ပါတယ်။
Korean Film Council က အခုနှစ်မှာ ကျင်းပခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ “Parasite” ရုပ်ရှင်ဟာ Palme d’Or ဆုကို ရရှိခဲ့ခြင်း၊ ဒါရိုက်တာ ဘုံရဲ့ ကမ္ဘာတဝန်း နာမည်ကျော်ကြားမှု၊ အနုပညာနဲ့ ရုပ်ရှင်အရည်အသွေးတို့ကြောင့် “Parasite” ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အင်္ဂလိပ်စကားပြော မဟုတ်တဲ့ ရုပ်ရှင်ဆုအတွက် နိုင်ငံတခုချင်းစီဟာ သူတို့ရဲ့ တရားဝင် ကိုယ်စားပြုအနေနဲ့ ရုပ်ရှင်တကားစီ တင်သွင်းရတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ နိုင်ငံတကာ စကားပြော ရုပ်ရှင်ဆုအတွက် ဆန်ခါတင်စာရင်းမှာ ကိုရီးယားစကားပြော ရုပ်ရှင်တွေ ရွေးချယ်ခံခဲ့ရတာ မရှိခဲ့ပါဘူး။
“Parasite” ဟာ ဒါရိုက်တာ ဘုံအတွက်တော့ သတ္တမမြောက် ရုပ်ရှင်ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ “Snowpiercer” နဲ့ ၂၀၁၇ ခုနှစ်တို့မှာ “Okja” တို့လိုမျိုး အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေကို ဖန်တီးခဲ့ဖူးပါတယ်။ အခုရုပ်ရှင်ကတော့ ဆင်းရဲတဲ့မိသားစုနဲ့ ချမ်းသာတဲ့မိသားစုတို့ကြားက မမျှော်လင့်တဲ့ အဖြစ်အပျက်တွေကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။
လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့ကျရင် မြောက်အမေရိက ဖြန့်ချိရေးကုမ္ပဏီ Neon ကနေ အမေရိကန်နိုင်ငံမှာ ရုံတင်ပြသမှာဖြစ်တဲ့အတွက် အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်လာရေး လူပြောများလာခဲ့ပြီး လာမယ့်နှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်မယ့် ၉၂ ကြိမ်မြောက် အော်စကာဆုပေးပွဲ မှာ နိုင်ငံတကာရုပ်ရှင်ဆုအတွက် အဓိက ရွေးချယ်ခံရနိုင်တယ်လို့ ထင်ကြေးပေးလာကြပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းတွေကို လာမယ့် ဇန်နဝါရီလမှာ ကြေညာမှာ ဖြစ်ပါတယ်။
Ref:Yonhap
You may also like these stories:
ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆုရ “Parasite” ရုပ်ရှင် ကြိုတင်လက်မှတ် ရောင်းအားကောင်းနေ
ရုပ်ရှင်အသစ် ထပ်မံ ဖန်တီးဖို့ Disney နဲ့ ဘီယွန်းစေးတို့ ဆွေးနွေးနေ
တရုတ်နိုင်ငံမှာ ဂျက်ကီချန်းနဲ့ တွေ့ဆုံခဲ့တဲ့ ဘောလိဝုဒ်မင်းသား Hrithik Roshan
ကိုရီးယားရုပ်ရှင် “Battle of Jangsari” မှာ မြင်တွေ့ရမယ့် အမေရိကန်မင်းသမီး Megan Fox