သရုပ်ဆောင် ဝေဠုကျော်ကို အလှမယ် သင်းသင်းက ကာမလိမ်လည်မှု ဥပဒေ ပုဒ်မ ၄၁၇ နဲ့ တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာများမှာ ဝေဖန်၊ တိုက်ခိုက်မှုများ များစွာရှိနေတဲ့အပေါ် ဝေဠုကျော်ရဲ့ ရှေ့နေဖြစ်သူ ဦးဝေဖြိုးမြတ်က အခုလိုပဲ ပြောပါတယ်။
“ဘာမှ မလုပ်ဘူး။ ကိုဝေဠုက အခုရုံးတော်မှာ ဖြေရှင်းနေရမှာမို့ ဖြေရှင်းနေတာပဲ ရှိတယ်။ သူတို့ကို ဘာမှ ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ ကိုဝေဠု ပြောသလိုပဲ ဝဋ်ကြွေးရှိရင်တော့ ခံရမှာပဲ”လို့ ဝေဠုကျော်ရဲ့ ရှေ့နေဖြစ်သူ အထက်တန်းရှေ့နေ ဦးဝေဖြိုးမြတ်က ပြောပါတယ်။
အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်များနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
“ဗီဒီယိုဖိုင် သက်သေခံအဖြစ် သွင်းတယ်ဆိုတဲ့ ကိစ္စကို ကျနော်ပြောမယ်။ တင်သွင်းခဲ့တဲ့ သက်သေတွေထဲမှာ ဗီဒီယိုဖိုင် တဖိုင် ပါတယ်။ ကိုဝေဠုကျော်နဲ့ မသင်းသင်းနဲ့ လမ်းမပေါ်မှာ ရပ်စကားပြောနေတာကို သူ့ရဲ့ သူငယ်ချင်း တယောက်ကနေ ရိုက်တာ ၁ မိနစ်စာလောက် ရှိတယ်။ အဲဒါကို သက်သေခံအဖြစ် သွင်းတာပါ။ ကျန်တဲ့ဖိုင်တွေ မပါပါဘူး”လို့ အထက်တန်းရှေ့နေ ဦးဝေဖြိုးမြတ်က ပြောပါတယ်။
အမှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်များကို ထုတ်ပြန်တဲ့အခါမှာလည်း အမှုသည်နဲ့ တရားရုံးကို မထိခိုက်အောင် ပြောရတာမျိုးတွေ ရှိပြီး တော်ရုံတန်ရုံ ကိစ္စများကိုလည်း မီဒီယာများကို ထုတ်ပြန်တာမျိုး မရှိခဲ့ဘူးလို့ ဦးဝေဖြိုးမြတ်က ဆိုပါတယ်။
“ကျနော်တို့က အမှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်တဲ့အခါမှာလည်း အမှုနဲ့ ပတ်သက်ပြီးတော့ အမှုသည်ကို မထိခိုက်အောင် စကားကို ထိန်းပြောရတာမျိုး ရှိတယ်။ တရားရုံးကို မထိခိုက်အောင်လည်း ပြောရတာ ရှိတယ်။ တော်ရုံတန်ရုံ ကိစ္စမှာ မီဒီယာတွေနဲ့ ထုတ်ပြန်တာမျိုး မရှိခဲ့ဘူး”လို့ ရှေ့နေ ဦးဝေဖြိုးမြတ်က ပြောပါတယ်။
စက်တင်ဘာလ ၅ ရက်နေ့မှာပြုလုပ်တဲ့ ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ သင်းသင်းဘက်မှ တင်သွင်းထားတဲ့ သက်သေခံအသံဖိုင်များ ကိုလျှောက်လွှဲချက်တင် ကန့်ကွက်ခဲ့ပါတယ်။
“အသံဖိုင်ကို သက်သေခံအဖြစ်ခွင့်ပြုမပြုက တရားရုံးက ဆုံးဖြတ်မှာ။ ကျနော်တို့အနေနဲ့ သူတင်တဲ့ဟာကို မတင်နဲ့ မဟုတ်ဘူး တင်။ ကျနော်တို့ဘက်က ကန့်ကွက်လို့ ရတယ်။ မတင်ပြသင့်တဲ့ အကြောင်းပြချက်တွေနဲ့ ကန့်ကွက်ခဲ့တယ်။ လက်ခံတယ်၊ မခံဘူးကတော့ တရားရုံးက ဆုံးဖြတ်ချက်ပေါ့”လို့ ဦးဝေဖြိုးမြတ်က ပြောပါတယ်။
အဆိုပါ အမှုကိုတော့ ဇန်နဝါရီ ၈ ရက်နေ့က တရားလိုဖြစ်သူ အလှမယ် သင်းသင်းက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။
You May Also Like These Stories:
“အချိန်ကုန်မခံချင်ရင် ပြစ်မှုမကျူးလွန်နဲ့” လို့ ပြောလိုက်တဲ့ သင်းသင်း
“အမှုက အချိန်တန်ရင် ပြီးသွားမှာပါ”လို့ သရုပ်ဆောင် ဝေဠုကျော် ပြော