ကိုရီးယားမိန်းကလေး K-pop f(x) အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ သရုပ်ဆောင်လည်းဖြစ်တဲ့ Sulli ဟာ အောက်တိုဘာ ၁၄ ရက်နေ့ကပဲ သူမရဲ့နေအိမ်မှာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချသတ်သေခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အသက် ၂၅ နှစ်အရွယ် Sulli ဟာ တောင်ကိုရီးယားနိုင်ငံ၊ Seongnam မြို့ရှိ သူမရဲ့ နေအိမ်မှာ ညနေ ၃ နာရီကျော်လောက်က သေဆုံးခဲ့တာပါ။
မနေ့ညတည်းက အဆက်အသွယ်မရတော့တာကြောင့် မန်နေဂျာဖြစ်သူက နေအိမ်ကို သွားကြည့်စဉ်မှာ သေဆုံးနေတာကို မြင်တွေ့ရတာကြောင့် Seongnam Sujeong ရဲစခန်းကို အကြောင်းကြားခဲ့ပြီး အိမ်ကို ရဲတွေရောက်လာစဉ် ညနေ ၄ နာရီမှာတော့ သေဆုံးနေပြီလို့ အတည်ပြုခဲ့ပါတယ်။
ပထမ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုလို့ အတည်မပြုပေမယ့် နောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ Sulli ဟာ နေအိမ် ပထမထပ်မှာ ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်တယ်လို့ ရဲဘက်က အတည်ပြုပေးခဲ့ပါတယ်။
သူမဟာ မသေဆုံးခင် တရက် အောက်တိုဘာ ၁၃ ရက်နေ့ထိ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး မန်နေဂျာ ဖြစ်သူနဲ့ အဲဒီ့နေ့ ညနေ ၆ နာရီခွဲတည်းက အဆက်အသွယ်ပြတ်တောက်သွားတာကြောင့် မန်နေဂျာဖြစ်သူက အိမ်ကို လာကြည့်စဉ်မှာ အခုလိုသေဆုံးနေတာကို မြင်တွေ့ခဲ့ရတာပါ။
၁၉၉၄ ခုနှစ်မှာ ဖွားမြင်ခဲ့တဲ့ Sulli ဟာ ၂၀၀၅ ခုနှစ်မှာ ကလေးသရုပ်ဆောင်အဖြစ် ပွဲထွက်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ K-pop မိန်းကလေးအဖွဲ့ f (x) အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၄ ခုနှစ်မှာတော့ အဆိုပါ အဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါတယ်။ မကြာခင်ကမှ ပြီးသွားတဲ့ Hotel Del Luna ဇာတ်လမ်းတွဲမှာလည်း Camero အဖြစ် ပါဝင်ပေးခဲ့ပါသေးတယ်။
အေဂျင်စီဖြစ်တဲ့ SM Entertainment ကလည်း Sulli ကွယ်လွန်သွားတဲ့ ဝမ်းနည်းဖွယ်ရာသတင်းကို အတည်ပြု ထုတ်ပြန်ပေးခဲ့ပါတယ်။ “အခုလို ဝမ်းနည်းဖွယ်ရာ သတင်းကို ထုတ်ပြန်ရတဲ့အတွက် ပရိသတ်တွေကို အထူးပဲစိတ်မကောင်းဖြစ်ရပါတယ်။ အဆိုတော်၊ သရုပ်ဆောင် Sulli ကတော့ ဒီနေ့ပဲ ကွယ်လွန်သွားပါပြီ”
“ဒီအခြေအနေကို အခုထိ မယုံနိုင်သေးဘဲ ကျနော်တို့ရင်ထဲမှာတော့ ကွက်လပ်တခုလို လစ်ဟာပြီး ကျန်နေခဲ့တော့မှာပါ။ အခုလို ရုတ်တရက် ဖြစ်ရပ်ကြောင့် သူမ မိသားစုကို ငဲ့ညှာသောအားဖြင့် မဟုတ်မမှန် သတင်းတွေကို မဖြန့်ဝေကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ မိသားစုနဲ့ထပ်တူ အရမ်းဝမ်းနည်းရပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
Sulli ရုတ်တရက်သေဆုံးသွားတဲ့သတင်းကြောင့် SM Entertainment မှ အနုပညာရှင်တွေကလည်း သူတို့ရဲ့ လတ်တလော အနုပညာအလုပ်တွေကို ခေတ္တရပ်နားခဲ့ကြပါတယ်။
Ref: Soompi