ရှမ်းမြောက်ဒေသတွင် ၃လအတွင်း ဒေသခံ ၇၀ဦး လူ့အခွင့်အရေး ချိုးဖောက် ခံရ
ရှမ်းပြည်မြောက်ပိုင်းရှိ ၆မြို့နယ်တွင် ၃လအတွင်း ဒေသခံ ၇၀ခန့် လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံအမျိုးမျိုးဖြင့် ကြုံတွေ့ ခဲ့ရကြောင်း တအောင်းအမျိုးသမီးအဖွဲ့အစည်း(TWO)၏ စစ်တမ်း ကောက်ယူချက်အရတွေ့ရကြောင်း ယင်းအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီဝင် Lway Chee Sangarက ဧရာဝတီသို့ ပြောကြားသည်။
ထိုလူ့အခွင့်အရေးချိုးဖောက်မှုများသည် ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါနှင့် နမ့်ခမ်းမြို့နယ်တို့ တွင် အဖြစ်များ သည်ကို တွေ့ရှိရပြီး ထိုကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်နေသည့် တပ်များမှာ မြန်မာ့တပ်မတော် မှ ၁၅ ကြိမ်၊ ပြည်သူ့စစ် ၁ ကြိမ်၊ RCSS/SSA ၂ ကြိမ်နှင့် TNLA က ၂ကြိမ်ရှိကြောင်း (TWO)၏ အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်ချက်တွင် ဆိုထားသည်။
အဆိုပါ ၃လအတွင်း ပြည်သူလူထုများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပေါ်တာဆွဲခြင်း၊ လက်နက်ကြီး လက်နက်ငယ် များ ပစ်ခတ်ခြင်း၊ မြေမြှုပ်မိုင်း အသုံးပြုမှုကြောင့် သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊ နေအိမ်ရှိ ပစ္စည်းများ သိမ်းယူ ဖျက်ဆီးခြင်းနှင့် စစ်ဘေးရှောင် ဒုက္ခသည် များပြားလာခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုး ကျူးလွန်ခဲ့ ကြကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
Lway Chee Sangarက “ကျမတို့ရဲ့ ဒေသမှာက လူ့အခွင့်အရေး ဘယ်လောက်အထိ ချိုးဖောက်ခံနေရတာလဲ။ ဘယ် လောက်ဆိုးဝါး နေလဲဆိုတာ သိရှိစေချင်တယ်။ နောက်ကျူးလွန်နေတဲ့ ဘယ်လက်နက်ကိုင်မဆို တာဝန်ယူမှု၊ တာဝန် ခံမှု ဆိုတဲ့ ပုံစံမျိုး ဖြစ်စေချင်တယ်။ ကျူးလွန်တဲ့အပေါ်မှာ ပြန်ပြီးတော့ တစုံတရာ လုပ်ဆောင်ပေးတာမျိုး တရားမျှတမှု ရှိအောင် ပြန်လည်လုပ်ဆောင်ပေးတာမျိုး ဖြစ်စေချင်တဲ့အတွက် ကျမတို့က အခုလို ထုတ်ပြန်ရတာ ဖြစ်တယ်” ဟု ပြောသည်။
ရှမ်းမြောက်ရှိ မန်တုံ၊ နမ်ဆမ်၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နန်းခမ်းမြို့များကို တွေ့ရှိကောက်ခံချက်အရ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲ ပြင်းထန်မှု ကြောင့် ဒေသခံပြည်သူများက လူအခွင့်အချိုးဖောက်ခံနေရခြင်းဖြစ်သည်။
လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် မြေမြှုပ်မိုင်းကြောင့် ဒေသခံ (၁၀) ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ (၂၃) ဦး၊ ပေါ်တာ သို့မဟုတ် လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ (၂၃) ဦး၊ ဖမ်းဆီးချုပ်နှောင်ခံရသူ (၃) ဦး၊ တပ်သားသစ်စုဆောင်း ခံရသူ (၁၀) ဦးနှင့် ညှဉ်းပမ်းနှိပ်စက်ခံရသူ (၁) ဦး စုစုပေါင်း ၇၀ဦး ရှိကြောင်း TWO ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ကျောက်မဲမြို့ ဇီဝိတ လူမူကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက “လူ့အခွင့်အရေး ချိုးဖောက်တာက တော့ စစ်သားစုဆောင်းတာတွေ ကြားနေရတယ်။ နောက်ပြီး မိုင်းပေါက်ကွဲမှုက ပိုပြီး စိပ်လာတယ်။ အရင်ထက် စာရင် ပိုပြီးတော့ များလာတယ်လို့ သုံးသပ်လို့ရတယ်။ မိုင်းထိပြည်သူတွေက ဒီမှာကို ၅ယောက်၊ ၆ယောက် မကဘူး။ သေဆုံးတဲ့သူကတော့ ကျနော်သိရသလောက်တော့ ၁၀ဦးနား ကပ်နေပြီ” ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် တအာင်းဒေသအတွင်း စစ်ဘေးရှောင် ပြည်သူ ဦးရေ ၆၀၀၀ ဝန်းကျင်အထိ ရှိနေကြောင်း၊ ဒေသခံများ မကြာခဏပျောက်ဆုံးခြင်း၊ နေအိမ်များစစ်ဆေးခံရခြင်း၊ လက်နက်ကြီးကြောင့် နေအိမ် ပျက်ဆီး ခြင်း၊ အိုးအိမ်ပစ္စည်းများဖျက်ဆီးခြင်းနှင့် သိမ်းယူခြင်းများလည်း ရှိသည်ဟု သိရသည်။
ထို့အပြင် ၁၉၄၉ ခုနှစ် ဂျီနီဗာ ကွန်ဗန်းရှင်း၏ ပြဋ္ဌာန်းချက် အမှတ် (၃) အရ ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားရာ တွင် ဖမ်းခံရသည့် စစ်သားများ၊ ဒဏ်ရာရရှိထားသော ကျန်းမာရေး မကောင်းသည့် စစ်သားများနှင့် စစ်ပွဲနှင့် ပါဝင် ပတ်သက်ခြင်း မရှိသော အရပ်သားများကို ဖမ်းဆီး ထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အစာရေစာ ဖြတ်တောက်ခြင်းနှင့် ပြန်ပေးဆွဲ ဓားစာခံ လုပ်ခြင်းများကို လုပ်ပိုင်ခွင့်မရှိဟု ဖော်ပြထားသည်။
လူ့ဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ပြီး တရားစီရင်ရမည်ဆိုပါက နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု ပါရှိပါသည်။
အရပ်သားများကို တိုက်ပွဲအတွင်း အသုံးချခြင်း၊ စစ်လက်နက် ပစ္စည်းများ သယ်ခိုင်းခြင်း၊ သတင်းပေးခိုင်းခြင်း နှင့် ခြိမ်းခြောက်ခြင်းများက ဂျီနီဗာ ကွန်ဗန်းရှင်းကို ချိုးဖောက်ခြင်းဖြစ်သည်။
ဂျီနီဗာကွန်ဗန်းရှင်း စာချုပ်ပါ ပြဌာန်းချက်သည် စာချုပ်ကို လက်မှတ်ထိုးထားသည့် နိုင်ငံအတွင်းက တပ်မတော် နှင့် လက်နက်ကိုင် အဖွဲ့များ အားလုံး လိုက်နာကျင့်သုံးရမည်ဖြစ်လည်း ဖြစ်သည်။
မြန်မာနိုင်ငံက ဂျီနီဗာကွန်ဗန်းရှင်းတွင် လက်မှတ် ရေးထိုးထားသော်လည်း ထိုပြဌာန်းချက်များကို ချိုးဖောက်နေ သည်ဟုဆိုကာ တာဝန်ယူ တာဝန်ခံမှု အပေါ် လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များက မေးခွန်းထုတ်နေကြသည်။