ယခုလက်ရှိ ကမ္ဘာအနှံ့မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကြောင့် ၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကို မူလစီစဉ်ထားတဲ့ရက်မှ ရွေ့ဆိုင်းလိုက်ပါတယ်။
ဒီလိုရွေ့ဆိုင်းရတာလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ “ရုပ်ရှင်ဟာ ပြည်သူ့အတွက်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ရုပ်ရှင်ဟာ ပြည်သူအတွက်ဒုက္ခပေးမယ့် ပြဿနာ မဟုတ်တာကြောင့် ရွေ့ခဲ့တာဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။
“မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဆောင်ပုဒ်ကိုက “ရုပ်ရှင်သည် ပြည်သူ့အတွက်” လို့ရေးထားပါတယ်။ ရုပ်ရှင်က ပြည်သူကို ဒုက္ခပေးမယ့် ပြဿနာ မဟုတ်ဘူး။ တခုပဲဖြစ်ခဲ့ရင် မိုးမပြို ပြိုခဲ့သည်ရှိသော် တခုခုများဖြစ်ခဲ့ရင် ငါတို့ရုပ်ရှင်က မကောင်းဘဲဖြစ်မှာ”
“အခုက အမျိုးမျိုးပဲလေ။ Facebook မှာလည်း တွေ့နေရတော့။ မတ်လလယ်လောက်ဆိုရင် နွေခေါင်ခေါင်လည်း ရောက်လာပြီ။ မြန်မာနိုင်ငံအနေနဲ့လည်း စိတ်ချရပြီဆိုပေမယ့် ကမ္ဘာမှာကြေညာထားတာက ဧပြီလဆန်းလောက်ထိ တကမ္ဘာလုံးတောင် ကူးစက်နိုင်တယ်လို့ ကြေညာထားတာ ရှိပါတယ်။ အဲဒါကြောင့်လူကြီးတွေနဲ့ ညှိနှိုင်းပြီးတော့ ရက်ကိုတော့ ရွေ့ဆိုင်းခဲ့တယ်”လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
မတ်လထဲမှာကျင်းပမယ့်ရက်ကို ရွေ့ဆိုင်းခဲ့ပြီးနောက် သင်္ကြန်အပြီး မိုးမကျခင် အချိန်ကို သတ်မှတ်ထားပေမယ့် ရက်အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“ဘယ်တော့ ပြန်ကျင်းပမလဲဆိုရင် သင်္ကြန်အပြီး မိုးမကျခင်၊ မိုးကျလို့လည်း မဖြစ်ဘူး။ ကျနော်တို့က ပြည်သူ့ရင်ပြင် ဆိုတော့လေ။ အဲဒါကြောင့် အကယ်ဒမီပေးပွဲကို အခြေအနေအကြောင်းကြောင်းကြောင့် ရွေ့ဆိုင်းလိုက်ရတယ်။ ပြီးတော့ သင်္ကြန်အပြီး မိုးမကျခင်မှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရက်အတိအကျတော့ မသိသေးဘူးပေါ့” လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
ဆက်လက်ပြီး “ပထမ ခန့်မှန်းထားသလို တကယ့်နွေရာသီကိုလည်း ရောက်သွားပြီ။ ဗိုင်းရပ်စ်ကလည်း နွေရာသီကို ကြောက်တယ်။ ဧပြီလဆန်းလောက်ကျ လုံးဝ မတွေ့တော့ဘူး၊ ဘာညာဆိုရင်တော့ ကျနော်တို့က ကျင်းပသွားလို့ ရတာပေါ့”
“တခုတော့ ရှိတာပေါ့။ ဒီလိုပွဲမျိုးလာတာကိုတော့ Mask တွေနဲ့ဆိုရင်တော့ အဆင်မပြေဘူး။ အဝတ်အစားတွေနဲ့ Mask တွေနဲ့ ဘယ်သူတွေမှန်းမသိ ဘယ်မင်းသမီးနဲ့ ဘယ်ဒီဇိုင်းနဲ့ လာတယ်။ ဘယ်မင်းသားက ဘယ်လိုဒီဇိုင်းနဲ့ လာတယ်။ ဒါတွေကလည်း ကြည့်ချင်သေးတာကို Mask တွေနဲ့ကျ အဆင်မပြေဘူး။ ကျနော်ထင်ပါတယ်။ ဧပြီလဆန်းလောက်မှာ အဆင်ပြေသွားပါစေလို့ ဆုတောင်းပါတယ်” လို့ ပြောပါတယ်။
ဒီနှစ်ကတော့ ပုံမှန်ကျင်းပနေကျ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ သက်သက် မဟုတ်ဘဲ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်အကြို အဖြစ်လည်း ပြုလုပ်သွားမယ့်ပွဲဖြစ်တာကြောင့် ပရိသတ်များအနေနဲ့လည်း ဆုတောင်းပေးကြပါလို့ ပြောပါတယ်။
“ဒီနှစ် အကယ်ဒမီကတော့ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်အတွက်လုပ်လို့လား မသိဘူး။ တော်တော်တော့ နတ်ကြီးတယ်။ ကြီးကျယ်ခမ်းနားစွာ လုပ်မယ်လို့ ပြင်ဆင်ထားပေမယ့် အခုဆိုရင် မမျှော်လင့်တဲ့အန္တရာယ်တွေက ပေါ်ပေါက်လာတယ်။ အခု ဧပြီလဆန်းလောက်ကျရင် ဘယ်လိုတွေ ရင်ဆိုင်ရဦးမလဲဆိုတာ မသိဘူး။ အဲ့တော့ပရိသတ်ကြီးကိုလည်း ကျနော်တို့ ရုပ်ရှင်နှစ် ၁၀၀ပြည့်အတွက် အကယ်ဒမီအတွက် ဝိုင်းဝန်းဆုတောင်းပေးကြပါဦး” လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲကိုတော့ မတ်လ ၂၉ရက်နေ့မှာ Bella Cosmetics မှတာဝန်ယူ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး နောက်ဆုံး ဆန်ခါတင် ရုပ်ရှင်ဇာတ်ကား ၂၉ကားအထိ ရွေးချယ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
ကျန်းမာရေးကောင်းရင် အကယ်ဒမီပေးပွဲတက်ဖြစ်မယ့် ဟာသ သရုပ်ဆောင်ဗေလုဝ
ဒီနှစ်အကယ်ဒမီ ဘယ်သူပဲရရ မုဒိတာပွားမှာပါ လို့ ခန့်စည်သူ ပြော
“လေဒီဒိန်းဂျား” ဇာတ်ကားကြီးမှာ စီနီယာ ၂ ယောက်နဲ့ ပါဝင်ခွင့်ရလို့ ဝမ်းသာနေတဲ့ ပိုင်ဖြိုးသု