၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒုတိယအကြိမ် ပြင်ဆင်ရေး ဥပဒေမူကြမ်း ပုဒ်မ၊ ပုဒ်မခွဲတွေကို ၂၀၂၀ ဖေဖော်ဝါရီ ၂၅ ရက်ကစလို့ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ အပြန်အလှန် အချေအတင် ဆွေး နွေး နေကြပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦးက တဦးလျှင် ၈ မိနစ်နှုန်းနဲ့ ပါဝင် ဆွေးနွေးနေကြတာ ဖြစ်ပြီး မတ်လ ၅ ရက် နေ့ဆိုရင် ဆွေးနွေးမှု ပြီးဆုံးမှာ ဖြစ်ပါတယ်။
အခု ဆွေးနွေးနေတဲ့ ဥပဒေမူကြမ်းတွေထဲမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက် ခံရုံနဲ့ ပြင်နိုင်မယ့် ပုဒ်မ၊ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုအပြင် လူထုဆန္ဒခံယူပွဲပါ ကျင်းပပြုလုပ် အတည်ပြုနိုင်မယ့် ပုဒ်မဆိုပြီး စုစုပေါင်း ၁၄၂ ချက် ပါဝင်ပါတယ်။
ဒီအထဲမှာ သမ္မတ အရည်အချင်း ကန့်သတ်မှုလျှော့ချရေး၊ အရေးပေါ် အခြေအနေ တပ်မတော် ဦးဆောင်မှု ပယ် ဖျက်ရေး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် လျှော့ချရေး၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ)မှာ တပ်မတော် အသာရမှုကို ပယ်ဖျက်ရေး၊ ကာ/လုံရဲ့ လုပ်ပိုင်ခွင့်တွေကို လျှော့ချရေး စတာတွေ ပါပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဦးတည်ချက်တွေထဲက တခုဖြစ်ပြီး လွှတ်တော်သက်တမ်း ၄ နှစ်ထဲ ဝင်ရောက်လာချိန်မှာ လွှတ်တော်တွင်း ပြင်ဆင်ရေး ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။
အာဏာရ NLD ပါတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းလာမှုအပေါ် ကြိုဆိုသော်လည်း ပြင်ဆင်ရေး ဆောင်ရွက်ချိန် နောက်ကျမှုနဲ့ ပြင်ဆင်တဲ့ အချက်တွေ အပေါ်မှာ အားရကျေနပ်မှု သိပ်မရှိဘူးလို့ ကယား (ကရင်နီ) ပြည်နယ်က တိုင်းရင်းသားတွေက ဆိုပါတယ်။
ကယား (ကရင်နီ) ပြည်နယ်မှာ ဧရာဝတီသတင်းဌာနက တွေ့ဆုံခွင့်ရခဲ့တဲ့ နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့ အစည်းတွေမှာ တာဝန်ယူ လုပ်ကိုင်နေကြတဲ့ ဒေသခံ တိုင်းရင်းသားလူမျိုး အသီးသီးက ထုတ်ဖော်ပြောဆိုကြတာ ဖြစ်ပါတယ်။
“အသက်ရှူချောင်အောင် နိုင်ငံရေး မျက်နှာပန်း ပြန်လှလာအောင် သိက္ခာဆယ်တဲ့ ပုံစံလောက်ပဲ မြင်တယ်။ ပြည် သူတွေကို ချွေးသိပ်တာပေါ့။ တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မျှော်လင့်လို့ရအောင် ဒီအဆင့်လောက်ပဲ ရှိတယ်” လို့ ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင် ၁ ဦးဖြစ်တဲ့ ကိုဒီးဒီ (ခ) စစ်မုန်းက မှတ်ချက်ပြုပါတယ်။
လက်ရှိ NLD ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်ဟာ ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်အတွက် ကြိုးစားခဲ့တယ်လို့ သက်သေပြဖို့နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် လွှတ်တော်တွင်းက တဆင့် စည်းရုံးရေး လုပ်နေသလားလို့ လည်း မေးခွန်းထုတ်ကြပါတယ်။
ပြင်ဆင်ဖို့ အဆိုပြုထားချက် ပုဒ်မတွေကို ကြည့်လိုက်ရင် တိုင်းရင်းသားတွေ လိုလားတောင့်တ မျှော်လင့်နေတဲ့ တန်း တူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ်စံတွေကို အခြေခံတဲ့ ပြင်ဆင်မှုမျိုး မတွေ့ရဘဲ အစိုးရအတွင်း လုပ်ပိုင်ခွင့် ပိုရလာမယ့်၊ အာဏာရ ပါတီရဲ့ ပြင်ဆင်လိုတဲ့၊ သူတို့ကို ကန့်သတ်ထားတာတွေ ပြေလျော့စေမယ့် အချက်တွေကိုပဲ ရှေ့တန်းတင် ပြင်ဆင်နေတာလို့လည်း ဝေဖန်ကြပါတယ်။
ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး က “ပွင့်ပွင့်လင်းလင်း ပြောရရင် စိတ်ကျေနပ်မှုတော့ မဖြစ်ဘူး။ အာဏာရှင် ကို နည်းနည်းလေး နောက်ချန်ပြီးမှ ဒီမိုကရေစီစနစ်ကို ပိုအသားပေးတဲ့ဟာမျိုး ဖြစ်လာတယ်။ ဖြစ်သင့်တာက အာဏာ ခွဲဝေရေးနဲ့ ဖက်ဒရယ်စနစ်ကို ပိုသွားနိုင်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဘက်ကို ပိုသွားသင့်ပါတယ်” လို့ ထောက်ပြပါတယ်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်က ဟန်ပြသက်သက်သာရှိပြီး ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေက ဘာမှ မရှိသလို အာဏာခွဲဝေရေး အပိုင်းမှာလည်း လုံးဝ မရှိဘူးဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
ပြည်ထောင်စုကို ဗဟိုပြုတဲ့၊ ဗဟိုချုပ်ကိုင်မှုကို အားထားတဲ့ ဖွဲ့စည်းပုံ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ မြေယာ အခွင့် အရေးတွေကအစ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားအခွင့်အရေး ကိစ္စရပ်တွေ အဆုံး နစ်နာဆုံးရှုံးနေတာဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ကိုပြင်ရမယ်လို့ သူက ခိုင်ခိုင်မာမာ ပြောပါတယ်။
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – လူငယ် (KNPLF-Youth) အဖွဲ့မှ ပကူးကရင် တိုင်းရင်း သူ နော်ဖောဝါးကတော့ အခုလို ပြင်ဆင်တာလောက်နဲ့ တိုင်းရင်းသားတွေအတွက် မထိရောက်ဘူး၊ တချက်ပြင်လိုက် နှစ်ချက်ပြင်လိုက်နဲ့ အစိုးရ နှစ်ဆက်သုံးဆက် သွားနေလည်း ထိရောက်လာမှာ မဟုတ်ဘူးလို့ ယူဆထားပါတယ်။
သူ့အနေနဲ့ “တကယ့် ဖက်ဒရယ်ကို အခြေခံတဲ့ ပြင်ဆင်တဲ့ဟာမျိုး သွားစေချင်တယ်။ အစိုးရ ရုန်းနိုင်ဖို့လောက်ပဲ မပြင် စေချင်ဘူး။ လိုချင်တဲ့ အကန့်လေးပဲ ပြင်တာမျိုး မဟုတ်ဘဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ အရေးကြီးတဲ့ ကဏ္ဍကို တိုင်း ရင်းသား ပြည်နယ်ဒေသကို အခြေခံတဲ့ ပြင်ဆင်ရေးပဲ ဖြစ်စေချင်တယ်” လို့ ဆိုပါတယ်။
လက်ရှိ ဖွဲ့စည်းပုံဟာ တပြည်ထောင်စနစ်ကို သွားနေပြီး တိုင်းရင်းသားရဲ့ အခန်းကဏ္ဍ သိပ်မပါတော့ အခုနောက်ပိုင်း တိုင်းရင်းသားတွေမှာ sense of belongs ဆိုတာ လျော့လာပြီး သူတို့ ဒီနိုင်ငံမှာ ပါဝင်နေသေးလား ဆိုတာမျိုး ခံစားရ တယ်လို့ သူက ပြောပြပါတယ်။
တိုင်းရင်းသားတွေရဲ့ မတူကွဲပြားမှုတွေကို ဖွဲ့စည်းပုံမှာ အသိအမှတ်ပြုထားတာ မရှိသလို လက်ရှိ ပြင်ဆင်ရေးလုပ်နေ ရာမှာလည်း ဒါတွေကို အဓိက ထားတာမတွေ့ရဘဲ တပ်ရဲ့ ပါဝင်မှုလျှော့ချတာတွေပဲ ဦးစားပေးဖြစ်နေတယ်လို့ သူ့ အမြင်ကို ပြောပါတယ်။
“ဘာကြောင့် ခုမှ လုပ်လဲ။ ခက်ခဲတဲ့အရာကို နှစ်တိုတိုလေးမှာပဲ ပြင်ဖို့ ကြိုးစားတယ်ဆိုတော့ ဒီအချိန်ကာလမှာ သူတို့ ဘာလုပ်နေလဲ။ ၂၀၂၀ ရွေးကောက်ပွဲနီးလို့ပဲ သူတို့ရဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်ဖို့ လုပ်သလား။ ၂၀၂၀ အတွက် ရည်ရွယ်ပြီး ထပ်ပြီးနိုင်လိုတဲ့အတွက် ဗျူဟာတခုအနေနဲ့ လုပ်နေသလားပေါ့” လို့လည်း သူက မေးခွန်း ထုတ်ပါတယ်။
တကယ်လို့ ဒီပြင်ဆင်ရေး လုပ်ငန်းစဉ် လက်ရှိသက်တမ်းအတွင်းမှာ ပြီးမယ်ဆိုရင် နောင်တက်လာတဲ့ အစိုးရအနေနဲ့ လုပ်ပိုင်ခွင့် နည်းနည်းချောင်လည်လာမယ်လို့ မြင်ပေမယ့် တိုင်းရင်းသားပြည်နယ်တွေအတွက်တော့ သိပ်မ ထူးလာပါဘူးလို့လည်း နော်ဖောဝါးက ယူဆထားပါတယ်။
အလားတူ သဘောထားမျိုး ကိုဒီးဒီမှာလည်း ရှိနေပါတယ်။ တိုင်းရင်းသားတွေ လိုလားတဲ့ ပြင်ဆင်ချက်တွေ မပါဝင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အများသဘောကျတဲ့ ပြီးဆုံးမှု ဖြစ်လိ့မ်မယ်၊ ထူးထွေကောင်းလာလိမ့်မယ်လို့ သူ မထင်ပါဘူး။
“သက်သာသွားတာ ရှိမယ်။ အကြပ်အတည်း ဖြစ်စေတဲ့ဟာကို လျှော့ချနိုင်မယ့်ဟာလောက်ပဲ ဖြစ်စေမယ်” လို့ သူက ပြောပါတယ်။
ဒီလို ပြင်ဆင်မှုတွေ လုပ်တဲ့အခါ တကယ်ပဲ တိုင်းရင်းသား၊ နိုင်ငံသားတွေ လိုချင်တဲ့ ပြင်ဆင်မှု ဖြစ်ရဲ့လား၊ ပြင်ချင်တဲ့ အပိုဒ်တွေ ပြင်ခွင့်ရှိရဲ့လား၊ ကိုယ်စားလှယ်အနေနဲ့ လွှတ်တော်မှာ ဆွေးနွေးပေးတဲ့ သူတွေကရော ထိ ထိရောက် ရောက် ဆွေးနွေးပေးနိုင်သူတွေ ဖြစ်ရဲ့လားလို့ ကယန်းအမျိုးသမီး အစည်းအရုံး အထွေထွေအတွင်းရေးမှူး မူလား ကော်ရက်တီက မေးခွန်းထုတ်ပါတယ်။
အဲဒီလို မဟုတ်ဘဲ တိုင်းရင်းသား၊ အစုအဖွဲ့၊ နိုင်ငံသားတွေကို ကိုယ်စားပြုသူတွေ မပါဘဲ အုပ်စု ၁ ခု၊ ၂ ခုကသာ သူတို့ ထင်မြင်ချက်၊ ယူဆချက်တွေနဲ့ အငြင်းအခုန်လေးလောက် လုပ်နေကြမယ်ဆိုရင်တော့ ဒီဖွဲ့စည်းပုံ ပြင်ဆင်မှုက အရေးရောက်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
“အသံကြားကောင်းရုံလောက်လေးပဲ လုပ်မယ်။ စကားလုံးအတွက် ငြင်းခုန်တာလောက်ပဲ စဉ်းစားမယ်။ သူ့ အမြင် ကိုယ့်အမြင် ဖလှယ်ပြီးမှ မှတ်တမ်းလေးတင်မယ်။ အဲဒီအဆင့်လောက်ပဲ ဆိုရင်တော့ ဘာမှ ထူးမှာမဟုတ်ဘူး” လို့ မူလားကော်ရက်တီက ဆိုပါတယ်။
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ဆက်ဆံရေး ရုံးချုပ် (လွိုင်ကော်) တာဝန်ခံ ခူမီရယ်ကလည်း စာအုပ်ထဲက အချက်အလက်တွေပဲ ကြည့်ပြီး စာသားတွေ ပြန်ပြင်တာလောက်ပဲ မဖြစ်စေချင်ဘဲ မြေပြင်ထဲမှာ အကျိုးဖြစ်ထွန်းမှု ဘယ်လိုဖြစ်နိုင်သလဲ၊ နစ်နာမှုဘယ်လိုရှိမလဲ ဆိုတာတွေကို ကြိုတင်လေ့လာ ဆန်းစစ်မှု လုပ်ပြီးမှ ပြင်ဆင်မှုလုပ်တာ ပိုသင့်တော်မယ်လို့ သုံးသပ်အကြံပြုပါတယ်။
လက်ရှိ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကယား (ကရင်နီ) ပြည်နယ် ကိုယ်စားပြု ကိုယ်စားလှယ် တဦးမှ မပါသလို အောက်ခြေက ပြည်သူတွေ နားလည်သဘောပေါက်ဖို့လည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်တွေအနေနဲ့ ဆောင်ရွက်တာမျိုး မရှိဘူးလို့ ဝေဖန်ထောက်ပြတာမျိုးတွေလည်း ရှိပါတယ်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထောက်ခံပွဲဆိုပြီး အခမ်းအနားကြီးတွေကို တရွာ ဘယ်နှစ်ယောက်ခေါ်ပြီး ပြုလုပ်ခဲ့တာမျိုး ရှိပေ မယ့် တကယ်တမ်းကျ ပြင်တာကောင်းတယ်လောက်သာသိပြီး ဘာတွေပြင်လို့ ဘာတွေလုပ်တယ်ဆိုတာ သေချာ သိ ကြတာ မဟုတ်ဘူးလို့ ကိုဒီးဒီက သုံးသပ်ပါတယ်။
“လွှတ်တော်ရဲ့ အပိုင်းကနေ လွှတ်တော်အာဏာနဲ့ ပြဋ္ဌာန်းလိုက်မယ်။ သေချာတာ အောက်ခြေမှာ ပြည်သူတွေက ဘာတွေ ပြင်လို့ပြင်မှန်း မသိဘူး။ ပြီးရင် ငါတို့ ကောင်းစေချင်လို့ လုပ်လိုက်တာ။ ဘာလို့ကန့်ကွက်လဲ၊ ဝေဖန်လဲ ဆို တာ လာအုံးမယ်။ အထက်ပိုင်းလွှာကနေပဲ လုပ်နေတဲ့ ပြင်ဆင်ချက်တွေက အထက်ပိုင်းအတွက်ပဲ ဖြစ်လိမ့်မယ်” လို့ သူက ဆိုပါတယ်။
အဖုံးကစလို့ ပြင်ရမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေး လိုက်တာကမှ ပိုအဆင်ပြေမယ်၊ မဟုတ်ရင် ဖွဲ့ စည်းပုံပြင်ဆင်ရေး ဆွေးနွေးနေပါတယ် ဆိုတာနဲ့ နောက်ထပ် လွှတ်တော်သက်တမ်း တခုလုံးတောင် ကုန်သွားနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ပြောကြတာမျိုးလည်း ရှိပါတယ်။
ပြင်လေ ပိုပြီးတော့မှ အချိန်ကြာလေနဲ့ တကယ်လိုလားတဲ့အရာကို ရောက်မှာ မဟုတ်လို့ အသစ်ရေးဖို့ လွှတ်တော် တွင်း နိုင်ငံရေးကနေ ပိုမို ကြိုးစားမှသာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရရှိလိမ့်မယ်လို့ Lain နည်းပညာ အထောက်အကူပြုအဖွဲ့ (လွိုင်ကော်) မှ ကိုကျော်ထင် အောင်က သုံးသပ်ပါတယ်။
လက်ရှိ အနေအထားအရ တိုင်းရင်းသား ပြည်သူတွေအနေနဲ့ အားမလိုအားမရ ဖြစ်နေတာကို နားလည်သလို ၂၀၀၈ ကို တကယ်ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကို များစွာ အထောက်အကူပေးမယ်လို့ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ဖရူဆို မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပဲ့ဒူက ယုံကြည်ထားပါတယ်။
NLD က အခုမှ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်တဲ့အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်လို့တော့ NLD ဟာ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီးမှ ပြင်နေရတာဖြစ်လို့ ၄ နှစ်ကြာမှ ဆောင်ရွက်နိုင်ခြင်း ဖြစ်တယ်လို့ သူ့တဦးတည်း အမြင်ကို ဧရာဝတီကို ပြောပါတယ်။
ဦးပဲ့ဒူက “၄ နှစ်ကြာလို့မှ တကယ်လို့ မပြင်ဘူးဆိုရင်တော့ NLD အနေနဲ့ ရွေးကောက်ပွဲတုန်းက ကတိကဝတ် ပြုထား တဲ့ သွားပြီးမှ ပျက်ကွက်ရာ ကျနေပြန်ရော။ ၃ နှစ်ကျော်အတွင်းမှာ မပြင်နိုင်ပေမယ့် နောက်ဆုံးနှစ်ကတော့ ဘယ်လို နည်းနဲ့ဖြစ်ဖြစ် ပြင်ရတော့မယ်ဆိုတာ လူကြီးတွေအနေနဲ့ သဘောပေါက်လို့ ပြင်တယ်လို့ပဲ မြင်တယ်” လို့ ဆိုပါတယ်။
NLD အစိုးရ တက်လာချင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်လိုက်မယ်ဆိုရင် တဖက်က တုန့်ပြန်မှု များနိုင်တာဖြစ်လို့ ဇွတ်အတင်းလုပ်လို့မရဘဲ သည်းခံပြီးမှ သိမ်မွေ့တဲ့နည်းလမ်းနဲ့ သွားနေတာလို့ ယုံကြည်ကြောင်း သူက ဖြည့်စွက် ရှင်းပြပါတယ်။
“NLD အနေနဲ့ ကြိုးစားနေတယ်။ ပြင်ကိုပြင်မယ်။ စပြီးမှ အဲဒီတံခါးကို ဖွင့်ရမယ်ဆိုတဲ့ စိတ်ဓာတ်လေးကတော့ သူ့နည်း သူ့ဟန်နဲ့ ဖောက်ထွက်နိုင်တဲ့ နည်းလမ်းတခုခုကတော့ ရှိလို့ ဒီလောက်ပဲ ဦးဆောင်ပြီးမှ ရဲရဲတင်းတင်း သတ္တိရှိရှိနဲ့ လုပ် တယ်လို့ ခံယူတယ်။ ဒါပေမယ့် ဒီလျှို့ဝှက်ချက်က ဘာလဲမေးရင် ကျနော်လည်း မသိဘူး” လို့ သူက ဆိုပါတယ်။
ဘယ်အချိန် ဘယ်လိုပဲ ပြင်ပြင် စိတ်စေတနာမှန်မှန်နဲ့ ပြင်ရင်တော့ ပြင်တယ်လို့ ယူဆသလို ပြင်ဆင်မှုက အဆုံးထိ သွားဖို့သာ အဓိကဖြစ်တယ်လို့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ပြောပါတယ်။
“မဟုတ်ရင် နိုင်ငံရေးမှာ မရိုးသားမှုတွေ များလာရင် တော်လှန်မှုတွေက ဆက်ဖြစ်နေအုံးမှာပဲ။ ရိုးသားမှုက အဓိကပေါ့။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး ပြည်သူလူထုကို လှည့်စားနေမယ်ဆိုရင်တော့ လိုချင်တဲ့ တိုင်းပြည်ကို အတူတကွ နေထိုင်ကြ ဖို့ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး” လို့လည်း သူက ထောက်ပြပါတယ်။
အားလုံးလိုလားတဲ့ အခြေအနေ မရောက်ခင်စပ်ကြားမှာ အသက်ရှူချောင်ဖို့၊ မျက်နှာပန်းပြန်လှဖို့၊ လူပြောသူ ပြော ကောင်းဖို့လောက်ပဲ လုပ်တယ်ဆိုရင်တော့ ရေရှည် အဆင်ပြေမှာ မဟုတ်ဘဲ အခိုက်အတန့် ယာယီ အဆင်ပြေ ဖို့လောက်ပဲ ဖြစ်လိ့မ်မယ်လို့လည်း ကိုးဒီးဒီက ဆိုပါတယ်။
အဲဒီလိုဆိုရင် တိုင်းပြည်ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်သလို ပြည်သူတွေကို ပိုပြီးတော့မှ ဝေဝါးအောင်၊ ယုံကြည်မှု တွေ လျော့လာအောင် ဖြစ်စေတဲ့ အလုပ်မျိုး ဖြစ်တတ်တာကြောင့် တကယ့် စစ်မှန်တဲ့ပြောင်းလဲမှုကို ဦးတည်တဲ့၊ အနှစ်သာရပါတဲ့ ပြောင်းလဲမှု လုပ်ဆောင်ချက်တွေကိုပဲ လုပ်စေချင်တယ်လို့ သူက ဆန္ဒပြုပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အခရာကျတဲ့ တပ်မတော်အနေနဲ့ကတော့ သူ့ အကျိုးစီးပွား၊ လုံခြုံရေး ထိခိုက်မယ့် အရာတွေကို လုံးဝ လက်ခံမှာ မဟုတ်ဘဲ အပြင်းအထန် ကန့်ကွက် ကာကွယ်သွားမှာ ဖြစ်သလို လတ်တလော အခြေ အနေတွေကို ကြည့်လိုက်တာနဲ့လည်း သိနိုင်ပါတယ်လို့ အင်တာဗျူးဖြေသူတွေက ဆိုပါတယ်။
NLD အနေနဲ့ သတ္တိရှိတယ်၊ မူဝါဒ ပြတ်ပြတ်သားသားရှိတယ်၊ ပြည်သူကို ယုံတယ်ဆို စစ်တပ်လည်း ကြောက်စရာ မလိုဘူး၊ သူတို့နောက်မှာ ပြည်သူရှိတယ်၊ ဒါကို ကိုင်ပြီးတော့ ရဲရဲဝံ့ဝံ့လုပ်ရင်တော့ တတိုင်းပြည်လုံး ပြည်သူတွေရော နိုင်ငံတကာကရော တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေရော သူ့နောက်မှာ ရှိလိမ့်မယ်လို့ ကိုဒီးဒီ က ပြောပါတယ်။
သို့ပေမယ့်လည်း NLD ကိုယ်တိုင်က မူဝါဒ မခိုင်မာဘဲ ရှင်းရှင်းလင်းမရှိသလို စိတ်ပိုင်းဆိုင်ရာ အတွေးအမြင်မှာလည်း အားနည်းတယ်လို့ သူက ဝေဖန်ထောက်ပြပါတယ်။
“အခုလို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံမှုအမြင့်ဆုံး ရတဲ့အချိန်မျိုးမှာ လွတ်လပ်တဲ့ အခြေအနေမျိုးမှာ ပြင်ဆင်ရေး ကို တစိုက်မတ်မတ် အားကောင်းကောင်းနဲ့ ဗျူဟာကျကျနဲ့ လုပ်နိုင်ခဲ့ရင် ဒီထက်ပိုအောင်မြင်နိုင်မယ်လို့ ယူဆတယ်” လို့ ခွန်းဘီထူးက ဆိုပါတယ်။ ။
You may also like these stories:
ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှု အားမရဟု တိုင်းရင်းသား အမတ်များပြော
လွှတ်တော်တွင်း ပုတ်ခတ် ဆွေးနွေးမှုများ တရားစွဲမည်ဟု နာယက သတိပေး
ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်အတွင်း ဆွေးနွေးရာ အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်နေ