အိန္ဒိယနိုင်ငံ တဝှမ်းမှာရှိတဲ့ ပရိသတ်တွေဟာ COVID-19 ရောဂါကြောင့် နာမကျန်းဖြစ်နေကြတဲ့ ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းနဲ့ သူ့ရဲ့ မိသားစုဝင်များအတွက် ဇူလိုင်လ ၁၃ ရက်နေ့မှာ ဆုတောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။
အသက် ၇၇ နှစ်အရွယ် မင်းသားကြီး အမီတာနဲ့ သား Abhishek တို့ဟာ မွမ်ဘိုင်းမြို့မှာရှိတဲ့ ဆေးရုံမှာ တက်ရောက် ကုသခံနေရပြီး ချွေးမဖြစ်သူ မယ်ကမ္ဘာဟောင်း မင်းသမီး Aishwarya Rai Bachchan နဲ့ ၈ နှစ်အရွယ် မြေးမလေးတို့ဟာလည်း ရောဂါပိုး ကူးစက်ခံထားရတာကြောင့် အိမ်မှာပဲ Quarantine ဝင်နေရပါတယ်။
စီးပွားရေးအခြေအနေ ဆိုးရွားလာမှုကြောင့် ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ လနဲ့ချီပြီး ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အသွားအလာ ကန့်သတ်မှု အစီအစဉ်တွေကို ဖြေလျှော့ပေးခဲ့ပြီးတဲ့နောက် ပျံ့နှံ့နှုန်း ပြန်လည် မြင့်တက်လာခဲ့တဲ့ ဗိုင်းရပ်စ် ပိုးကူးစက်ခံခဲ့ရသူတွေထဲမှာ မင်းသားကြီး အမီတာတို့ မိသားစုဟာ နာမည်အကျော်ကြားဆုံး ဖြစ်ပါတယ်။
မင်းသားကြီး အမြန်ဆုံး သက်သာလာစေဖို့ အိန္ဒိယမှာရှိတဲ့ ပရိသတ်တွေဟာ ဟိန္ဒူဘုရားကျောင်းတွေ မှာ ရိုးရာပူဇော်ပွဲတွေနဲ့ ဆုတောင်းပေးခဲ့ကြပါတယ်။ All Bengal Amitabh Bachchan Fans အသင်းမှ အဖွဲ့ဝင် Vijay Patodia က “အမီတာ ဘဂျမ်းသာ နေမကောင်း ဖြစ်တာ မဟုတ်ပါဘူး။ မျိုးဆက်တခုလုံးက နေမကောင်းဖြစ်တယ်လို့ ခံစားရပါတယ်” လို့ ဆိုပါတယ်။
မင်းသားကြီးတို့ သားအဖ နှစ်ဦးကို ကုသပေးနေတဲ့ Nanavati ဆေးရုံမှ ပြောခွင့်ရ အမျိုးသမီးတဦးက မှတ်ချက်ပေးရန် တောင်းဆိုမှုကို ငြင်းဆိုထားပြီး မိသားစုကသာ အခြေအနေကို ပြောပြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မင်းသားကြီးဟာ Twitter မှာလည်း ပရိသတ် အများအပြားကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူဆေးရုံတက်ခဲ့ပြီးတဲ့နောက် ဇူလိုင်လ ၁၁ ရက်နေ့မှာပဲ နေမကောင်း ဖြစ်နေတဲ့အကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့ နေ့လယ်ဘက်အထိ ဆေးရုံနဲ့ မိသားစုဘက်ကနေ အခြေအနေကို ထုတ်ပြန်တာ မရှိသေးပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့တုန်းက ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အဆိုအရ သားအဖ နှစ်ဦးရဲ့ အခြေအနေ တည်ငြိမ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ တခြားဝေဒနာရှင်တွေက ဆေးရုံသုံး အိပ်ရာ၊ ဆေးဝန်ထမ်းနဲ့ ဆေးပစ္စည်းတွေ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ မင်းသားကြီးတို့ သားအဖ နှစ်ဦးဟာ ထိပ်တန်းကုသမှုတွေကို ရရှိခဲ့တယ်လို့ဆိုပြီး လူတချို့ရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက် တရက်တည်းမှာ ရောဂါအသစ်ကူးစက်သူ ၂ သောင်းကျော်ရှိပြီး စုစုပေါင်း ရောဂါကူးစက်ခဲ့သူ ၈ သိန်း ၇ သောင်းကျော်နေပြီဖြစ်လို့ နိုင်ငံရဲ့ တချို့နေရာတွေမှာ အသွားအလာ ပိတ်ဆို့ကန့်သတ်မှု အသစ်တွေကိုလည်း ချမှတ်ထားပါတယ်။
Ref:Reuters
You may also like these stories:
မင်းသားကြီး အမီတာဘဂျမ်း COVID-19 ကူးစက်ခံရ