ဒါရိုက်တာ ဏကြီးနဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးတို့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်တဲ့ “မီ” နဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားများကိုတော့ လာအိုနိုင်ငံက ရုပ်ရှင်ပွဲတော်မှာ ပြသရန်အတွက် ရွေးချယ်ခံရတယ်လို့ သိရပါတယ်။
“ပျော်စရာ သတင်းကောင်းတခု ဝေမျှချင်ပါတယ်။ ကျနော် ရိုက်ကူးတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကား နဲ့ ကိုဏကြီး ရိုက်ကူးတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားတို့ဟာ လာအိုနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ရုပ်ရှင်ပွဲတော် “လွမ်ပရာဗန်” ရုပ်ရှင်ပွဲတော် (Luang Prabang Film Festival) မှာ ပါဝင်ပြသဖို့ ရွေးချယ်ခံရပါတယ်” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
လာအိုနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ရုပ်ရှင်ပွဲတော် “လွမ်ပရာဗန်” ရုပ်ရှင်ပွဲတော်မှာ ၁၀ ရက်ကြာ ပြသမယ့် အစီအစဉ်ထဲ ပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ရုပ်ရှင်ပွဲတော်မှာတော့ အရှေ့တောင်အာရှနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကား ၂၄ ကား ပါဝင်မှာဖြစ်ပြီး ကိုဗစ် အခြေအနေများကြောင့် အွန်လိုင်းပွဲတော်အနေနဲ့သာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
“အခုနှစ်ကတော့ ကိုဗစ် အခြေအနေများကြောင့် အွန်လိုင်း Film Festival အနေနဲ့ ကျင်းပမှာပါ။ ဒီဇင်ဘာလ ၄ ရက် မှ ၁၀ ရက်နေ့အတွင်း ရုပ်ရှင်ပွဲတော်ဝင် ရုပ်ရှင်ဇာတ်ကားများကို အွန်လိုင်းမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကတော့ အောက်တိုဘာလအတွင်းကလည်း စင်ကာပူနိုင်ငံမှာ တတိယအကြိမ်မြောက် ကျင်းပတဲ့ “Asian Academy Creative Awards” ဆုချီးမြှင့်ပွဲမှာ ဆု ၃ ဆု ရွေးချယ်ခံခဲ့ရပါတယ်။
“သူစိမ်းအိမ်” ရုပ်ရှင်ကိုတော့ ၂၀၁၉ ခုနှစ်အတွင်းက မြန်မာနိုင်ငံမှာ ပြသခဲ့တာ ဖြစ်ပြီး သရုပ်ဆောင် လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ လင်းဇာနည်ဇော်၊ ဖွေးဖွေး၊ မြတ်နိုးအေး၊ ကူးကူးဇင်အောင်၊ ချာလီ၊ ရှိန်းတင်ထူး၊ ဂျိုကာတို့ ပါဝင် သရုပ်ဆောင်ထားပြီး Suspense, Thriller, Horror ရုပ်ရှင် အမျိုးအစား ဖြစ်ပါတယ်။
You may also like these stories:
“Jaws” ရုပ်ရှင်ထဲက ငါးမန်းကြီးကို အကယ်ဒမီ ပြတိုက်မှာ အနီးကပ် ကြည့်နိုင်တော့မည်
ဘောလုံးသမားဘဝထက် ဗီဒီယိုဂိမ်း ကစားသမားဘဝမှာ ငွေပိုဝင်နေတဲ့ ဒေးဗစ်ဘက်ခမ်း
အပိုင်း ၄ ပိုင်းနဲ့ ချိတ်ဆက်ထားတဲ့ မေရဲ့ “The Journey” သီချင်းအသစ်