နိုင်ငံကျော် ဇာတ်မင်းသား ဖိုးချစ်က ဇန်နဝါရီလထဲမှာ ပရိသတ်ပါတဲ့ ဇာတ်သဘင်ပွဲ ကျင်းပသွားဖို့ ပြင်ဆင်နေပြီး စည်းကမ်းတကျနဲ့ ကျင်းပနိုင်တဲ့ ပွဲဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“ကျနော်က ဇန်နဝါရီလထဲ ရောက်ရင်တော့ ဇာတ်ရုံထဲမှာ ပရိသတ်ပါတဲ့ ဖျော်ဖြေရေး လုပ်ဖို့အတွက် ကျနော် စီစဉ်မယ်။ သို့သော် ကန့်သတ်ချက် ရှိမယ်။ Mask တပ်ရမယ်။ လက်ဆေး ရမယ်။ မိသားစုက မိသားစုဝိုင်း ရှိမယ်။ ခုံနဲ့ သီးခြားတွေ ကြည့်ရမှာ ဖြစ်ပါတယ်။ ကျနော် တယောက်တည်း ပွဲကဖို့ကို တွေးတာမျိုးထက် တနိုင်ငံလုံးမှာ ကခွင့်ရအောင် ဘာလုပ်မလဲ။ စည်းကမ်းတကျနဲ့ ကျင်းပနိုင်တဲ့ပွဲ ဖြစ်အောင်လို့လည်း ကြိုးစားသွားမယ်”
“ကျနော်ကတော့ ကြိုးစားကြည့်ထားတယ်။ အွန်လိုင်းကနေ ပွဲတွေ လုပ်ကြည့်တယ်။ အဲ့လမ်းကြောင်းလေးပေါ် ကျနော်တို့ ရောက်နေပြီ။ လုပ်နေကြပြီပေါ့။ အဲ့ထိကတော့ ပရိသတ် ပါတဲ့ ပွဲခင်း၊ စည်းကမ်းကျသော ကျန်းမာရေးအကာအကွယ်နဲ့ ပြည့်စုံတဲ့ ပွဲခင်း ဈေးတန်း မပါ။ အဲ့ဒါကို ကျနော်က တာဝန်ရှိတဲ့ ဌာနတွေကို တင်ပြပြီးတော့ ကျနော် ဇန်နဝါရီလထဲမှာ ကမယ်။ ပရိသတ်ပါတဲ့ ပွဲကမယ်”လို့ ဖိုးချစ်က ပြောပါတယ်။
သဘင်သည်တွေ စားဝတ်နေရေးတွေ ခက်ခဲနေတာကြောင့် ခွင့်ပြုချက် ရယူပြီး ပွဲကျင်းပမှ ဖြစ်တော့မယ်လို့ ဖိုးချစ်က ဆိုပါတယ်။
“ကိုဗစ်က ချက်ချင်း မပျောက်နိုင်ဘူး။ ရောဂါနဲ့ ယှဉ်တွဲနေထိုင်နေတာ ပွဲမလုပ်လို့ မရတော့ဘူး။ သဘင်သည်တွေ စားဝတ်နေရေး တောင့်ခံထားပေမယ့် စားဝတ်နေရေး တအားခက်နေပြီ။ တနေ့လုပ်မှ တနေ့စားဖို့ တနေ့ လုပ်စရာ အလုပ်ကို မရှိတော့ဘူး”
“အခုချိန်မှာ တချို့ ဇာတ်တွေ မရှိတော့ဘူး။ နိုင်ငံတော်ကိုလည်း နားလည်တယ်။ ကျနော်တို့ သဘင်ကိုပဲ အားစိုက် မလုပ်ပေးနိုင်ဘူး။ အဲ့အတွက် သူတို့ လုပ်ပေးမှာကို စောင့်မနေတော့ဘဲ ကျနော်တို့ ဒီလို အခင်းအကျင်းတွေနဲ့ လုပ်မယ်ဆိုတာကို ချပြပြီး ခွင့်ပြုချက်ယူမှ ရတော့မယ်”လို့ ဖိုးချစ်က ပြောပါတယ်။
လက်ရှိ အချိန်မှာ ပြည်သူတွေ အခက်အခဲ ဖြစ်နေတာကိုလည်း နားလည်ပြီး ကျန်းမာရေး စည်းကမ်းတွေနဲ့အညီ ပွဲကို ကျင်းပသွားမယ်လို့ ဆိုပါတယ်။
“ပြည်သူတွေ အခက်အခဲ ဖြစ်နေတာကိုလည်း နားလည်တယ်။ ကျနော်တို့ကလည်း ဖျော်ဖြေရေးအတိုင်းပဲ မရရအောင် လုပ်ရတော့မယ်။ ရောဂါကို အန္တရာယ် ကင်းအောင်လည်း နေရင်းနဲ့ အလုပ်လုပ်မှကို ရတော့မှာ။ လူအများကြီး တိုးကျိတ်နေတာမျိုး မဟုတ်ဘဲ စနစ်ကျသော တင်ဆက်မှုတွေ လုပ်ဖို့ လိုလာပြီလို့ မြင်တယ်။ ကျနော် ကတဲ့ ပုံစံအတိုင်းပဲ ဝန်ကြီးဌာနကို တင်ပြသွားမယ်”လို့ ဖိုးချစ်က ပြောပါတယ်။
ဇာတ်မင်းသား ဖိုးချစ်က ဒီအကြောင်းအရာတွေကို ဒီဇင်ဘာလ ၂၃ ရက်နေ့က သူ့ရဲ့ လူမှုကွန်ရက် Facebook အကောင့်မှာ Live လွှင့်ပြီး ပရိသတ်တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ မင်းသား ဖိုးချစ်ဟာ လက်ရှိအချိန်မှာ မြန်မာ့ဇာတ်သဘင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။
You may also like these stories:
ဇာတ်လမ်းတွဲ ရိုက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ သရုပ်ဆောင် ဒေါင်း
ချမ်းမြေ့မောင်ချိုရဲ့ တကိုယ်တော်အခွေ တနှစ်ပြည့် ကျေးဇူးတင်စကား
“၂၀၂၀ က ကောင်းတဲ့ နှစ်တနှစ်ပါ”လို့ ဂုဏ်ရည်အေးကျော် ဆို