ဖခင်ဖြစ်သူ မိုးဒီ ကိုဗစ်ရောဂါ ကူးစက်ခံရစဉ်မှာ သားတယောက်အနေနဲ့ ကိုယ်တိုင် လိုက်လံပြုစုပေးခဲ့တဲ့အတွက် လက်ရှိမှာ အနုပညာအလုပ်တွေ ပြန်လုပ်ချင်ပေမယ့် ကမ်းလှမ်းမယ့်သူ မရှိသေးဘူးလို့ သရုပ်ဆောင် ကောင်းစံက ပြောပါတယ်။
“အနုပညာတွေ ပြန်လုပ်ချင်တာပေါ့။ ကိုယ့်ဟာကိုယ်ပဲ ပြန်ကမ်းလှမ်းတယ်။ ငါဘယ်တော့ အနုပညာတွေ ပြန်လုပ်ရမလဲ။ ကိုယ်တွေကလည်း ကိုဗစ်ဖြစ်ထားတာကိုး။ အဲ့အတွက် အနုပညာတွေ ပြန်လုပ်ဖို့ မကမ်းလှမ်းကြသေးဘူး။ ရောဂါကလည်း ဖြစ်ပြီးရင် ပျောက်ရင်ပျောက်၊ မပျောက်ရင် အသေပဲလေ။ ကိုယ်တိုင်ကလည်း ကိုယ်ခံအားကောင်းအောင် နေတယ်”လို့ ကောင်းစံက ပြောပါတယ်။
ဖခင်ဖြစ်သူ မိုးဒီကတော့ လက်ရှိမှာ ရောဂါ ပျောက်ကင်း သက်သာနေပြီး ဖျော်ဖြေရေးတွေ ပြန်တင်ဆက်လို့ ရရင်လည်း အားပေးကြပါဦးလို့ ဆိုပါတယ်။
“ကိုယ့်အဖေကိုလည်း ပျောက်အောင် ကုသခဲ့တာပဲ။ သူများ မယုံတာတော့ မတတ်နိုင်ဘူး။ ကိုယ့်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ အားကတော့ မငယ်ပါဘူး။ ပရိသတ်တွေ ဂရုစိုက်ကြပါ။ ဖျော်ဖြေရေးတွေ ပြန်တင်ဆက်လို့ရရင် အားပေးကြပါဦး”လို့ ကောင်းစံက ပြောပါတယ်။
အနုပညာ အလုပ်တွေ ပြန်မလုပ်ရသေးပေမယ့်လည်း စိတ်အားမငယ်ဘူးလို့ ဆိုပါတယ်။
“စိတ်အားကတော့ မငယ်ပါဘူး။ ကျနော်တို့ အနုပညာသမား တော်တော်များများပါပဲ။ တကမ္ဘာလုံးပါပဲ။ ဒီရောဂါက ဘယ်တော့ ပျောက်မယ်မှန်း မသိဘူး။ ဒုတိယလှိုင်းက မပြီးသေးဘူး။ ကိုဗစ်စင်တာကနေ Negative နဲ့ ပြန်လာတာဆိုတော့ တခြားသူတွေ နားမပြောနဲ့။ အိမ်က မိန်းမနားတောင် မနည်းကပ်ရတယ်”လို့ ကောင်းစံက ပြောပါတယ်။
မမြင်ရတဲ့ ရောဂါပိုးဖြစ်တာကြောင့် အန္တရာယ်များပြီး ကူးစက်မခံရအောင် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေအတိုင်း လိုက်နာပါလို့ ဆိုပါတယ်။
“တော်တော်ဆိုးတဲ့ ရောဂါပိုး၊ မြင်လည်း မမြင်ရဘူး။ တတိယလှိုင်းက ထပ်ဖြစ်တော့မယ်။ မြင်ရရင်လည်း ယှဉ်ထိုးလို့ ရသေးတယ်။ ဒီရောဂါပိုးက ဘယ်တော့ ပြီးမယ်မှန်း မသိဘူး။ ခုလောလောဆယ်တော့ မိမိကစပြီး ကာကွယ်ပါ။ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း လိုက်နာကြပါ”လို့ ကောင်းစံက ပြောပါတယ်။
သရုပ်ဆောင် ကောင်းစံကတော့ လူရွှင်တော်လည်း လုပ်သလို ဇာတ်ကားတွေမှာလည်း ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တဦး အနေနဲ့ ပါဝင် လုပ်ကိုင်သူ ဖြစ်ပါတယ်။ ကောင်းစံဟာ ဟာသသရုပ်ဆောင်၊ လူရွှင်တော်ကြီး မိုးဒီရဲ့သားလည်း ဖြစ်ပါတယ်။
You may also like these stories:
“အားလုံးရဲ့ မေတ္တာ၊ စေတနာကြောင့် ကျန်းမာရေး ကောင်းလာပြီ”ဆိုတဲ့ မိုးဒီ
ဖခင် မိုးဒီရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို ပြောပြတဲ့ ကောင်းစံ
“ရိုက်ကူးရေးတွေ ပြန်စမှာကို စိုးရိမ်မိတယ်”လို့ ကောင်းစံ ပြော