Entertainment

ရင်သွေးလေးများ ဂေဟာအပြင် ဆေးကုခန်း ဖွင့်ဖို့ ကြိုးစားနေတဲ့ ခိုင်နှင်းဝေ

Want create site? Find Free WordPress Themes and plugins.

“ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” ဖွင့်လှစ်ထားတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက လက်ရှိ ကလေးတွေထားတဲ့ နေရာက ကျဉ်းတာကြောင့် ဂေဟာ ဆောက်နေတယ်လို့ ဆိုပါတယ်။

“မိဘအုပ်ထိန်းမှု ရှိတဲ့ ကလေးကို ကျမ ခေါ်ပေးတော့ဘူး။ နေရာလည်း မရှိလို့ပါ။ ကျမဆီမှာ ကလေးများချင်တာ မဟုတ်ဘူး။ တကယ် လမ်းပျောက်နေတဲ့ ကလေးတွေပဲ ခေါ်ထားချင်တာ။ အဲ့လို မိဘရှိတဲ့ ကလေးတွေ မွေးစားလိုက်ရင် တကယ် အခက်အခဲ ရှိနေတဲ့ ကလေးတွေအတွက် နေရာ မရှိဘဲ နေသွားမှာ စိုးတယ်”

“ကလေးတွေကို အသက်ကယ်ပေးတဲ့ အလုပ်လုပ်နေလို့သာ ကယ်ပေးနေတာပေါ့။ အခု နေရာလေးကလည်း ကျဉ်းလို့ ဂေဟာလေး ဆောက်နေတယ်။ ဂေဟာ ဆောက်ပြီးရင် ဘေးမှာ မြေကွက်ရရင် ကလေးတွေ ဆေးကုနိုင်အောင် အခမဲ့ ဆေးကုခန်းလေးပါ ဖွင့်ဖို့ စဉ်းစားထားတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။

ကလေးတွေကို နေ့စဉ် ပြုစု ထိန်းကျောင်းပေးနေရတဲ့အတွက် တခါတလေမှာ သူရဲ့ကိုယ်ပိုင်အချိန်တွေ လိုချင်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေ (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

“တခါတလေကျတော့လည်း ကိုယ်ပိုင်ချိန်တွေကို လိုချင်တာပေါ့။ ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ပြောထားတာ။ ရိုက်ရင် နယ်ထွက်ရမှာဆိုတော့ ခရီးတွေ ထွက်ရင် ပြန်လာလို့ မရသေးဘူးဆိုတော့ မရိုက်ရသေးဘူး။ ရှုတင်ကတော့ ရှိရင် သွားရိုက်ရမှာပဲ။ ကလေးတွေကိုက ဆရာမတွေနဲ့ ထားခဲ့လို့ရတယ်။ ပိုက်ဆံကလည်း ရှာရဦးမှာပေါ့”

“အားလပ်ချိန် သူငယ်ချင်းတွေနဲ့ မုန့်သွားစားတာတို့၊ Shopping ထွက်တာတို့၊ ကိုယ့်ရဲ့ နုပျိုချိန်တွေကိုတော့ နှမြောတယ်။ ၂၀၁၄ ကတည်းက လုပ်တာဆိုတော့ ဘောင်နဲ့ လူတွေ ဖြစ်သွားပြီ။ အများကြီး ပေးဆပ်ရတယ်။ မိသားစုအချိန်တွေ ပေးဆပ်လိုက်ရတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာ Live လွှင့်တဲ့အခါလည်း ကလေးတွေကို ပရိသတ်တွေက ချစ်ပြီး စိတ်ပူပေးကြလို့ ဝမ်းသာရပေမယ့် စိတ်ကျဉ်းကျပ်ရတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေ (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

“လက်သည်းတွေ အရှည်တောင် မထားနိုင်ဘူး။ ကလေးတွေ ထိုးမိမှာစိုးလို့။ အရင်ဆို ခြေသည်း လက်သည်းဆိုင် အမြဲသွားတယ်။ လက်သည်း ခြေသည်း ပျက်တာနဲ့ မနေတတ်ဘူး။ လက်သည်းဆိုင်သွားရပြီ။ Live လွှင့်တော့ လက်စွပ်တော့ ချွတ်ထားပါ ကလေးတွေ ခိုက်မိမယ် ပြောတော့ စိတ်ထဲမှာ ဝမ်းနည်းဝမ်းသာ ဖြစ်ရပါတယ်”

“ကိုယ့်ထက် ပရိသတ်တွေက စိတ်ပူပေးတယ်။ ဒါပေမဲ့ တခါတလေကျ အပြစ်အရမ်းပြောကြတော့ ကိုယ်ထိန်းရတာ ကိုယ်အသိဆုံး။ ကလေးတွေ တခုခု ဖြစ်သွားရင် ကျမပဲ ခံစားရမှာ။ အဲ့ဒါလေးတွေတော့ စိတ်ကျဉ်းကျပ်ရတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ “ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ”ကို ၂၀၁၄ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး၊ အကြောင်းအမျိုးမျိုးကြောင့် မိဘ စောင့်ရှောက်မှု မပေးနိုင်တဲ့ ကလေးငယ်များကို ပြုစု စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။

You may also like these stories:

အနုပညာ အရည်အသွေးပါတဲ့ အလုပ်ကိုပဲ လုပ်ပြချင်တဲ့ အောင်ရေချမ်း

ကြော်ငြာတွေထက် ရုပ်ရှင်ရိုက်ပြီး အိုက်တင်လုပ်ရတာ ပိုကြိုက်တဲ့ ပိုင်ဖြိုးသု

နေခြည်ဦးအတွက် မွေးနေ့ ဆုတောင်းပေးလိုက်တဲ့ ဂျွန်လွင်

Did you find apk for android? You can find new Free Android Games and apps.
Loading