မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် အခုဆိုရင် ရုပ်ရှင်ရုံတွေ ပိတ်ထားရတာ တနှစ်နီးပါးခန့် ရှိလာပါပြီ။ ရုပ်ရှင်ရိုက်ပြီးသား ရုံတင်ဖို့ အများကြီး ကျန်နေတာဖြစ်တာကြောင့် ရုပ်ရှင်အသစ်တွေ ထပ်မရိုက်ဖြစ်ကြပေမယ့် ဇာတ်လမ်းတွဲတွေ ရိုက်လာတာကို တွေ့ရပါတယ်။
သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုကလည်း ကိုဗစ်ကာလအတွင်း ရုပ်ရှင်တွေ မရိုက်ဖြစ်ဘဲ ကြော်ငြာတွေသာ ရိုက်နေတာ ဖြစ်တာကြောင့် ကြော်ငြာတွေထက် ရုပ်ရှင်ရိုက်ပြီး အိုက်တင် လုပ်ချင်နေတဲ့အတွက် မကြာခင်မှာ ဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။
“သုလည်း အရမ်းရိုက်ချင်နေပြီ။ ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ အိုက်တင်ပဲလုပ်ချင်တာ။ ကြော်ငြာတွေကျတော့ များသောအားဖြင့် လှလှလေး နေရတာလေ။ သုသု လှလှလေး မနေတတ်ဘူး။ လှချင်ယောင်ဆောင်ရင် ပင်ပန်းတယ်။ အဲ့အခါကျတော့ ရုပ်ရှင်ကျတော့ ဇာတ်ကောင်စရိုက်ကို စိတ်ထဲထည့်ပြီး နေလိုက်ရုံပဲဆိုတော့ ပိုလွတ်လပ်တယ်လို့ ခံစားရတယ်။ အဲဒါကြောင့် အိုက်တင်ပဲ လုပ်ချင်တယ်။ အဲဒါမျိုးပဲ ရိုက်ချင်တယ်” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
ဒီကာလမှာ ရုပ်ရှင်ရိုက်ဖို့က မလွယ်ကူသေးဘဲ ဇာတ်လမ်းတွဲကိုတော့ လူနည်းနည်းနဲ့ ရိုက်လို့ရတာကြောင့် ပရိသတ်နဲ့ အဆက်အသွယ် ပြတ်မှာစိုးတဲ့အတွက် ဇာတ်လမ်းတွဲ ရိုက်တော့မယ်လို့ သိရပါတယ်။

“ဇာတ်လမ်းတွဲလည်း ရိုက်ဖို့ အမှန်အတိုင်း ပြောရရင် ရုပ်ရှင်ရုံတွေ မဖွင့်တော့ ရုပ်ရှင်တွေလည်း မရိုက်ဖြစ်ဘူးပေါ့။ ရုပ်ရှင်ရိုက်ရင်ကျတော့ Crew က အများကြီး သုံးရတယ်။ ဇာတ်လမ်းတွဲနဲ့ မတူဘူး။ ဇာတ်လမ်းတွဲကကျတော့ လူလျှော့ပြီး ရိုက်လို့ ရတယ်။ ရုပ်ရှင်ရိုက်ရင်ကျ မရှိဘူးဆိုရင် လူ ၁၀၀ ကျော်ကျော်လောက် ရှိတာဆိုတော့ ဒီကာလမှာ ဘယ်လိုမှ ရိုက်လို့ မရဘူး”
“အဲဒါကြောင့် ဇာတ်လမ်းတွဲတွေ ပြန်ရိုက်မယ်ပေါ့။ အကြာကြီးကျတော့ ရုံက ဘယ်တော့မှ ပြန်ဖွင့်မယ်မသိ။ ဖွင့်ရင်လည်းဘယ်လောက် စောင့်ရမယ် မသိဘူး။ ပရိသတ်နဲ့ အဆက်အသွယ် ပြတ်သွားမှာလည်း စိုးတယ်။ ဆိုးပေ ဇာတ်လမ်းတွဲက ရိုက်ပြီးသွားပြီ” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
ပိုင်ဖြိုးသုကတော့ “ရှေးရိုးရွာ” ဆိုတဲ့ ဇာတ်လမ်းတွဲကို ဖေဖော်ဝါရီလောက် ရိုက်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

“ရှေးရိုးရွာ ဆိုတဲ့ ဇာတ်လမ်းတွဲလေး ရိုက်ဖို့ ရှိတယ်။ ဇာတ်လမ်းအရ နယ်မှာ ထွက်ရိုက်ရင် ပိုအဆင်ပြေမှာပေါ့။ ဇာတ်လမ်းဇာတ်ကွက် အနေအထားအရ နယ်မှာ ပိုအဆင်ပြေမှာဆိုတော့ နယ်ကို ဒီအဖွဲ့ထဲကလူတွေကို ဘယ်လိုခေါ်သွားမလဲ။ Swab စစ်ဖို့တွေ ဘာတွေ စီစဉ်နေကြတာဆိုတော့ ဖေဖော်ဝါရီလထဲမှာ စဖြစ်မယ်လို့ မျှော်လင့်တယ်” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
လတ်တလောမှာတော့ ကြော်ငြာတွေနဲ့ ဆေးပညာနဲ့ ပတ်သက်တဲ့ စကားဝိုင်းများမှာ ပါဝင်ဖြစ်နေပြီး အားနေတဲ့အချိန်မှာ သင်တန်းတွေ တက်နေတယ်လို့ သိရပါတယ်။
“အရင် ကားရိုက်နေရင်ကျတော့ အချိန် အရမ်းပေးရတယ်။ မနက်ဆိုတာနဲ့ ထွက်သွား၊ ပြန်လာရင် ညမိုးချုပ်မှ ပြန်လာ၊ အခု ကြော်ငြာရိုက်တို့ ဘာတို့ကျတော့ အချိန်အများကြီး မပေးရဘူး။ ရက်တွေအများကြီး မပေးရဘူး။ ၁ ရက်၊ ၂ ရက်ပေးလိုက်ရင် ကြော်ငြာတခုက ပြီးသွားပြီဆိုတော့ အားနေတဲ့အချိန်မှာ သင်တန်းလေးတွေ တက်ဖြစ်နေပါတယ်” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
ဒီအကြောင်းအရာများကိုတော့ ပိုင်ဖြိုးသုက သူ့ရဲ့ Facebook Page ကနေ Live လွှင့်ပြောခဲ့တာဖြစ်ပြီး တပတ် တခါလောက် ပရိသတ်နဲ့ စကားပြောမယ်လို့ ဆိုပါတယ်။
You may also like these stories:
နေခြည်ဦးအတွက် မွေးနေ့ ဆုတောင်းပေးလိုက်တဲ့ ဂျွန်လွင်
“Esports ကို မသိပေမယ့် မြန်မာလူငယ်တွေ ကမ္ဘာအဆင့်မီတာ ဂုဏ်ယူတယ်”
ဒုတိယမြောက် သမီးလေးကို အီတလီမှာ သွားမွေးမယ့် အဆိုတော် ချမ်းချမ်း