ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ မီးဘေးသင့်ခဲ့တဲ့ အိမ်ထောင်စုများအတွက် အဆိုတော် ရှိုင်းက အွန်လိုင်းပေါ်မှတဆင့် အလှူခံခဲ့ရာ အလှူငွေ သိန်း ၃၀၀ ကျော်အား အဆိုပါနေရာသို့ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
“အောင်မြင်စွာ လှူဒါန်းခဲ့ပါပြီ ခင်ဗျာ။ ဒီနေ့ပဲ တိမ်ညိုစစ်ဘေးရှောင်စခန်းကို အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။ မီးဘေးသင့်ရာမှာ ပျက်စီးခဲ့တဲ့ အိမ်ထောင်စု တအိမ်ထောင်စုကို ၄၀,၀၀၀ ကျပ်နှုန်းစီဖြင့် အိမ်ထောင်စု ၆၆၇ စုစာ စုစုပေါင်း သိန်း ၂၆,၆၈၀,၀၀၀ ကျပ် (သိန်းနှစ်ရာ ခြောက်ဆယ့်ခြောက်သိန်း ရှစ်သောင်းကျပ်) ကို လည်းကောင်း ပြန်လည် ထူထောင်ရေးအတွက် တာဝန်ခံအဖွဲ့အား ၃,၆၄၀,၀၀၀ ကျပ် (သုံးဆယ့်ခြောက်သိန်း လေးသောင်းကျပ်) ကို လည်းကောင်း စုစုပေါင်း အလှူငွေ သိန်း ၃၀,၃၂၀,၀၀၀ ကျပ် ( သိန်း သုံးရာ့ သုံးသိန်း နှစ်သောင်းကျပ် ) ကို လှူဒါန်းပေးအပ်ခဲ့ပါတယ် ခင်ဗျာ”လို့ အဆိုတော် ရှိုင်းက ပြောပါတယ်။
မီးဘေးသင့်ရာမှာ ပျက်စီးသွားခဲ့တဲ့ အိမ်ထောင်စု ၆၆၇ စုအတွက် အိမ်ထောင်စု တစုကို ငွေကျပ် ၄ သောင်းကျပ် ပေးအပ်ခဲ့ပြီး ပြန်လည် ထူထောင်ရေးအတွက် တာဝန်ခံအဖွဲ့အား ငွေကျပ် ၃၆ သိန်းကျော်ကို ပေးအပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“စစ်ဘေးရှောင် မိဘပြည်သူများအားလုံးကို အားပေးစကားတွေလည်း အများကြီး ပြောပေးခဲ့သလို အခုဆိုရင် အာဏာရှင်စနစ်ကို တနိုင်ငံလုံးအနေအထားနဲ့ တွန်းလှန်နေကြပြီမို့ စစ်ဘေးဒုက္ခတွေကြားမှာ အတတ်နိုင်ဆုံး ဆက်လက် အားတင်းထားကြဖို့လည်း သေချာပြောပြခဲ့ပါတယ်” လို့ အဆိုတော် ရှိုင်းက ပြောပါတယ်။
ဒီလိုလှူဒါန်းနိုင်ဖို့အတွက် သူ့ဆီမှာ ယုံယုံကြည်ကြည်နဲ့ အလှူငွေ ထည့်ဝင်ကြတဲ့ နိုင်ငံတဝှမ်းမှ အလှူရှင်များကိုနဲ့ အဘက်ဘက်မှ ကူညီပေးကြတဲ့သူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောခဲ့ပါတယ်။
“ကျနော့်ဆီမှာ ယုံယုံကြည်ကြည်နဲ့ အလှူငွေ ထည့်ဝင်ပေးကြတဲ့ နိုင်ငံတဝှမ်းက အလှူရှင်မိဘပြည်သူများအားလုံးရော၊ ငွေသားထုတ်ယူဖို့အတွက် ကူညီပေးကြတဲ့ စစ်တွေက အသိမိတ်ဆွေများ၊ သွားရေးလာရေး ကူညီပေးကြတဲ့ အသိမိတ်ဆွေ ညီအစ်ကိုမောင်နှမ အားလုံးကို ရင်ထဲကနေ ပြောမပြတတ်အောင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျ”လို့ ရှိုင်းက ပြောပါတယ်။
အဆိုပါ လှူဒါန်းမှုကိုတော့ ရခိုင်ပြည်နယ်သို့ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး လှူဒါန်းပြီးလို့ စာရင်းပိတ်ခဲ့ပေမယ့် လှူဒါန်းမှုတွေ ရှိနေသေးတာကြောင့် ထပ်မံသွားရောက် လှူဒါန်းပေးဦးမှာဖြစ်တယ်လို့ သိရပါတယ်။

“လှူဒါန်းကြသူများအားလုံးကို အခုလို အလှူငွေ တဆင့်ခံ ကူညီပေးခွင့်ရအောင် ကျနော့်ဆီမှာ ယုံယုံကြည်ကြည် လှူဒါန်းပေးကြတဲ့အတွက်ရော၊ ရခိုင်သားတယောက်အနေနဲ့ရော ရင်ထဲကနေ ပြောမပြတတ်အောင် ကျေးဇူးတင်ရှိကြောင်း ထပ်မံ ပြောကြားလိုပါတယ် ခင်ဗျာ။ အဖရခိုင်ပြည်ကြီး အေးချမ်းပါစေ။ အမိမြန်မာနိုင်ငံတော်ကြီးလည်း အေးချမ်းပါစေ။ အာဏာရှင် စနစ်မှန်သမျှ အမြန်ဆုံး ကျရှုံးပါစေ။ အားလုံး ဘေးအန္တရာယ်ကင်းဝေးကြပါစေ” လို့ ရှိုင်းက ပြောထားပါတယ်။
ရခိုင်တိုင်းရင်းသားတဦးဖြစ်တဲ့ အဆိုတော်ရှိုင်းဟာ ရွေးကောက်ပွဲကာလမှာ ရခိုင်တိုင်းရင်းသားပါတီကို မဲဆွယ်ပေးခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများမှာလည်း ရခိုင်တိုင်းရင်းသားသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြခဲ့ပြီး စစ်ကောင်စီရဲ့အကြမ်းဖက် ဖြိုခွင်းမှုများကိုလည်း ရှေ့တန်းမှ ကာကွယ်ရေးများ ပြုလုပ်ခဲ့ပါတယ်။
You may also like these stories:
“ကိုဗစ် ကာကွယ်ဆေး ထိုးကြသူတွေကို မြင်တာ ခံပြင်းမိတယ်”လို့ မေဦး ဆို
“မိုဘိုင်းဒေတာ မရတာ နေရာတော်တော်များများ အမှောင်ချလိုက်သလိုပဲ”
မတ်လ ၂၄ ရက်နေ့ “Silent Strike” မှာ လူညီကြဖို့ ပိုင်ဖြိုးသု တိုက်တွန်း