ယခုကာလအတွင်း ခက်ခဲနေတဲ့ ပြည်သူများအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီ လှူဒါန်းပေးနေတဲ့ သရုပ်ဆောင် အိစိကွေးက လူတိုင်း ခက်ခဲနေကြချိန် အလှူငွေများ မလိမ်ကြဖို့ သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ မေတ္တာရပ်ခံထားပါတယ်။
“ငွေတွေလိမ်ဖို့ မကြိုးစားကြပါနဲ့ဗျာ။ လူတိုင်း ခက်ခဲနေတာပါ။ အဆင်မပြေတဲ့ကြားက လှူခဲ့ကြတဲ့ အလှူငွေလေးတွေကို မျက်စောင်း မထိုးကြပါနဲ့ဗျာ။ ယုတ်မာပြီး ခိုးနေတဲ့သူတွေဆီသာ သွားလိမ်ကြပါ။ မေတ္တာရပ်ခံပါတယ်ဗျာ။ ဒူးထောက်ပြီး တောင်းပန်ပါတယ်ဗျာ”
“ပြီးတော့ ရင်းနှီးတဲ့အသိတွေက ဘဏ်ဝန်ထမ်းတွေမို့ သူတို့ကို မေးမေးပြီးမှ ပြန်ပြောနေတာမို့လို့ မကြိုးစားကြပါနဲ့တော့နော်။ လှူထားတဲ့ အလှူငွေတွေ အကုန် Safe ဖြစ်ပါတယ်။ အလှူရှင်တွေလည်း မစိုးရိမ်ပါနဲ့။ လှူလို့ရပါတယ်။ အကုန် Welcome ပါဗျာ”လို့ အိစိကွေးက ပြောပါတယ်။
အိစိကွေးက သူကိုယ်တိုင် ဦးဆောင်ပြီး ရွှေဘိုမြို့မဈေးကြီး မီးလောင်မှုအတွက် စုပေါင်း လှူဒါန်းပေးခဲ့သလို မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာအတွက်လည်း စုပေါင်း လှူဒါန်းပေးကြဖို့ နှိုးဆော်လျက်ရှိပါတယ်။

“မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကင်းမရွာမှာ မီးလောင်ခဲ့ပြီး ရွာထဲ ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတဲ့ ပြည်သူတွေအကုန် မီးထဲမှာ သေဆုံးခဲ့ရပါတယ်။ အိမ်ခြေ ၂၅၀ ရှိပြီး လူဦးရေ ၁၀၀၀ ကျော် ရှိပါတယ်”
“ကျနော်တို့ ကူရအောင်ဗျာ။ ထုံးစံအတိုင်း တယောက်ကို ၁၀၀၀၊ ၂၀၀၀ ကစပြီး လှူလို့ရပါတယ်။ လူတိုင်း အခက်အခဲဖြစ်နေတာ သိပေမယ့် ၁၀၀၀ ဆိုတဲ့ အတိုင်းအတာက စုလိုက်ရင် အကျိုးရှိတဲ့ အလှူဖြစ်မှာပါ။ ရွာလေးမို့လို့ဆိုပြီး မျက်နှာမလွှဲကြပါနဲ့ဗျာ”လို့ အိစိကွေးက ပြောထားပါတယ်။
သရုပ်ဆောင် အိစိကွေးကိုတော့ ကလေးသရုပ်ဆောင် ဘဝကတည်းက ပရိသတ်တွေ အားပေးခဲ့ကြပြီး၊ ယခုကာလအတွင်းမှာလည်း အိစိကွေးဟာ ပြည်သူနဲ့အတူ တသားတည်း ရပ်တည်နေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
ကင်းမရွာအတွက် သရဖူ ရောင်းပြီး လှူမယ့် အလှမယ် ယမုံ
စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး