ယနေ့၊ ဇွန်လ ၁၉ ရက်နေ့ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ တနိုင်ငံလုံးက ပြည်သူများက နေအိမ် အကျယ်ချုပ် ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လွတ်မြောက်ရေးအတွက် “ပန်းသပိတ်” ကျင်းပ နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ပြည်သူများ၊ အနုပညာရှင်များက လူမှုကွန်ရက်ကနေ မွေးနေ့ဆုတောင်းများ အသီးသီး ဆုတောင်းပေးထားကြပြီး၊ ဒီနှစ် မွေးနေ့က မပျော်ရွှင်ရတဲ့ မွေးနေ့ ဖြစ်ခဲ့တယ်လို့ အဆိုတော် သျှီက ဆိုပါတယ်။
“အမေ ၇၆ နှစ် ပြည့်ခဲ့ပြန်ပေါ့။ ဒီနှစ်မွေးနေ့ကတော့ မပျော်ရွှင်ရတဲ့ မွေးနေ့ ဖြစ်ခဲ့တယ် အမေ။ အမေ့ ပြည်သူတွေအတွက် အမေစိတ်ပူနေမှာ သေချာပေမယ့် အိပ်နိုးချမ်းသာဘဝကို အမေကြိုးစား တည်ဆောက်နေနိုင်ပါစေ”

“အဝေးမှာ အမေ၊ အမေနဲ့ အဝေးမှာ အမေ့ပြည်သူတွေ အကွာအဝေးဟာ ခြားနားပေမယ့် ချစ်ခြင်းဟာတသားတည်းဖြစ်ကြောင်း ကမ္ဘာကတောင် မြင်နေသိနေပါပြီ အမေ။ မကြာခင်မှာ အရေးတော်ပုံကြီး အောင်မြင်ပြီး အမေနဲ့ အမေ့ပြည်သူတွေ သေချာပေါက် ပျော်ရဦးမှာပါ အမေ”လို့ သျှီက ဆိုပါတယ်။
နောက်နှစ် ၇၇ နှစ်ပြည့် မွေးနေ့မှာတော့ ပျော်ရွှင်စရာ မွေးနေ့ကို အားလုံးနဲ့အတူ ကျင်းပကြရဦးမှာပါလို့ သျှီက ဆိုပါတယ်။

“နောင်နှစ်ခါ ၇၇ နှစ်ပြည့် မွေးနေ့မှာ ပျော်ရွှင်စရာ မွေးနေ့ကိုလည်း အားလုံးက အမေနဲ့အတူ ကျင်းပကြရဦးမှာပါ။ အမေရေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေ။ ကိုယ်ဆင်းရဲ ကင်းပါစေ။ စိတ်ဆင်းရဲ ကင်းပါစေ။ ကိုယ်စိတ်နှဖြာ ချမ်းသာစွာနဲ့ အမေ့ရဲ့ ခန္ဓာဝန်ကို ကောင်းစွာ ဆောင်ရွက် စောင့်ရှောက်နိုင်ပါစေ”
“ကောင်းကျိုးလိုအင် ဆန္ဒများလည်း ပြည့်ဝ ပိုင်ဆိုင်နိုင်ပါစေ။ ချမ်းသာပါစေ။ အေးငြိမ်းပါစေ။ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေ။ မေတ္တာဖြင့် သမီး သျှီ”လို့ သျှီက ဆုတောင်းပေးထားပါတယ်။
You may also like these stories:
ဆောက်လုပ်ရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်၍ လုပ်သား ၅ သိန်းကျော် အလုပ်လက်မဲ့ဖြစ်
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ
အာဏာသိမ်းမှု ၃ လအတွင်း စစ်ကောင်စီလက်ချက်ဖြင့် ကလေးသူငယ် ၇၃ ဦးမက သေဆုံးခဲ့