ကွန်ပျူတာ၊ ဖုန်း စတာတွေနဲ့ တနေ့တာပတ်လုံး အသုံးပြုနေရတဲ့ မျက်လုံးတွေဟာ အချိန်ကြာလာတာနဲ့အမျှ ညောင်းညာနွမ်းနယ်လာတာမျိုးနဲ့ အမြင်အာရုံ မကြည်လင်တာမျိုး ဖြစ်ပေါ်တတ်ပါတယ်။ အခု ဖော်ပြပေးမယ့် မျက်လုံး လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် အမြင်အာရုံတွေကို ကြည်လင်စေမှာဖြစ်တဲ့အပြင် မျက်လုံးညောင်းညာမှုတွေကိုပါ သက်သာစေမှာ ဖြစ်ပါတယ်။
(၁) မျက်လုံးကို ၅ စက္ကန့်လောက် အတတ်နိုင်ဆုံး ပြူးနိုင်သလောက် ပြူးထားတဲ့ မျက်လံုံး လေ့ကျင့်ခန်းကို ၈ ကြိမ်ကနေ ၁၀ ကြိမ်လောက်အထိ ပြုလုပ်ပေးခြင်းဟာ မျက်လုံးကြွက်သားတွေကို သန်မာစေတဲ့အပြင် သွေးလှည့်ပတ်မှုကိုပါ ကောင်းမွန်စေနိုင်ပါတယ်။
(၂) လက်ဖဝါးနှစ်ဖက်ကို ပူအောင် ခပ်ကြာကြာပွတ်ပေးပြီး မျက်လုံးတွေပေါ်မှာ မိနစ်အနည်းငယ်ခန့် ဖိကပ်ပေးခြင်းဟာ ညောင်းညာနေတဲ့ မျက်လုံးတွေကို အညောင်းအညာ ပြေစေပါတယ်။
(၃) မျက်လုံးကို ၅ စက္ကန့်လောက်ထိ ခပ်တင်းတင်းပိတ်ထားပြီးမှ ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်တဲ့ လေ့ကျင့်ခန်းကို ၁၀ ကြိမ်လောက်ထိ ပြုလုပ်ပေးသင့်ပါတယ်။
(၄) မျက်လုံးအတွင်းက မျက်ဆန်ကို စက်ဝိုင်းပုံသဏ္ဍာန် ဘယ်ဘက်ခြမ်းတကြိမ်၊ ညာဘက်ခြမ်းတကြိမ် နာရီလက်တံပုံစံအတိုင်း လှည့်ပေးခြင်းအားဖြင့် မျက်လုံးညောင်းညာမှုကို ပြေပျောက်စေနိုင်ပါတယ်။
(၅) မျက်စိကျန်းမာရေးဆိုင်ရာ ဆေးပညာရှင်တွေရဲ့ အကြံပြုချက်တွေအရ မျက်လုံးကို တနေ့ ၂ ကြိမ်ခန့် ရေသန့်ခပ်အေးအေးနဲ့ ဆေးပေးသင့်တယ်လို့ သိရပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ရာသီဥတုကြောင့် မျက်လုံးပူခြင်း၊ မျက်စိနာခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
(၆) မျက်လံုံးအတွင်းက မျက်ဆန်ကို တတ်နိုင်သလောက် ဘယ်ဘက်ထောင့်ကို ကပ်ပါ၊ အဲဒီအတိုင်း ၅ စက္ကန့်လောက်ထိ နေပေးပြီးမှ မျက်ဆန်ကို ညာဘက်ထောင့်ဆီ ကပ်ပေးပါ။ ပြီးရင်တော့ အလယ်တည့်တည့်ကြည့်ပြီး သက်သောင့်သက်သာ အနေအထားနဲ့ ပြန်နေပေးပါ။ ဒီလေ့ကျင့်ခန်းဟာဆိုရင် ညောင်းညာနေတဲ့ မျက်လုံးကြွက်သားတွေကို သိသိသာသာ ပြေလျော့စေမှာ ဖြစ်ပါတယ်။
Ref : brightside.me