Health

နေ့စဉ် တာရှည်ခံအသားနဲ့ အနီရောင်အသား စားသူတွေမှာ အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ပိုများ

တာရှည်ခံအသားနဲ့ ဝက်အူချောင်း အနည်းငယ် နေ့စဉ် စားမိရုံနဲ့တင် အူမကြီးကင်ဆာအပြင် ဆက်စပ်နေတဲ့ အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါတွေပါ ဖြစ်နိုင်ချေများတယ်ဆိုတဲ့ လေ့လာချက်အသစ်ကို The International Journal of Epidemiology မှာ ဖော်ပြထားပါတယ်။

ပြုပြင်ဖန်တီးထားတဲ့ တာရှည်ခံအသားနဲ့ အနီရောင်အသား တနေ့ကို ၇၆ ဂရမ်လောက် စားခဲ့ရင် ရေရှည်မှာ အူမကြီးကင်ဆာဖြစ်နိုင်ချေ တခြားသူတွေ ထက် ၂၀ ရာခိုင်နှုန်းကျော် ပိုများတယ်လို့ ဆိုပါတယ်။

တာရှည်ခံဆိုတဲ့နေရာမှာ အသင့်စား ဝက်အူချောင်း၊ ဝက်ဆားနယ်ခြောက်တွေက အဆိုးဆုံးဖြစ်ပြီး တနေ့ကို ၂၅ ဂရမ် စားရုံလောက်နဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းရှိပြီး အနီရောင်အသားတွေကတော့ တနေ့ကို ၅၀ ဂရမ်စားမယ်ဆိုရင် အူမကြီးကင်ဆာဖြစ်နိုင်ချေ ၁၉ ရာခိုင်နှုန်းလောက် သာမန်သူတွေထက် ပိုများလာနိုင်တယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

“တာရှည်ခံအသားတွေဟာ နည်းနည်းလေး စားမိရုံနဲ့ အနီရောင်အသားတွေထက် အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ပိုများစေတာ တွေ့ခဲ့ရတယ်” လို့ လေ့လာချက်မှာ ပါဝင်ခဲ့တဲ့ အောက်စဖို့ဒ်တက္ကသိုလ်၊ ကင်ဆာရောဂါကာကွယ်ရေးယူနစ်မှ လက်ထောက်ဒါရိုက်တာ ပရော်ဖက်ဆာ Tim Key က ဆိုပါတယ်။

ယူကေ အမျိုးသားကျန်းမာရေးအဖွဲ့ကြီး (NHS) ရဲ့ ထုတ်ပြန်ချက်မှာလည်း လူတဦးဟာ တာရှည်ခံအောင်လုပ်ထားတဲ့ ဝက်ဆားနယ်ခြောက်တချပ်မှာ ပြုပြင်ဖန်တီးထားတဲ့ အသား ၂၃ ဂရမ် ပါပြီး ၈ အောင်စရှိတဲ့ အသားပြား တချပ်မှာ အနီရောင်အသား ၁၆၃ ဂရမ်ပါဝင်တယ်လို့ ဆိုပါတယ်။

အခုလေ့လာရေးကို တစိတ်တပိုင်း ထောက်ပံ့ပေးထားတဲ့ ဗြိတိသျှကင်ဆာ သုတေသနအဖွဲ့က တာရှည်ခံအသားတွေနဲ့ အနီရောင်အသားတွေကို နေ့စဉ် ၉၀ ဂရမ်ကျော်လောက် စားနေခဲ့ရင် ၇၀ ဂရမ်လောက်ပဲ စားနိုင်အောင် လျော့ချသင့်တယ်လို့ အကြံပြုပါတယ်။

လေ့လာချက်အသစ်မှာ ဖော်ပြထားတဲ့ ရလဒ်အတွက် သုတေသီတွေဟာ အသက် ၄၀ မှ ၆၉ နှစ်အတွင်းရှိတဲ့ ဗြိတိန်လူမျိုး ၅ သိန်းလောက်ရဲ့ စားသောက်မှုပုံစံကို ၅ နှစ်ကျော်ကြာအောင် လေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီ ၅ နှစ်အတွင်းမှာ လေ့လာခဲ့သူတွေထဲက ၂၅၀၀ ကျော်ဟာ အူမကြီးကင်ဆာ ခံစားခဲ့ရပါတယ်။

ယခုလေ့လာချက်အသစ်ဟာ တာရှည်ခံအသားတွေနဲ့ အနီရောင်အသားတွေဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ဆက်စပ်နေကြောင်း သက်သေ သာဓကပေါင်းများစွာ ပြသနိုင်ခဲ့ပါတယ်။ “ကျနော်တို့ရဲ့ ရလဒ်က အရမ်းကို ခိုင်မာပါတယ်။ တပတ်ကို တာရှည်ခံအသားနဲ့ အနီရောင်အသား ၄ ကြိမ်အထက် စားသူတွေဟာ ၂ ကြိမ်လောက်ပဲ စားသူတွေထက် အူမကြီးကင်ဆာဖြစ်နိုင်ချေ အရမ်းများပါတယ်”လို့ Key က ဆိုပါတယ်။

အရင် ၁၉၉၀ ပြည့်နှစ်တုန်းက လေ့လာချက်နဲ့ ပတ်သက်ပြီးတော့လည်း “၁၉၉၀ နောက်ပိုင်းမှာ စားသောက်မှု ပုံစံတွေက ပြောင်းလဲသွားလို့ အခုလေ့လာချက် အသစ်မှာ ဒီနေ့ခေတ် အသားစားသုံးမှုနဲ့ ဆက်စပ်နေတဲ့ နောက်ထပ် သက်သေတွေရအောင် ထပ်လေ့လာခဲ့ရတယ်”လို့ Key က ဆိုပါတယ်။

အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ပိုများစေတဲ့ နောက်ထပ်တချက်ကတော့ အရက်ကြောင့်လို့ အဆိုပါလေ့လာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အူမကြီးနဲ့ စအိုကင်ဆာ ဖြစ်နိုင်ချေ လျော့ချပေးနိုင်တာတွေကတော့ ပေါင်မုန့်မှာပါတဲ့ အမျှင်ဓာတ်တွေနဲ့ မနက်စာအဖြစ် စားကြတဲ့ Cerealက အကောင်းဆုံးပါလို့ ဆိုပါတယ်။

အူမကြီးကင်ဆာဟာ အမေရိကန်နိုင်ငံမှာ တတိယမြောက် အဖြစ်အများဆုံး ရောဂါဖြစ်နေပြီး ဗြိတိန်မှာလည်း အဖြစ်အများဆုံး တတိယနေရာမှာ ရှိနေပါတယ်။ ဒါကြောင့် အာဟာရပညာရှင်တွေက တပတ်ကို အသား များများစားတာ လျှော့ပြီး ငါး၊ ကြက်သား၊ အသီးအရွက်တွေ တလှည့်စီ စားကြဖို့ အကြံပြုထားပါတယ်။

Ref: CNN

Loading