အူမကြီးကင်ဆာရောဂါ ဝေဒနာကို ခံစားနေရတဲ့ ဒါရိုက်တာ မိုက်တီးကတော့ လက်ရှိအချိန်မှာ ကင်ဆာဆေးသွင်းနေရတာ ၇ ကြိမ်ရှိပြီလို့ သိရပါတယ်။
“ကျန်းမာရေးကတော့ ကင်ဆာဆေး သွင်းထားတာ ၇ ကြိမ် ရှိပြီ။ အခုတော့ ဆေးသွင်းတာ ခဏရပ်ထားပြီးတော့ ဆေးစားနေတယ်။ နည်းနည်းတော့ သက်သာလာပါပြီ။ ကျန်းမာရေးကတော့ အရင်ထက်စာရင်တော့ ပိုပိုပြီး တိုးတက်လာပါတယ်။ စိုးရိမ်စရာ အခြေအနေ သိပ်မရှိတော့ပါဘူး”လို့ ဒါရိုက်တာ မိုက်တီးက ပြောပါတယ်။
အဆိုပါ အူမကြီးခံစားနေရတာကြောင့် အချုပ်ထဲမှ အာမခံဖြင့် လွတ်မြောက်ကာ တရားရင်ဆိုင်နေရတာဖြစ်ပြီး အခု လက်ရှိအချိန်မှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီလို့ သိရပါတယ်။
မကြာခင်ရက်ပိုင်းမှာလည်း ဒါရိုက်တာ မိုက်တီး ရိုက်ကူးထားတဲ့ “မြန်မာပေါကားတွေ ရပ်” ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသတော့မှာဖြစ်ပြီး အဲဒီအတွက်လည်း ရင်တုန်နေတယ်လို့ ဆိုပါတယ်။
“ရုံတင်ရင် ရင်တုန်ရတာပေါ့။ ကိုယ်လုပ်ထားတာလေးတွေမှာ ပရိသတ်ရင်ထဲ ရောက်ပါ့မလား စိတ်ထဲ ဝင်ပါ့လား၊ ကိုယ်ပျော်စေချင်သလို သူတို့ပျော်ပါ့မလားဆိုတာကို ရင်တုန်တယ်”လို့ ဒါရိုက်တာ မိုက်တီးက ပြောပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ ရုပ်ရှင်ကားနာမည်ကို ပရိသတ်တွေက ဝေဖန်ခဲ့ကြပြီး နာမည်ပေးဖြစ်တဲ့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“ဝေဖန်တာနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးတော့လည်း များများစားစား မဟုတ်ပါဘူး။ အဲဒါကလည်း ခဏခဏဖြစ်နေပြီ။ အများကြီးလည်း ဖြစ်နေပြီ။ ကြာလည်းကြာပြီဆိုတော့ စိတ်ထဲ မထားတော့ပါဘူး။ ကိုယ်လုပ်စရာရှိတဲ့အလုပ်ပဲ အကောင်းဆုံးဖြစ်အောင် လုပ်တာပါ။ ဒီကားနာမည်ကလည်း တု့ိတွေက အခု ရိုက်ထားတာ ရုပ်ရှင်လောကအကြောင်းကိုပဲ ရိုက်ထားတာ။ ရိုက်ဖို့ရေး နေတုန်းမှာပဲ မြန်မာပေါကားတွေရပ် ဆိုတဲ့ စကားကလည်း ခေတ်စားလာတော့ အဲဒါလေးကို ယူသုံးလိုက်တာ”လို့ ဒါရိုက်တာ မိုက်တီးက ပြောပါတယ်။
ရုပ်ရှင်ဇာတ်ကားထဲမှာလည်း မြန်မာနိုင်ငံရဲ့ နာမည်ကြီး သရုပ်ဆောင် မင်းသား၊ မင်းသမီးများ၊ ဟာသ သရုပ်ဆောင်များစွာ ပါရှိတာကိုလည်း တွေ့ရပါတယ်။
“ဒီထဲမှာပါတဲ့ မင်းသား၊ မင်းသမီးတွေအကုန်လုံးက ကိုမိုက်တို့ မိသားစုနဲ့ အရမ်းရင်းနှီးတဲ့သူတွေချည်းပဲ။ သူများတွေဆိုရင်တောင် ဒီလောက် လုပ်နိုင်ဖို့ရာ မလွယ်ဘူးလေ။ ငွေရေးကြေးရေးအရလည်း မလွယ်ဘူး။ လူစုဖို့ကိုလည်း မလွယ်ဘူး။ အားလုံးနဲ့လည်း မိသားစုလို ဖြစ်နေတော့ ဝိုင်းကူကြတာပေါ့”လို့ မိုက်တီးက ဆိုပါတယ်။
၂၀၁၇ ခုနှစ်က ရိုက်ကူးခဲ့တဲ့ အဆိုပါရုပ်ရှင် ဇာတ်ကားကတော့ ၃ နှစ်နီးပါးအကြာ ၂၀၂၀ မှာ ရုံတင် ပြသခွင့် ရခဲ့တာ ဖြစ်ပါတယ်။
“ဒီကားက ၂၀၁၇ က ရိုက်ထားတာဆိုတော့ ၃ နှစ်နီးပါး ရှိပြီ။ ရုံတင်တယ်ဆိုတာကတော့ ရုပ်ရှင်အစည်းအရုံး ရှိတယ်။ သူတို့က ရုံတင်တဲ့ စနစ်အတိုင်းပဲ တင်နေရတာဆိုတော့ အခုမှ တင်ရတယ်။ ဒါတောင် ကိုယ့်ထက် မတင်ရသေးတဲ့သူတွေတောင် ရှိသေးတယ်” လို့ ဒါရိုက်တာ မိုက်တီးက ပြောပါတယ်။
ဒါရိုက်တာ မိုက်တီးအနေနဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်တဲ့အတွက် မိသားစုဇာတ်လမ်းလေးတခု ရိုက်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
You may also like these stories:
အရေပြား ပြဿနာတွေ ကြုံတွေ့ရတဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ
“ပျံကျကူလီ” ဇာတ်ကား ရိုက်ခဲ့တုန်းက အတွေ့အကြုံတွေအကြောင်း ပြောပြတဲ့ ဒါရိုက်တာ စတီးလ်
ဝါရင့် သရုပ်ဆောင် မင်းသမီးကြီး ခင်သီတာထွန်းနှင့် တွေ့ဆုံခြင်း