လာဘ်စားမှုဖြင့် ထောင် ၅ နှစ် ချခံထားရသော ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ကျန်းမာရေး အခြေအနေကြောင့် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်ထားလိုက်ကြောင်း ဧရာဝတီသတင်းရင်းမြစ်များထံမှ သိရသည်။
ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီး တာဝန်ယူစဉ်က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးကိစ္စ လာဘ် ငွေယူခြင်းနှင့် ဝန်ကြီးဌာန သက်သာရန်ပုံငွေများအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်း မရှိသဖြင့် စစ်တရားရုံးဖြင့် စစ်ဆေးကာ နိုဝင်ဘာ ၁၀ ရက်က ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။
ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရပြီး ၂၀၂၃ ခု ဒီဇင်ဘာကုန်ပိုင်းတွင် နေပြည်တော်အကျဉ်းထောင်မှ တောင်ငူထောင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ကျန်းမာရေးအခြေအနေ မကောင်းသည့်အတွက် မကြာသေးမီရက်ပိုင်းက နေအိမ်အကျယ်ချုပ်ဖြင့် ပြန်ထားရန် စစ်ကောင်စီက အမိန့်ချလိုက်ခြင်းဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီးဟောင်းစိုးထွဋ်၏ ကျန်းမာရေးအခြေအနေကိုသိသော ဧရာဝတီသတင်းရင်းမြစ်တဦးက” အူမကြီး ကင်ဆာ ဖြစ်တာ နောက်ကျမှ သိတာလည်းပါတယ်။ ထောင်ထဲမှာဖြစ်တော့ ကျန်းမာရေး အခြေအနေ တော်တော်လေး မကောင်း ဘူးကြားတယ်” ဟု ဆိုသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုယ်ပွားဟု တင်စားခံရသော ဒုဗိုလ်ချုပ်ကြီးဟောင်းစိုးထွဋ်သည် ၂၀၂၁ အာဏာသိမ်းမှုတွင် အဓိကပါဝင်ခဲ့သူဖြစ်ပြီး ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့အား အင်းစိန်ထောင်တွင်း ကြိုးပေး ကွပ်မျက် ရာတွင် အနီးကပ် ကြီးကြပ်ခဲ့သူဖြစ်သည်။
၂၀၂၀ ခုနှစ်က ပြည်ထဲရေးဝန်ကြီးဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်မှာ ၂၀၂၃၊ ဖေဖော်ဝါရီ၌ ဒုတိယဝန်ကြီးချုပ် တာဝန် ခန့်အပ်ခံခဲ့ရသည် နောက်ပိုင်းတွင် ကျန်းမာရေးနှင့်ပတ်သက်၍ သတင်းများ ထွက်လာပြီးနောက် သြဂုတ်တွင် ပြည်ထဲရေး ဝန်ကြီးမှ အနားပေးကာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ၁ သို့ ပြောင်းလဲခန့်အပ် ခံခဲ့ရသည်။
ထို့နောက် ၂၀၂၃၊ စက်တင်ဘာ ၂၅ ရက်တွင် အရပ်ဘက်ရာထူးများမှ အနားပေး၍ စစ်ဘက်တာဝန်များ ပြည်လည် ထမ်းဆောင်စေခဲ့ပြီးနောက် ယခုအခါ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည် စစ်ဘက်တွင် တောင်ပိုင်းတိုင်းတိုင်းမှူး၊ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကိုယ်ပွားဟု တင်စားခံရသူလည်း ဖြစ်သည်။ စစ်တပ် အာဏာသိမ်းသည့်ညက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား သွားရောက် ဖမ်းဆီးရာတွင် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ရဲမှူးချုပ် ကျော်စိုးဝင်းတို့ ပါဝင်ခဲ့သည်။
You may also like these stories:
ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အဂတိမှုဖြင့် စစ်ဆေးနေ
ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော
ဗိုလ်ချုပ်ဟောင်းတို့အပေါ် အရေးယူရာ၌ ပွင့်လင်းမြင်သာမှု မရှိဟု အများဝေဖန်
စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်
ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ














