စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် မြန်မာ ယူ – ၂၃ ဘောလုံး အသင်းက အင်ဒိုနီးရှား အသင်းအား ဂိုးပြတ်အနိုင်ယူပြီး ၂၇ ကြိမ်မြောက် ဆီးဂိမ်းရှုံးကြွေးကို ပြန်ဆပ် လိုက်သည်။
ဆီဂိမ်းပြိုင်ပွဲ အုပ်စု ပထမပွဲစဉ်အဖြစ် ဇွန်လ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာတွင် မြန်မာအသင်းက ၄ ဂိုး-၂ ဂိုး ဖြင့် အင်ဒိုနီးရှားအသင်း ကို အနိုင်ယူ၍ ပွဲဦးထွက် အမှတ်ပြည့် ရယူနိုင်ခဲ့သည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စု နောက်ဆုံး ပွဲစဉ်တွင် မြန်မာ အသင်းက အင်ဒိုနီးရှားအသင်းကို ရှုံးနှိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ယူ -၂၃ အသင်းနည်ပြချုပ် ဦးကြည်လွင်က“ကျနော်တို့ ဒီနေ့နိုင်ပွဲက ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ရာနှုန်းပြည့် ပါဝင်ပါတယ်”ဟု ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ခြေစွမ်းအသာဖြင့် ဦးဆောင် ကစားခဲ့ပြီး ပထမပိုင်းတွင် ရှိုင်းသူရနှင့် စည်သူအောင်တို့၏ သွင်းဂိုးများ၊ ဒုတိယပိုင်တွင်း စည်သူအောင်နှင့် ကျော်ဇင်လွင်တို့၏ အနိုင်ဂိုးများဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် အားကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းက “အင်ဒိုက ကျနော့်လက်ထက်ကတည်းက ကစားရခက်တဲ့ အသင်း ပါ။ မနိုင်တာလဲ ကြာပြီ၊ အခု ခြေစွမ်းရော ဂိုးရော အသာနဲ့ အနိုင်ယူလိုက်တာ ကျေနပ်စရာပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
အုပ်စု ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် စင်ကာပူ အသင်းနှင့် ဇွန် ၄ ရက်တွင် ကစားရမည်ဖြစ်ပြီး မြန်မာအသင်း အနေဖြင့် ထပ်မံ အနိုင် ယူ ကျော်ဖြတ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း ဦးမျိုးလှိုင်ဝင်းက ဆိုသည်။
ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(က)တွင် အိမ်ရှင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် အသင်းတို့နှင့် တအုပ်စုတည်း ကျရောက်နေပြီး အုပ်စု တတိယပွဲစဉ်အဖြစ် ကမ္ဘောဒီးယားနှင့် လည်းကောင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဖိလစ် ပိုင်နှင့်လည်းကောင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အိမ်ရှင်စင်ကာပူနှင့် ပွဲစဉ်တွင် မြန်မာပရိသတ်များ အနေဖြင့် လက်မှတ်ခွဲတမ်း တထောင်ခန့်သာ ရရှိမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနှင့် ပွဲစဉ်တွင် ပရိသတ် ၃၀၀၀ ခန့် လာရောက် အားပေးခဲ့ကြောင်း သိရသည်။













