နိုင်ငံရပ်ခြား ခရီး (သို့မဟုတ်) ရက်ရှည် ခရီးတခုခု သွားမယ်ဆိုရင် မိမိရဲ့ တကိုယ်ရည်သုံး ပစ္စည်းတွေအပြင် “First Aid Kit” လို့ ခေါ်တဲ့ ဆေးပစ္စည်းတွေ ပါဝင်တဲ့ ကျန်မာရေးဆေးအိတ် သယ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လည်း ခရီးထွက်တဲ့အခါမှာ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ယူဆောင် သွားသင့်ပါတယ်။
ခရီးသွားရင်း ဖြစ်လာတတ်တဲ့ အသေးစား ဒဏ်ရာတွေအတွက်လည်း လိုအပ်တဲ့ ဆေးဝါးနဲ့ ပစ္စည်းကိရိယာတွေကို First Aid Kit ထဲထည့်ပြီး မဖြစ်မနေ ယူဆောင်သွားသင့်ပါတယ်။ ခရီးသွားတဲ့အခါ လိုအပ်တဲ့ ဆေးနဲ့ ပစ္စည်းကိရိယာတွေ စုံစုံလင်လင် ယူသွားခြင်းက အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။ အထူးသဖြင့် ခြေလျင် ခရီးသွားသူတွေနဲ့ တောင်တက်ခရီးသွားသူတွေအဖို့ လမ်းခရီးမှာ အသုံးပြုနိုင်မယ့် ဆေးပစ္စည်းတွေ လုံလုံလောက်လောက် ယူဆောင်သွားသင့်ပါတယ်။
(၁) ဆေးဝါးတွေ သယ်ဆောင်သွားပါ
နိုင်ငံ တနိုင်ငံကနေ တနိုင်ငံကို ခရီးသွားတဲ့အခါ ပထမဆုံးကြုံတွေ့ရလေ့ ရှိတဲ့ အခက်အခဲကတော့ အစား အသောက် မတူတာပါပဲ။ အစားအသောက် မတူတဲ့အတွက် တချို့သူတွေဟာ ခန္ဓာကိုယ်မှာ အဖုအပိန့် တွေ ထွက်တတ်ကြပါတယ်။ ဒီလို အဖုအပိန့်တွေ ထွက်လာရခြင်းရဲ့ အကြောင်းအရင်းကတော့ ဓာတ်မတည့်လို့ပါ။
ဒါကြောင့်လည်း ဒီလို ဓာတ်မတည့်တဲ့ ရောဂါမျိုးဖြစ်လာတဲ့ အခါ သောက်သုံးဖို့ ဆေးအဆင့်သင့် ရှိနေသင့်ပါတယ်။ ဓာတ်မတည့်လို့ ဖြစ်လာတဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဆေးပြားတွေကိုလည်း ဆောင်သွားသင့်ပါတယ်။ မိမိက အစားအသောက် အချို့နဲ့ ဓာတ်မတည့်ရောဂါ ရှိသူဆိုရင် မိမိသုံးစွဲနေကျ ဆေးတွေကိုလည်း မမေ့မလျော့ ထည့်သွားသင့်ပါတယ်။
(၂) ဒစ်ဂျစ်တယ် အပူတိုင်း ကိရိယာ
နောက်ထပ် ယူဆောင်သွားသင့်တဲ့ ပစ္စည်းကတော့ ဒစ်ဂျစ်တယ် အပူချိန်တိုင်း ကိရိယာပါ။ ဒစ်ဂျစ်တယ် အပူချိန်တိုင်း ကိရိယာက ဖျားနာနေတဲ့ အခါမျိုးမှာ ကောင်းကောင် းအကူအညီပေးနိုင်တဲ့ ပစ္စည်းတမျိုးပါ။ အထူးသဖြင့်တော့ သွေးလွန်တုပ်ကွေးရောဂါ ရှိနိုင်တဲ့အရပ်တွေမှာ ဒီပစ္စည်းက ပိုအသုံးဝင်တတ်ပါတယ်။
နောက်ထပ် လိုအပ်တဲ့ ပစ္စည်းကတော့ ပတ်တီး ဒါမှမဟုတ် အနာကပ် ပလာစတာပါ။ အသေးစား ထိခိုက်မှုမျိုးတွေအတွက် ပလာစတာက ကောင်းကောင်း အသုံးဝင်ပါတယ်။ ပါရာစီတီမောလို ဆေးပြားတွေကတော့ သာမန် အဖျားရောဂါတွေအတွက် အသုံးဝင်ပါတယ်။
(၃) အကိုက်အခဲပျောက်ဆေး
လမ်းလျှောက်ခရီး သွားသူတွေပဲဖြစ်ဖြစ်၊ တောင်တက်ခရီးသွားသူတွေပဲဖြစ်ဖြစ်၊ သာမန် ခရီးသွားတွေပဲ ဖြစ်ဖြစ် ခြေကျင်းဝတ်တွေ ရောင်ရမ်းလာလေ့ ရှိတတ်ပါတယ်။ ခြေကျင်းဝတ်တွေ ရောင်ရမ်းလာတဲ့အခါ သောက်ဖို့ အကောင်းဆုံးဆေးတွေကတော့ Ibuprofen၊ Motrin နဲ့ Advil လို ဆေးပြားတွေပါ။ ဒါကြောင့် ခရီးထွက်တဲ့အခါမျိုးမှာ ဒီလိုဆေးပြားတွေကို ယူဆောင်သွားသင့် ပါတယ်။ ဒီဆေးတွေဟာ အကိုက်အခဲပျောက်ဆေး အမျိုးအစားတွေ ဖြစ်တဲ့အတွက် ကျောနာတာနဲ့ သွားကိုက်တာတွေအတွက်လည်း အထူး ကောင်းမွန်ပါတယ်။
(၄) ဝမ်းပျက်၊ ဝမ်းလျှော သတိထားပါ
ခရီးထွက်တဲ့အခါ နောက်ထပ် ယူသွားသင့်တဲ့ ဆေးကတော့ ဝမ်းပျက်ရောဂါကို အကာအကွယ်ပေးမယ့် ဆေးပါပဲ။ အထူးသဖြင့်ကတော့ အာရှလိုနေရာမျိုးတွေကို ခရီးထွက်ရင် ဒီဆေးက တကယ်ကို အရေးကြီးပါတယ်။ ဝမ်းပျက်တဲ့ရောဂါကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ Loperamide နဲ့ Imodium က အကောင်းဆုံးပါ။
ဝမ်းပျက်တဲ့ရောဂါဟာ အစားအသောက်မှာပါဝင်တဲ့ ဘက်တီးရီး ယားပိုးတွေကြောင့် ဖြစ်ရတဲ့အတွက် အစားအသောက်ကိုလည်း ဆင်ဆင်ခြင်ခြင် စားသောက်သင့်ပါတယ်။ ဘက်တီးရီးယားတွေကို ကာကွယ်ဖို့ အတွက်ဆိုရင် အကာအကွယ်ပေးတဲ့ လိမ်းဆေးတွေကိုလည်း လိမ်းကျံထားသင့်ပါတယ်။ ဒါမှသာ ရောဂါကြီးကြီးမားမား ကျရောက်မယ့်ဘေးက ကြိုတင် ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။
(၅) လက်တွေကို သန့်ရှင်းအောင်ထားပါ
နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ လက်တွေကို သန့်ရှင်းအောင်ထားဖို့ပါ။ ဒဏ်ရာ တခုခုကို ကိုင်တွယ်တော့မယ်ဆိုရင် လက်တွေကို သန့်ရှင်းအောင် အရင်ဆုံးပြုလုပ်ထားသင့်ပါတယ်။ အိမ်သာသွားပြီးတိုင်းလည်း ဆပ်ပြာနဲ့ လက်တွေကို သန့်ရှင်းအောင် ဆေးကြောသင့်ပါတယ်။
ခရီးသွားတဲ့အခါမှာ ပိုက်ဆံကအရေးကြီးသလို ဆေးပစ္စည်းတွေကလည်း အလားတူ အရေးကြီးပါတယ်။ ပိုက်ဆံကို ကိုယ့်အနီးအနားမှာထားလေ့ ရှိသလို ဆေးပစ္စည်းတွေကိုလည်း ကိုယ့်အနီးမှာ ထားသင့်ပါတယ်။
Ref: TripSavvy & SouthEastAsiaBackpacker
You may also like these stories:
အရက်နာကျခြင်းကို ကုသပေးနိုင်မယ့် အစားအသောက်များ
ပန်ကရိယကို အားဖြစ်စေမယ့် အစားအစာများ
မိုးရာသီမှာ ခရီးသွားမယ်ဆို သိထားသင့်တဲ့အချက် ၇ ချက်