အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ခရီးသွားလုပ်ငန်းမှာ ထိုင်းနိုင်ငံ ၊ ဗီယက်နမ်နိုင်ငံနည်းတူ အောင်မြင် နေတဲ့နိုင်ငံ ကတော့ မလေးရှားနိုင်ငံပါပဲ။ မလေးရှားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အစီရင်ခံစာအရဆိုရင်တော့ ၂၀၁၉ ခုနှစ်မှာ နိုင်ငံတကာကခရီးသွားဧည့်သည်တွေ မလေးရှားနိုင်ငံကို အရင်ကထက်ပိုပြီး လာရောက်လည်ပတ်လာကြတယ်လို့ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လတာကာလအတွင်း မလေးရှားနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်အရေအတွက်က သန်း ၂၀ ရှိခဲ့တယ်လို့ အစီရင်ခံစာ မှာဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ်ထက် ၃ ဒဿမ ၇ ရာခိုင်နှုန်းတိုးလာပါတယ်။
မလေးရှားနိုင်ငံရဲ့ ထူးခြားချက်ကတော့ တရုတ်ခရီးသွားတွေဟာ မလေးရှားခရီးသွားဈေးကွက်မှာ အဓိကနေရာက ရှိမနေတဲ့အချက်ပါပဲ။ အရှေ့တောင်အာရှနိုင်ငံအများစုရဲ့ ခရီးသွားဈေးကွက်မှာ တရုတ်နိုင်ငံသားတွေက အဓိက နေရာကရှိနေပါတယ်။ ထိုင်း ၊ မြန်မာ ၊ ကမ္ဘောဒီးယား ၊ လာအို စတဲ့ နိုင်ငံတွေကို အများဆုံးလာရောက် လည်ပတ်ကြတာ တရုတ်နိုင်ငံသားတွေပါပဲ။
မလေးရှားခရီးသွားဈေးကွက်မှာတော့ တရုတ်နိုင်ငံသားတွေထက် စင်ကာပူနိုင်ငံသားတွေက ပိုပြီး အဓိကကျ နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မလေးရှားနိုင်ငံကို အများဆုံး လာရောက်လည်ပတ်သူတွေက စင်ကာပူနိုင်ငံသား တွေဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။
၉ လတာကာလအတွင်း မလေးရှားနိုင်ငံကိုလာရောက်လည်ပတ်ခဲ့ကြတဲ့ စင်ကာပူနိုင်ငံသားအရေ အတွက်က ၇ သန်း ၈ သိန်းကျော်ရှိခဲ့ပါတယ်။ အတိအကျဖော်ပြရမယ်ဆိုရင်တော့ ၇,၈၆၈,၇၅၅ ယောက် ရှိခဲ့ပါတယ်။ ဒုတိယအများဆုံးလာရောက်လည်ပတ်ကြတာကတော့ အင်ဒိုနီးရှားနိုင်ငံ သားတွေဖြစ်ပြီး ၂ သန်း ၇ သိန်း ကျော် ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မလေးရှားခရီးသွားဈေးကွက်မှာ စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေက အဓိက နေရာက ရှိနေပါတယ်။
တရုတ်နိုင်ငံသားတွေကတော့ တတိယနေရာကရှိနေပြီး ၂ သန်း ၄ သိန်းကျော် လာရောက်ခဲ့ကြပါ တယ်။ မလေးရှားနိုင်ငံကို အများဆုံး လာရောက်လည်ပတ်ကြတာကတော့ အရှေ့တောင်အာရှ နဲ့ အာရှနိုင်ငံတွေကပါပဲ။
ဥရောပခရီးသွားတွေတော့ မလေးရှားနိုင်ငံကို အလာနည်းတာ တွေ့ရပါတယ်။ စင်ကာပူ ၊ အင်ဒိုနီးရှား နဲ့ တရုတ်နိုင်ငံပြီးရင် မလေးရှားနိုင်ငံကို အဓိကလာရောက်လည်ပတ် ကြတာကတော့ ထိုင်း ၊ ဘရူနိုင်း ၊ အိန္ဒိယ ၊ တောင်ကိုရီးယား ၊ ဗီယက်နမ် ၊ ဂျပန် နဲ့ ဖိလစ်ပိုင်နိုင်ငံ သားတွေပါပဲ။
အခုဖော်ပြခဲ့တဲ့ နိုင်ငံ ၁၀ နိုင်ငံကတော့ မလေးရှားနိုင်ငံကို အဓိကလာရောက်လည်ပတ်လေ့ရှိတဲ့ နိုင်ငံတွေပါပဲ။ ၂၀၁၈ ခုနှစ်ထက်စာရင် နိုင်ငံတကာခရီးသွား ဧည့်သည်တယောက်ချင်းစီရဲ့ အသုံး စရိတ်ကလည်း တိုးလာခဲ့ပါတယ်။ မလေးရှားနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည် တယောက်ချင်းစီရဲ့အသုံးစရိတ်က မလေးရှားရင်းဂစ် ၃၂၈၉ ဒဿမ ၉ (အမေရိကန်ဒေါ်လာ ၇၈၆) ရှိပါတယ်။ ခရီးသွားဧည့်သည်တွေအနေနဲ့ မလေးရှားနိုင်ငံမှာ ပျမ်းမျှ ၇ ည နေထိုင်လေ့ ရှိပါတယ်။
မလေးရှားခရီးသွားဈေးကွက်မှာ စင်ကာပူနိုင်ငံသားတွေက အဓိကပါပဲ။ ဒါကြောင့်လည်း မလေးရှား ရင်းဂစ် ၁၆ ဒဿမ ၃ ဘီလီယံကို မလေးရှားနိုင်ငံက စင်ကာပူနိုင်ငံသားတွေဆီကနေ ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေ ဆီကလည်း မလေးရှားရင်းဂစ် ၁၂ ဒဿမ ၈ ဘီလီယံရရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ မလေးရှားနိုင်ငံ ခရီးသွားလုပ်ငန်းတွေအနေနဲ့ အဓိကဝင်ငွေ ရရှိခဲ့တဲ့ နိုင်ငံ ၅ နိုင်ငံကတော့ စင်ကာပူ ၊ တရုတ် ၊ အင်ဒိုနီးရှား ၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံ တွေပါပဲ။
Ref:12go.asia
You may also like these stories:
ထိုင်းနိုင်ငံကို အများဆုံး လာရောက်လည်ပတ်ကြတဲ့ အာရှနိုင်ငံများ
ခရီးသွား အများအပြား ဝင်ရောက်လာဖို့ မလေးရှားနိုင်ငံ မျှော်မှန်းထား
ဓာတုပစ္စည်းများကြောင့် ငါးများ လိင်တူနေထိုင်မှု အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ မလေးရှားနိုင်ငံ