Qantas လေကြောင်းလိုင်းဟာ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှ လန်ဒန်မြို့နဲ့ နယူးယောက်မြို့တို့ကို မရပ်နားတမ်း ပျံသန်းမယ့် လေယာဉ်ခရီးစဉ်တွေကို စမ်းသပ်ပျံသန်းတော့မယ်လို့ သိရပါတယ်။
အခုလို စမ်းသပ်ပျံသန်းမှုဟာ လေပေါ်မှာ ၁၉ နာရီကြာမြင့်မယ့် ခရီးစဉ်တွေ လေယာဉ်ဝန်ထမ်းတွေနဲ့ ခရီးသည်တွေ အဆင်ပြေ၊ မပြေ သိရှိလိုတာကြောင့် စမ်းသပ်ပျံသန်းမှာဖြစ်ပြီး ခရီးသည် ၄၀ ပါဝင်တဲ့ လေယာဉ်ဟာ ဆစ်ဒနီကနေ လန်ဒန် (သို့မဟုတ်) နယူးယောက်ကို တိုက်ရိုက်ပျံသန်းမှာ ဖြစ်ပါတယ်။
ဒီလို စမ်းသပ်ပျံသန်းမှုတွေကို လာမယ့် အောက်တိုဘာလမှာ စတင်မှာ ဖြစ်ပြီး လိုက်ပါစီးနင်းမယ့် ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေဟာ ကျန်းမာရေး စစ်ဆေးမှုတွေ ခံရမှာ ဖြစ်ပြီး ခရီးသည်တွေရဲ့ အစားစားချိန်နဲ့ အိပ်ချိန်စတာ တွေကိုလည်း စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လေကြောင်းဆိုင်ရာ စီးပွားရေး အကဲဖြတ်သူ ဖြစ်တဲ့ Bjorn Fehrm က “တနိုင်ငံကနေ တနိုင်ငံကို သွားတဲ့ အခါ လေယာဉ်ပြောင်းပြီး စီးရတာက ပိုပြီး စိတ်ဖိအား ဖြစ်စေတယ်။ အခုလို ခရီးစဉ်တွေကို ခင်ဗျားတို့အနေနဲ့ သေချာကြိုတင် ပြင်ဆင်ထားမယ်ဆိုရင် အခက်တွေ့မှာ မဟုတ်ပါဘူး။ လေယာဉ်ပေါ်မှာ အိပ်ဖို့လည်း ထည့်ထားပေးမှာ ဖြစ်လို့ နောက်တနေ့ လေယာဉ်ပေါ်က ဆင်းတာနဲ့ လုပ်စရာရှိတာတွေကို လုပ်နိုင်ပြီပေါ့ ” လို့ CNN သတင်းဌာနကို ရှင်းပြပါတယ်။
Qantas လေကြောင်းလိုင်းဟာ ၂၀၁၈ ခုနှစ်ကလည်း ၁၇ နာရီကြာမြင့်တဲ့ တိုက်ရိုက်ခရီးစဉ် တခုကို မိတ်ဆက်ခဲ့ပြီး ကမ္ဘာ့အကြာမြင့်ဆုံး လေကြောင်းခရီးစဉ် ဖြစ်ခဲ့ပါသေးတယ်။ ကမ္ဘာမှာ နေ့စဉ်ပျံသန်းနေတဲ့ လေယာဉ်ပေါင်း ၂သောင်းကျော်ရှိတဲ့ အနက် လေကြောင်းခရီးစဉ် ၉ ခုလောက်ကသာ အခုလို ကြာမြင့်တဲ့ တိုက်ရိုက်ခရီးစဉ်တွေကို ပြေးဆွဲနေတာဖြစ်တယ်လို့ သိရပါတယ်။
Ref. CNN
You may also like these stories:
ကမ္ဘာ့ သက်တမ်းအကြာဆုံး လေကြောင်းလိုင်းများ
ထိုင်းလေကြောင်းလိုင်းတွေမှာ ၂၀၁၅ -၂၀၁၇ ထုတ် MacBook Pro ယူဆောင်ခွင့် ပိတ်ပင်
ကမ္ဘာတဝှမ်းက ထူးခြားတဲ့ လေဆိပ်လေးများ
အမေရိကန်နှင့် ကနေဒါတို့လည်း ဘိုးအင်း 737 Max ပျံသန်းခွင့်တားမြစ်