Travel

အမေရိကန်က ကမ္ဘာလှည့်ခရီးသည် လာရောက်မှု များပြားတဲ့ နေရာမှာ ပစ်ခတ်မှုဖြစ်ပွား

အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်က နယူးအော်လန်မြို့မှာရှိတဲ့ ကမ္ဘာလှည့်ခရီးသည် လည်ပတ်မှု များပြားတဲ့ နေရာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့သူတွေကို ဒေသဆေးရုံ ပို့ထားရပြီး ဒဏ်ရာရသူတွေထဲက ၂ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားဖြစ်နေတယ်လို့ နယူးအော်လန် ရဲဌာနက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာဟာ နယူးအော်လန်မြို့ရဲ့ ပြင်သစ်ရပ်ကွက်မှာဖြစ်ပြီး အဲဒီနေရာမှာ ဟိုတယ်နဲ့ လည်ပတ်စရာ များတာကြောင့် ခရီးသည်တွေ အဓိကထားပြီး လာရောက် လည်ပတ်လေ့ရှိတဲ့ နေရာဖြစ်ပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တရားခံကို ဖမ်းမိခြင်း မရှိသေးပေမယ့် ပစ်ခတ်မှုနဲ့ အနီးတဝိုက်မှာရှိတဲ့ လူတဦးကို မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုလည်း လုပ်နေတယ်လို့ ရဲမှူးက သတင်းထောက်တွေကို ပြောပါတယ်။ ပစ်ခတ်မှုမှာ ရဲအရာရှိတွေတော့ ဒဏ်ရာရခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

ပစ်ခတ်မှုတွေဟာ ဒီဇင်ဘာလ ၁ရက်နေ့  ဒေသစံတော်ချိန် မနက် ၃ နာရီနဲ့ မိနစ် ၂၀ ခန့်က နာမည်ကျော် Bourbon လမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“သေနတ်ပစ်သံ အနည်းဆုံး ၆ ချက်လောက်ကို ကြားလိုက်တယ်။ လူက အရမ်း များနေတော့ ဘယ်ကနေပစ်လိုက်တယ် ဆိုတာကို သေချာ မတွေ့ရဘူး။ လူတွေ အရမ်းကြောက်ပြီး ထွက်ပြေးကြတယ်။ လုံခြုံမယ် ထင်ရတဲ့ နေရာကို ပြေးကြရင်း တယောက်ပေါ် တယောက် လဲကျကုန်တာတွေလည်း တွေ့ရတယ်”လို့ အမည်ဖော်ပြလိုခြင်း မရှိတဲ့ သက်သေတဦးက ပြောပါတယ်။

တာဝန်ရှိသူတွေက ပစ်ခတ်မှုအပြီးမှာ ၁၁ ဦး ဒဏ်ရာရရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် တနင်္ဂနွေနေ့မှာတော့ ၁၀ ဦးသာ ဒဏ်ရာ ရရှိကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားချိန်ဟာ လူဝီစီယားနားပြည်နယ်ရဲ့ တက္ကသိုလ်တွေဖြစ်တဲ့ Grambling State University နဲ့  Southern University တို့ရဲ့ ဘောလုံးယှဉ်ပြိုင်မှုကို လာရောက်ကြည့်ရှုမယ့် ပရိသတ်ပေါင်း သောင်းကျော်ဟာ နယူးအော်လန်ကို ရောက်ရှိနေကြတာလည်း ဖြစ်ပါတယ်။

နယူးအော်လန်မြို့ရဲ့ မြို့တော်ဝန်ကတော့ ဒီလိုပစ်ခတ်မှု ဖြစ်ပွားတာဟာ အားလပ်ရက်တွေကို အကျည်းတန်စေတယ်လို့ ပြောဆိုခဲ့ပါတယ်။ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတွေကို လက်နက် ကိုင်ဆောင်ခွင့် ပေးထားတဲ့ အမေရိကန်နိုင်ငံမှာ လူအုပ်အတွင်း သေနတ်ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပြီး တနှစ်မှာ လူ ၄၀,၀၀၀ ခန့် သေဆုံးတယ်လို့ သိရပါတယ်။

Ref. BBC, CNN

You may also like these stories:

နိုင်ငံတကာခရီးသွားတွေ သဘောကျနှစ်ခြိုက်တဲ့ အာရှတိုက်ရဲ့ နေရာများ

Loading