Trend

ကမ္ဘာ့စိတ်ချမ်းသာ ပျော်ရွှင်ရဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၁ ဖြစ်လာတဲ့ ဖင်လန်နိုင်ငံ

နှစ်စဉ် ကောက်ယူနေကျ စစ်တမ်းတွေအရ ဖင်လန်နိုင်ငံ(Finland) ဟာ ကမ္ဘာပေါ်မှာ စိတ်ချမ်းသာ ပျော်ရွှင်ရဆုံး နိုင်ငံဖြစ်လာခဲ့ပြီး ဆန့်ကျင်ဘက်အနေနဲ့ ဘူရန်ဒီနိုင်ငံ (Burundi) ကတော့ ဒီစစ်တမ်းဇယား အောက်ဆုံးမှာ တည်ရှိနေခဲ့ပါတယ်။

ကုလသမဂ္ဂက ဦးဆောင်ပြီး ၁၅၆ နိုင်ငံရဲ့ GDP တန်ဖိုး၊ ကျန်းမာရေးထောက်ပံ့ပေးနိုင်မှု၊ ပေးကမ်းရက်ရောမှု၊ အကျင့်ပျက်ခြစားမှု၊ လူမှုအသိုင်းအဝိုင်း လွတ်လပ်ခွင့်စတဲ့ စံနှုန်းထားတွေကို ကြည့်ပြီး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

မနှစ်တုန်းက အဆင့် ၅ နေရာမှာရှိတဲ့ ဖင်လန်နိုင်ငံက ဒီနှစ်မှာတော့ နော်ဝေနိုင်ငံ (Norway) ကို ကျော်ဖြတ်ပြီး ပထမ နေရာ ယူနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ စိတ်ချမ်းသာရဆုံး နိုင်ငံ ၁၀ နိုင်ငံကို ထိပ်ဆုံးက စကြည့်ရင် ဖင်လန်၊ နော်ဝေ၊ ဒိန်းမတ်၊ အိုက်စ်လန်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ကနေဒါ၊ နယူးဇီလန်၊ ဆွီဒင်နဲ့ သြစတေးလျတို့ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံထဲမှာ စင်ကာပူက အဆင့် ၃၄ နေရာကို ရရှိခဲ့ပြီး မလေးရှားက အဆင့် ၃၅ မှာ ရှိနေခဲ့ပါတယ်။ အမေရိကန်နိုင်ငံကတော့ နိုင်ငံချမ်းသာ လာလေလေ စိတ်ချမ်းသာမှု လျော့နည်းလာလေ ဖြစ်နေတာ တွေ့ရပါတယ်။ ယခင်နှစ်၊ အဆင့် ၁၄ ကနေ ဒီနှစ်မှာ အဆင့် ၁၈ အထိ ကျဆင်းသွားခဲ့ပြီး ဗြိတိန်က အဆင့် ၁၉ နဲ့ ယူအေအီး နိုင်ငံက အဆင့် ၂၀ အသီးသီး တည်ရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ တဦးချင်း ဝင်ငွေမှာ မနှစ်ကထက် တိုးတက်လာခဲ့ပေမယ့် အဝလွန်ခြင်း၊ ဆေးလွန်ခြင်းနဲ့ စိတ်ကျ ရောဂါ စတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် အဆင့်ကျသွား ခဲ့ရတာပါ။ ဆီးရီးယားနိုင်ငံကတော့ ၇ နှစ်ကြာ ဖြစ်ပွား နေတဲ့ ပြည်တွင်းစစ်ကြောင့် စိတ်ချမ်းသာ ပျော်ရွှင်မှုဇယားရဲ့ အောက်ဆုံးမှာ ရပ်တည်နေရဆဲပါ။

Ref: Reuters

Loading